
လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ခံစားမှုဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတဲ့ စိတ်ရောဂါတွေအကြောင်းကို စနစ်တကျ လေ့လာတဲ့ စိတ်ပညာရပ်က Clinical Psychology ဘာသာရပ် ဖြစ်ပါတယ်။ အထူးသဖြင့် ခံစားနေရတဲ့ ရောဂါလက္ခဏာ အလိုက် ဖြစ်နိုင်ချေရှိတဲ့ စိတ်ရောဂါတွေကို ရှာဖွေ ဖော်ထုတ်ပြီး ရောဂါအခြေအနေကို သက်သာစေဖို့ လေ့လာကုသပေးတဲ့ ဘာသာရပ်တခု ဖြစ်ပြီး စိတ်ပညာလောကမှာ အလွန် အရေးပါတဲ့ ဘာသာတခုလို့လည်း ပြောရမှာ ဖြစ်ပါတယ်။
Clinical Psychology ဘာသာရပ်ရဲ့ အဓိကအစိတ်အပိုင်းများ
(၁) စိတ်ရောဂါများကို ရှာဖွေ ဖော်ထုတ်ခြင်း
Clinical Psychology ဘာသာရပ်မှာဆိုရင် လက်ရှိခံစားနေရတဲ့ ရောဂါလက္ခဏာနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ရှာဖွေ ဖော်ထုတ်တဲ့ အပိုင်းတွေ အဓိကပါဝင်နေပါတယ်။ ဒီလို ရှာဖွေ ဖော်ထုတ်တဲ့ အခါမှာ ကာယကံရှင်ကို မေးခွန်းတွေ မေးမြန်းတာ၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်တာ၊ ထိုသူရဲ့ အပြုအမူတွေကို ဆန်းစစ်လေ့လာတာစတာတွေ ပြုလုပ်ခြင်းအားဖြင့် ရောဂါနာမည်တပ်နိုင်ဖို့ ကြိုးစားကြတာဖြစ်ပြီး ရောဂါကို တိတိကျကျ သိရှိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ အဖြေရှာကြတာ ဖြစ်ပါတယ်။
(၂) စိတ်ရောဂါ ကုသခြင်း
စိတ်ရောဂါတွေကို အဖြေရှာဖော်ထုတ်ပြီးနောက်မှာတော့ နောက်တစ်ပိုင်းအနေနဲ့ ကုသတဲ့အပိုင်းဖြစ်ပါတယ်။ Clinical Psychology ဘာသာရပ်မှာ လူတစ်ဦးချင်းစီ၊ စုံတွဲ၊ မိသားစုနဲ့ အဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ကုသကြတာလည်း ရှိပါတယ်။ ဒီ ဘာသာရပ်ကို အသုံးချပြီး ကုသတဲ့အခါမှာ သုတေသနတွေ၊ ရှာဖွေ့တွေ့ရှိချက်တွေနဲ့ အခိုင်အမာရှိပြီးသား အချက်အလက်တွေကို အသုံးချတာဖြစ်လို့ သိသာတဲ့ ပြောင်းလဲမှု ရလဒ်တွေကို ရရှိနိုင်ဖို့ ကူညီပေးပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ခြင်း
Clinical Psychology ဘာသာရပ်ကို လေ့လာသူတွေအနေနဲ့ လူအဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်းမွန်စေဖို့ ကူညီရာမှာလည်း တစိတ်တပိုင်း အနေနဲ့ ပါဝင်ကြလေ့ ရှိပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတွေကို ထိရောက်စွာ ထိန်းချုပ်ခြင်း၊ နေ့စဥ် ကြုံတွေ့ရနိုင်တဲ့ စိတ်ခံစားချက်တွေကို ကူညီဖြေရှင်းခြင်း၊ စိတ်ခံစားချက်အလိုက် ပြုလုပ်နိုင်တဲ့ အပြုအမူတွေကို ထိန်းချုပ်ခြင်း စတာတွေကလည်း ဒီဘာသာရပ်မှာ ပါဝင်နေတာကို တွေ့ရပါတယ်။
(၄) စိတ်ပညာ သုတေသနများ ပြုလုပ်ခြင်း
