Search on this blog

Search on this blog

image
image

မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာဖြစ်တာနဲ့အညီ ကလေးတစ်ယောက်ရဲ့ ကနဦးဘဝအစကနေ ကျန်ရှိတဲ့ ဘဝတစ်လျှောက်မှာ ပြုမူတဲ့ ပုံစံ၊ စာရိတ္တနဲ့ အကျင့်စရိုက်တွေဟာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုပုံစံပေါ်မှာ များစွာမူတည်နေပါတယ်။ ကလေး ပြုစုပျိုးထောင်နည်းတွေဟာ ပုံစံများစွာကွဲပြားသလို မိဘအုပ်ထိန်းသူ တစ်ဦးစီရဲ့ ချည်းကပ်မှုပုံစံတွေဟာ မတူညီနိုင်ပါဘူး။ ဒါကြောင့် လူသိများပြီး အများစုအသုံးပြုကြတဲ့ ကလေးပြုစုပျိုးထောင်နည်း ပုံစံ (၄) မျိုးကို ဒီကနေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

(၁) Authoritarian Parenting 

အမိန့်အာဏာပေးသဘောမျိုးနဲ့  ပြန်လည် အထွန့်တက်ခွင့်မရှိတဲ့ အုပ်ထိန်းမှုကိုတော့ Authoritarian parenting လို့ပြောလေ့ရှိကြပါတယ်။ များသောအားဖြင့် Authoritarian Parenting ကို အသုံးပြုတဲ့ မိဘအုပ်ထိန်းသူတွေဟာ သားသမီးတွေအပါ်မှာ မျှော်မှန်းချက် ကြီးကြီးမားမား ထားလေ့ရှိကြသလို အမှားအယွင်းပြုလုပ်တာကို လက်ခံဖို့ ခဲယဥ်းလေ့ရှိကြပါတယ်။ အတိမ်းအစောင်း အမှားအယွင်း ဖြစ်တဲ့အခါမှာ အပြစ်ပေးပြီး ပြုပြင်လေ့ရှိကြပါတယ်။ ဒီလို ထိန်းကျောင်းမှုကနေ ကြီးပြင်းလာကြတဲ့ ကလေးတွေဟာ များသောအားဖြင့် စည်းကမ်းလိုက်နာလေ့ရှိကြပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို ပိုမိုရရှိနိုင်ကြတယ်ဆိုပေမယ့် တဖက်မှာလည်း ဒေါသကြီးတာ၊ စိတ်တိုစိတ်ဆိုးတာ၊ မကျေနပ်ဖြစ်လွယ်တာတွေ ဖြစ်တတ်လေ့ရှိကြပါတယ်။ ဒါတင်မကပဲ Authoritarian Parenting Style ကြောင့် ကလေးတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်တာတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်လေးစားမှု ပျောက်ကွယ်တာတွေ ဖြစ်တတ်တာကိုလည်း တွေ့ရပါတယ်။ 

(၂) Authoritative Parenting 

သားသမီးကို ကိုင်တွယ်ရာမှာ ပျော့ပျောင်းတယ် ဒါပေမယ့် စည်းကမ်းတကျနဲ့ လိုက်နာလိုစိတ်ဖြစ်လာအောင် ရှင်းလင်းပြသတဲ့ နည်းကိုတော့ Authoritative parenting လို့ ပြောကြပါတယ်။ မိဘတွေအနေနဲ့ သားသမီးပေါ်မှာ မျှော်လင့်ချက်တွေ ထားရှိကြသလို ဒီလို မျှော်လင့်ချက်ထားရတဲ့ အကြောင်းအရင်းကိုလည်း အကျိုးသင့် အကြောင်းသင့် ပြောပြလေ့ရှိကြပါတယ်။  Authoritative Parenting နဲ့ ထိန်းကျောင်းခံရတဲ့ ကလေးတွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရား၊ ရည်မှန်းချက်တွေကို ရှင်းလင်းစွာ သဘောပေါက်ကြသလို အတိမ်းအစောင်း အမှားအယွင်း မဖြစ်စေဖို့ သူတို့ကိုယ်တိုင် သတိထားဆင်ခြင်လေ့ရှိကြပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားလာတယ်၊ တာဝန်ယူမှု ရှိကြသလို သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း မြင့်မားလေ့ရှိကြပါတယ်။ 

