Search on this blog

Search on this blog

self compassion

တခါတရံမှာ ကိုယ့်အနီးအနားက လူတွေကို ချစ်ခြင်းမေတ္တာတွေ ပေးဖို့ ကြိုးစားနေကြပေမယ့် ကိုယ့်ကိုယ်တိုင်အတွက် တော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာခြင်း၊ စာနာနားလည်ခြင်း နဲ့ ဂရုစိုက်တတ်ခြင်းကလည်း ကိုယ့်ရဲ့ စိတ်ကျန်းမာရေး အခြေအနေ ပေါ်မှာ များစွာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာတတ်ခြင်း (Self-compassion) ရဲ့ အရေးပါပုံနဲ့ Self-compassion ကို ဘယ်လိုနည်းလမ်းတွေနဲ့ တည်ဆောက်သင့်လဲ ဆိုတဲ့ အချက်တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။​ 

ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာတတ်ခြင်း (Self-compassion) ရဲ့ အကျိုးကျေးဇူးများ 

(၁) စိတ်ဓါတ်ကြံ့ခိုင်သန်မာတယ် 

Self-compassion ကို ပုံမှန် လေ့ကျင့်ပေးမယ်ဆိုရင် ဘဝမှာ ကြုံရတဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ပိုမိုကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာတတ်တဲ့ လူတစ်ယောက်ဟာ အဆိုးဘက်ကို သွားတဲ့ အတွေးတွေထဲမှာ နစ်မြုပ်နေမယ့်အစား ကိုယ့်ရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ဆုံးရှုံးမှုတွေကို နားလည် လက်ခံလာမယ်၊ ဒီသင်ခန်းစာတွေကနေ သင်ယူပြီး ပြန်လည်ရုန်းထဖို့ ကြိုးစားဖြစ်လာမှာ ဖြစ်ပါတယ်။ 

(၂) စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျမှုတွေ နည်းတယ် 

ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာစိတ်များတဲ့ သူတစ်ဦးဟာ အကောင်းဘက်ကို အမြဲတွေးလေ့ရှိသလို ကိုယ့်ကို စိတ်ပင်ပန်းစေမယ့် စိတ်ဖိစီးစေမယ့် အရာတွေကို ဖယ်ရှားဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ များသောအားဖြင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ရော ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ဖြစ်လေ့ ရှိတာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ကြသူတွေ ဖြစ်ကြပါတယ်။ 

(၃) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တယ် 

ကိုယ့်ကိုကိုယ် ကြင်နာနားလည်တတ်တဲ့သူဟာ တခြားသူတွေအပေါ် ဆက်ဆံတဲ့အခါမှာလည်း နူးညံ့ ညှင်သာလေ့ရှိပြီး ကိုယ်ချင်းစာစိတ် ထားလေ့ ရှိပါတယ်။ အထူးသဖြင့် ဒီလို လူတွေဟာ တခြားသူတွေနဲ့ ပဋိပက္ခ မဖြစ်အောင်လို့ ရှောင်ရှားလေ့ ရှိကြတာကြောင့် လူမှုဆက်ဆံရေးမှာ အဆင်ပြေသူတွေ ဖြစ်ကြပါတယ်။  

(၄) ဘဝကို ကျေနပ်စွာ ဖြတ်သန်းဖြစ်ကြတယ် 

ကိုယ့်ကိုကိုယ် ချစ်ခင် ကြင်နာစိတ်များသူတွေဟာ ဘဝမှာ အကောင်းတွေ၊ အောင်မြင်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကိုယ့်ကိုကိုယ် အားပေးချီးမြောက်သလို ကျရှုံးမှု၊ စိတ်ဓါတ်ကျမှုနဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ကြုံခဲ့ရရင်လည်း ကိုယ့်ကိုကိုယ် စာနာနားလည်တတ်ပြီး အကောင်းဘက်ကနေ ဖြည့်တွေးတတ်တဲ့ စိတ်ဓါတ်ရှိပါတယ်။ ဒါ့ကြောင့်လည်း ဒီလိုလူတွေဟာ သူတို့ရဲ့ ဘဝကို များသောအားဖြင့် ကျေနပ်စွာ ဖြတ်သန်းဖြစ်ကြသူတွေ လို့ ပြောနိုင်ပါတယ်။

(၅) ကိုယ့်ကိုကိုယ် ယုံကြည်လေးစားမှု မြင့်တက်စေတယ် 

ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာခြင်း (Self-compassion) မြင့်မားတဲ့သူတွေဟာ တခြားသူတွေနဲ့ နှိုင်းယှဥ်ခြင်းထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ ရှေ့ဆက်ပြီး ပိုကောင်းသထက် ကောင်းအောင် ကြိုးစားကြသူတွေ ဖြစ်ပါတယ်။ Self-compassion ရှိခြင်းအားဖြင့် ကိုယ်တိုင်ရဲ့ ထိုက်တန်မှုကို အသိအမှတ်ပြုခြင်း၊ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို နားလည်လက်ခံခြင်း အပြည့်အဝ ရှိတာကြောင့် self-esteem လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်လေးစားမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။ 

ကိုယ့်ကိုကိုယ်ချစ်ခင် ကြင်နာတတ်လာအောင် လေ့ကျင့်ပေးနိုင်တဲ့ နည်းလမ်း (၁၀) ခုကတော့ 

(၁) ကိုယ့်ကိုကိုယ် ကြင်နာစွာ စကားပြောဆိုပါ

(၂) နေ့စဥ် ကျေးဇူးတင်ပါ 

(၃) တခြားသူတွေ အပေါ်မှာလည်း ချစ်ခင်မှု ပြသပါ 

(၄) နေ့စဥ် ကိုယ့်ရဲ့ အပြုအမူ ၊ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်ပါ 

(၅) ကိုယ့်ကိုကိုယ် ဂရုစိုက်ဖြစ်ပါစေ 

(၆) ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ကိုယ်တာဝန်ယူပါ 

(၇) Mindfulness ကို လေ့ကျင့်ပါ 

(၈) ကိုယ်ဝါသနာပါရာအတွက် အချိန်ပေးပါ 

(၉) သဘာဝနဲ့ အချိန်ကုန်ဆုံးပါ 

(၁၀) မျှော်မှန်းချက်တွေ ထားရှိပါ 

သင်က ကိုယ့်ကိုကိုယ် ချစ်ခင်ကြင်နာတတ်တဲ့ သူတစ်ယောက်ဖြစ်တယ် ဆိုရင် သင့်ရဲ့ ဘဝက ပိုနေပျော်စရာ ကောင်းသလို သင့်မှာ အကောင်းမြင်စိတ်တွေလည်း များနေမှာ အသေချာပါပဲ၊ အထူးသဖြင့် ဒီလို ချစ်ခင်ကြင်နာတတ်ခြင်းက ကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးအားဖြင့် လည်း များစွာ အကျိုးသက်ရောက်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ့်အနီးအနားက လူတွေဆီက ချစ်ခြင်းမေတ္တာတွေကို တောင်းခံနေမယ့်အစား ကိုယ့်အတွက် ချစ်ခင်ကြင်နာမှုကို ကိုယ့်ကိုကိုယ် အကောင်းဆုံးပေးနိုင်တဲ့အကြောင်းကို မျှဝေလိုက်ရပါတယ်။ 

သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်