စိတ်ပညာကုသမှုတွေကို သင့်လျော်စွာ ကုသနိုင်ဖို့အတွက်နဲ့ အသစ်အသစ်သော ကုသမှု၊ ရောဂါရှာဖွေမှုတွေကို လေ့လာနိုင်ဖို့အတွက် ဆိုရင် စိတ်ပညာဆိုင်ရာ သုတေသနတွေ ပြုလုပ်ဖို့ကလည်း အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ Clinical Psychologist တွေဟာ စိတ်ပိုင်းဆိုင်ရာ သုတေသနတွေကို အမြဲ လေ့လာဆန်းစစ်နေကြပြီး ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေအတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
(၅) လူမှုရေးဆိုင်ရာ ပြဿနာများကို ကာကွယ်ကုသခြင်း
Clinical Psychology ဘာသာရပ်ကို အသုံးချခြင်းအားဖြင့် လူတွေရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို ပိုမို လေ့လာနိုင်မှာ ဖြစ်သလို လူမှုဘဝမှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ရာမှာလည်း ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Clinical Psychology မှာဆိုရင် လူမှုရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာတွေ ကို လျော့ပါးသက်သာစေဖို့အတွက် နည်းလမ်းတွေကို စနစ်တကျ အဖြေရှာကြတဲ့ အပိုင်းတွေလည်း ပါဝင်နေပါတယ်။
Clinical Psychology မှာ အသုံးပြုတဲ့ စိတ်ပညာကုထုံးများ
(၁) Psychotherapy (Talk Therapy)
စိတ်ရောဂါ ခံစားနေရသူတွေနဲ့ အတူ စကားပြောဆိုပေးပြီး သူတို့ရဲ့ အတွေး၊ ခံစားချက်နဲ့ အပြုအမူတွေကို ကူညီဖော်ထုတ်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးတဲ့ ကုထုံးကိုတော့ Talk Therapy လို့ ပြောတာ ဖြစ်ပါတယ်။
(၂) သိမှု အပြုအမူဆိုင်ရာ ကုထုံး (Cognitive Behavioral Therapy)
လူတွေရဲ့ အတွေးတွေ၊ အထူးသဖြင့် အဆိုးဘက်ကို သွားနေတဲ့ အတွေးတွေကို ပြောင်းလဲပြီးနောက် အပြုအမူကို ပြုပြင်ရာကနေ စိတ်ကျန်းမာရေး ပြဿနာတွေကို ကုသပေးတဲ့ နည်းလမ်းတခုကတော့ သိမှု အပြုအမူဆိုင်ရာ ကုထုံးဖြစ်ပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာ ထိန်းညှိကုသခြင်း အပြုအမူဆိုင်ရာ ကုထုံး (Dialectical Behavior Therapy (DBT))
လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ပြီးနောက် နေ့စဥ်ဘဝမှာ ခံနိုင်ရည်ရှိနိုင်ဖို့ ၊ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေ ချောမွေ့နိုင်ဖို့ ကူညီပေးတဲ့ ကုထုံးကတော့ Dialectical Behavior Therapy (DBT) ကုထုံးဖြစ်ပါတယ်။
ဒီကုထုံးတွေအပြင် တခြားသော ကုထုံးများစွာ ကိုလည်း Clinical Psychology နယ်ပယ်မှာ အသုံးပြုပြီး စိတ်ရောဂါ ကုသလေ့ ရှိကြပါတယ်။ ဒီဘာသာရပ်ကို လေ့လာလိုသူတွေအနေနဲ့ အခြေခံအနေနဲ့ စိတ်ပညာရပ် (Psychology) ကို လေ့လာထားဖို့ လိုသလို Clinical Psychology အတွက် တကယ့် လူနာတွေ၊ စိတ်ရောဂါ ခံစားနေရသူတွေနဲ့ လက်တွေ့လေ့လာကုသမှုများစွာကို လေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Call Me Today မှာဆိုရင် Clinical Psychology အပါအဝင် တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873