Search on this blog

Search on this blog

types of anger

လူတိုင်းရဲ့ နေ့စဥ်ဘဝမှာ ဒေါသထွက်စရာ အခြေအနေတွေကို တကြိိမ်တခါ မက ကြုံကြရလေ့ ရှိပေမယ့် ဒေါသအမျိုးအစား ကတော့ မတူညီနိုင်ပါဘူး။ ဥပမာအားဖြင့် Passive anger (သွယ်ဝိုက်ဒေါသ) ၊ Aggressive anger (ပေါက်ကွဲတတ်တဲ့ ဒေါသ) နဲ့ Suppressed Anger (ဖုံးကွယ်ဒေါသ) ဆိုပြီး ဒေါသအမျိုးအစားတွေ ကွဲပြားသွားတာနဲ့အမျှ ထိန်းချုပ်နည်းတွေ မတူညီနိုင်တာကြောင့် ဒီတမျိုးချင်းစီအကြောင်းကို အသေးစိတ်အနေနဲ့ ဒီကနေ မျှဝေပေးချင်ပါတယ်။ 

(၁) Passive Anger (သွက်ဝိုက်ဒေါသ) 

ကိုယ့်အနေနဲ့ တစုံတခုကြောင့် ဒေါသထွက်နေတယ်၊ ဒါပေမယ့် လူတွေမြင်သာအောင် ထုတ်ဖော်ပြသခြင်း မရှိပဲ အပြုအမူတွေကတဆင့် နည်းလမ်းအမျိုးမျိုးနဲ့ သွယ်ဝိုက်ဖော်ပြတာကို Passive Anger (သွယ်ဝိုက်ဒေါသ) လို့ ပြောလေ့ရှိပါတယ်။ Passive Anger ရဲ့ လက္ခဏာတွေကတော့ ဒေါသအလျောက် စောင်းရွဲ့ပြီး ပြောဆိုတာ၊ အလုပ်တာဝန်တွေကို ရွှေ့ဆိုင်းတာ၊ အပြန်အလှန် မဆက်သွယ်တာ၊ စတာတွေ ဖြစ်တတ်ပြီး ဒေါသထွက်နေကြောင်းကို သိသိသာသာ ဖော်ပြလေ့ မရှိပါဘူး။ Passive anger ခံစားနေရသူတွေအနေနဲ့ တခါတရံမှာ ကိုယ့်ရဲ့ လက်ရှိခံစားချက်တွေကို ကိုယ်တိုင်မေ့လျော့တတ်ပြီး အချိန်ကြာကြာ မဖြေရှင်းဖြစ်တာ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ နောက်ဆက်တွဲ အနေနဲ့ ရေရှည် စိတ်မကျေနပ်မှု၊ စိတ်ပူပန်မှုအပြင် တခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ကြုံရလေ့ ရှိပါတယ်။ 

(၂) Aggressive Anger (ပေါက်ကွဲဒေါသ) 

ဒေါသကြောင့် စိတ်လိုက်မာန်ပါ ပြုမူမိတယ်၊ ဒေါသ ရုတ်တရက် ပေါက်ကွဲရာကနေ ကိုယ်တိုင်နဲ့ တခြားသူတွေပေါ်မှာ ထိခိုက်မှုတွေ တိုက်ရိုက် ဖြစ်လာတယ် ဆိုတာဟာ Aggressive Anger ကြောင့် ကြုံတွေ့ရခြင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်တိုပြီး အော်တာ၊ ကြမ်းတမ်းတဲ့ စကားတွေ ပြောတာ၊ ကိုယ်ထိလက်ရောက် ပြုမူတာ၊ တပါးသူကို အပြစ်တင်တာ၊ ခြိမ်းခြောက်တာအပါအဝင် နောက်ဆက်တွဲ ပြဿနာတွေကို ထည့်မစဥ်းစားပဲ အလျင်အမြန် ပြုမူတာတွေ လုပ်လေ့ရှိပါတယ်။ ဒီလို ဒေါသအမျိုးအစားဟာ အချိန်တိုအတွင်းမှာ ကာယကံရှင်နဲ့ တခြားသူတွေအပေါ်မှာ သက်ရောက်မှု ပြင်းထန်နိုင်လို့ အထူးထိန်းချုပ်ရမယ့် ဒေါသအမျိုးအစားလို့ ပြောရမှာ ဖြစ်ပါတယ်။ 

(၃) Suppressed Anger (ဖုံးကွယ်ဒေါသ) 

ကိုယ့်ရဲ့ ဒေါသကို ဖော်ထုတ်ခြင်းမရှိပဲ ခံစားချက်တွေကို လျှို့ဝှက်သိမ်းဆည်းခြင်းကို Suppressed Anger (ဖုံးကွယ်ဒေါသ) လို့ ပြောလေ့ရှိပါတယ်။ အထူးသဖြင့် တချို့လူတွေဟာ ဒေါသရဲ့ ဆိုးပြစ်ကို သဘောပေါက်နားလည်တယ်၊ ဒေါသကြောင့် အမှားလုပ်မိမှာကို စိုးရိမ်တယ်၊ ဒါပေမယ့် ဒေါသကို ဖြေရှင်းတာမျိုးမဟုတ်ပဲ လျစ်လျူရှုပြီး ဖုံးကွယ်ဖို့ ကြိုးစားကြတာဟာ Suppressed Anger ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး မဖြေရှင်းပဲ အတွင်းစိတ်ထဲမှာ ဖုံးအုပ်ထားခြင်းက နောက်ဆက်တွဲ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာအားဖြင့် ဒေါသကြောင့် ပြင်းထန်တဲ့ အပြုအမူတွေကို မပြုလုပ်မိအောင် ဖုံးကွယ်နိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အနေနဲ့ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ နာကျင်မှု ခံစားရတာ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဝမ်းနည်းတာ၊ စိတ်ဓါတ်ကျတာ၊ စိတ်မလုံခြုံမှုကို ခံစားရတာ၊ ခံစားချက်တွေကို ဖုံးကွယ်မိရာကနေ တခြားသူများနဲ့ ဝေးကွာလာတာ စတာတွေ ခံစားရနိုင်ပါတယ်။ 

ဒီလိုမျိုး ဒေါသရဲ့ အမျိုးအစား တွေ ကွဲပြားတဲ့အခါမှာ သက်ရောက်မှုတွေ မတူညီနိုင်သလို သတိပြုရမယ့် အချက်တွေလည်း  ကွဲပြားနိုင်ပါတယ်။ Passive Anger ကို ထိန်းချုပ်ရာမှာ တိုက်ရိုက်ပွင့်လင်းမြင်သာမှု ရှိဖို့လိုပြီး ၊ Aggressive Anger ဖြစ်တတ်သူတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ ဒေါသကြောင့် စိတ်လိုက်မာန်ပါ မပြုမူမိအောင် တားဆီးဖို့ လိုအပ်ပါတယ်။ Suppressive Anger ရှိတတ်သူတွေအနေနဲ့လည်း တခါတရံမှာ ကိုယ့်ရဲ့ဒေါသကို ဖုံးကွယ်ရာကနေ မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်တာကို သဘောပေါက်ထားပြီး ဒေါသကို ဖြေရှင်းထားဖို့ လိုပါတယ်။ 

တကယ်လို့ ဒေါသထိန်းချုပ်ရာမှာ အခက်အခဲရှိနေတယ်၊ ဒေါသကြောင့် သင့်ရဲ့ နေ့စဥ်ဘဝမှာ ဆိုးကျိုးတွေ မကြာခဏ ဖြစ်နေတယ် ဆိုရင်တော့ Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်