Search on this blog

Search on this blog

supporting someone with addiction

စွဲလမ်းခြင်း (Addiction) ကို လက်တွေ့ ကြုံရတဲ့အခါမှာ ချစ်ခင်ရသူ မိသားစုဝင်တွေရဲ့ အားပေးကူညီမှု ကလည်း အလွန်အရေးပါပါတယ်။ အထူးသဖြင့် ချစ်ခင်ရသူတွေရဲ့ နားလည်မှု၊ ကူညီဖေးမမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေဟာ Addiction ကို လျော့ပါးသက်သာစေတဲ့ ခရီးစဥ်မှာ များစွာ အထောက်အပံ့ဖြစ်နိုင်ပါတယ်။ သင်ချစ်ရသူ ဒါမှမဟုတ် မိသားစုဝင်အနေနဲ့ Addiction ပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတာကို မျှဝပေးချင်ပါတယ်။ 

(၁) ကိုယ်တိိုင် လေ့လာပါ 

များသောအားဖြင့် တစ်စုံတရာကို စွဲလမ်းခြင်း (Addiction) ခံစားနေရသူကို အကျင့်စာရိတ္တပျက်ပြားသူ၊ လူမှုပတ်ဝန်းကျင်မှာ အရာမဝင်သူ အနေနဲ့ ယူဆကြပြီး ပတ်ဝန်းကျင်နဲ့ မိသားစုက ပစ်ပယ်ထားလေ့ရှိကြပါတယ်။ တကယ်တော့ Addiction ဟာ နာတာရှည် ရောဂါတစ်ခုပဲ ဖြစ်သလို Addiction ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာ ရှိတယ်ဆိုတာကို ကိုယ်တိုင် သဘောပေါက်လေ့လာထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကိုယ်ချစ်ရသူရဲ့ စွဲလမ်းမှု အခြေအနေကို နားလည်ပြီး ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၂) နွေးထွေးစွာ ဆက်ဆံပေးပါ 

Addiction ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာနဲ့ အဖက်ဖက်ကနေ အဆင်မပြေမှုတွေ ပြည့်နှက်နေချိန်မှာ လိုအပ်တာကတော့ ချစ်ခင်သူတွေရဲ့ နွေးထွေးတဲ့ ကြင်နာမှုပဲ ဖြစ်ပါတယ်။ စွဲလမ်းခြင်းကို ခံစားနေရသူကို ဝေဖန်အပြစ်တင်တာမျိုး ၊ ကဲ့ရဲ့ ရှုပ်ချတာမျိုး ဟာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာနဲ့ နာကျင်အောင် ပြုလုပ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အနီးအနားမှာ ရှိတဲ့ ချစ်ခင်ရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ အားဖြင့် အားပေးကူညီမှုတွေ ပြုလုပ်ပေးသင့်သလို ခွဲခြားဆက်ဆံတာမျိုးတွေကို တတ်နိုင်သလောက် ရှောင်ဖို့ လိုပါတယ်။ 

(၃) လိုအပ်ပါက ပညာရှင်နဲ့ ချိတ်ဆက်ပေးပါ

တချို့သော Addiction ပြဿနာတွေဟာ ကိုယ်တိုင် ဖြေရှင်းဖို့ ခက်ခဲသလို နည်းဗျုဟာ စနစ်တကျနဲ့ အချိန်ယူ ဖြေရှင်းရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတရံမှာ Addiction နဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပိုဆိုးလာတယ်၊ ဖြေရှင်းရခက်ခဲတဲ့ အခြေအနေ မှာ ရှိနေတယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင် နဲ့ သေချာ တိုင်ပင်ဖို့ လိုပါတယ်။ တခါတရံမှာ စိတ်ပိုင်းဆိုင်ရာ အားဖြင့် ကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း လိုအပ်လာနိုင်ပါတယ်။ 

(၄) စိတ်ရှည်သည်းခံပြီး အချိန်ယူပါ 

Addiction ကို သက်သာလျော့ပါးအောင် နည်းမျိုးစုံသုံးပြီး ကုသနေတဲ့ အချိန်အတွင်းမှာပဲ ကာယကံရှင်အနေနဲ့ withdrawal symptoms တွေကို မခံစားနိုင်တာ၊ ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် ပြန်လည် စွဲလမ်းပြီး ဆက်လုပ်ဖြစ်တာ၊ စတဲ့ အခြေအနေတွေကို ကြုံလာနိုင်ပါတယ် ။ ဒီအခြေအနေကို မိသားစုဝင် အနေနဲ့ နားလည်ပြီး စိတ်ရှည်သည်းခံပေးဖို့ လိုပါတယ်။ အချိန်ယူပြီး ဖြေရှင်းရတာ ဖြစ်တာကြောင့် အတူတူရင်ဆိုင်ပြီး ကူညီဖေးမဖို့လည်း လိုပါတယ်။ 

(၅) Addiction ပိုဆိုးစေမယ့် အရာတွေကို ဖယ်ရှားပေးပါ 

တချို့သော Addiction စွဲလမ်းမှု ပြဿနာတွေ ဟာ မိသားစု၊ အပေါင်းအသင်းပေါ်မှာလည်း တစိတ်တပိုင်း မူတည်နေနိုင်ပါတယ်။ ဥပမာအားဖြင့် ဆေးစွဲနေတဲ့သူကို ဆေးဝယ်ဖို့ ငွေကြေးကူညီတာတွေ၊ ဂိမ်းစွဲလမ်းနေသူကို ဂိမ်းပိုဆော့ဖြစ်အောင် အခြေအနေ ဖန်တီးပေးနေတာတွေ အရက်စွဲလမ်းမှုကြောင့် ဒုက္ခရောက်နေသူကို အရက်ဝယ်ပေးပြီး နှစ်သိမ့်တာတွေဟာ မလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစု ၊ ချစ််ခင်ရသူ ကိုယ်တိုင်ကလည်း စွဲလမ်းမှု တွေကို ပိုမဆိုးအောင် တားမြစ်ပေးဖို့ လိုပါတယ်။ 

တချို့သော Addiction စွဲလမ်းမှုတွေဟာ မလွဲရှောင်သာတဲ့ အခြေအနေတစ်ခုကနေ စတင်ခဲ့ပြီး ပြန်လည် ရုန်းထွက်ဖို့ ခက်ခဲတဲ့ အဆင့်အထိ ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ပုံမှန် အနေအထားတစ်ခု ဖြစ်အောင် ပြန်လည်တည်ဆောက်ဖို့အတွက် ဆိုရင် မိသားစုရဲ့ အကူအညီ ၊ အထောက်အပံ့ဟာ များစွာ လိုအပ်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပြန်လည် သန်မာလာအောင် ကူညီရာမှာ မိသားစုရဲ့ နွေးထွေးမှုတွေက အလွန်အရေးပါကြောင်း မျှဝေလိုက်ရပါတယ်။ 

သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။