(၃) Permissive Parenting 

ကလေးတွေအပေါ်မှာ ရည်မှန်းချက် အကြီးကြီးတွေနဲ့ မချုပ်ကိုင်ထားပဲ နွေးထွေးမှုနဲ့ ဂရုစိုက်ကြင်နာမှုကို အသားပေးတဲ့ Parenting ကတော့ Permissive Parenting ဖြစ်ပါတယ်။ များသောအားဖြင့် ဒီလို နည်းလမ်းနဲ့ အုပ်ချုပ်တဲ့ မိဘတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ သားသမီးတွေကို ဆက်ဆံလေ့ရှိကြပြီး မိတ်ဆွေ သူငယ်ချင်းကဲ့သို့ ပြုမူလေ့ရှိကြပါတယ်။ အများအားဖြင့် ကိစ္စကြီးငယ်တွေမှာ ကလေးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပေးထားသလို ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို Permissive Parenting ပုံစံဟာ ကလေးတွေရဲ့ လူမှုဆက်ဆံရေးအပိုင်းတွေကို ဖွံ့ဖြိုးတိုးတက်စေသလို ကိုယ့်ကိုကိုယ် ယုံကြည်မှုကိုလည်း အားကောင်းစေပါတယ်။ ဒါပေမယ့် ကလေးတွေဟာ အမှားပြုလုပ်တတ်ကြတာ ရှိနိုင်သလို မိဘရဲ့ အုပ်ထိန်းမှုကို လုံလောက်စွာ မရနိုင်တဲ့ အနေအထားတွေကြောင့် အခက်တွေ့တာမျိုးလည်း ရှိနိုင်ပါတယ်။ 

(၄) Uninvolved Parenting 

ကလေးတွေကို လွတ်လပ်ခွင့် အပြည့်အဝပေးထားပြီး မိဘတစ်ယောက်အနေနဲ့ ပါဝင်စွက်ဖက်ခြင်းမျိုး လုံးဝမပြုလုပ်တာကို Uninvolved Parenting လို့ ပြောလေ့ရှိကြပါတယ်။ Uninvolved parenting ပုံစံဟာ ကလေးတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ် ဆိုပေမယ့် တခြားသော စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ နွေးထွေးမှုတွေ ကို လုံလုံလောက်လောက် မပေးတဲ့ ထိန်းကျောင်းမှု ပုံစံဖြစ်ပါတယ်။ ကလေးအပေါ်မှာ မျှော်လင့်ချက်ထားတာတွေ မရှိကြသလို ကလေးကို အနီးကပ်ထိန်းကျောင်း စောင့်ရှောက်မှု ကင်းမဲ့တဲ့ ပြုစုထိန်းကျောင်းမှု ပုံစံဖြစ်ပါတယ်။ ဒီလို ထိန်းကျောင်းခံရတဲ့ ကလေးတွေဟာ ခံနိုင်ရည်စွမ်းအား မြင့်မားကြသလို ကိုယ်တိုင် ထိန်းကျောင်းတတ်ကြပေမယ့် စိတ်ခံစားမှုကို မထိန်းချုပ်တတ်ကြသလို သင်ကြားရေးနဲ့ လူမှုဆက်ဆံရေးကစလို့ တချို့ အပိုင်းတွေမှာ အခက်အခဲများစွာ ရင်ဆိုင်ရလေ့ရှိကြပါတယ်။ 

ကလေးပြုစုပျိုးထောင်တဲ့ နည်းလမ်းတွေဟာ တသမတ်တည်း အသုံးပြုလို့မရသလို တခါတရံမှာ အခြေအနေနဲ့ ကလေးရဲ့ စရိုက်လက္ခဏာအရ နည်းလမ်းတွေကို လိုသလို ပေါင်းစပ်အသုံးပြုရတာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ မိဘရဲ့ ဉာဏ်အမျှော်အမြင်နဲ့ ကိုယ်ပိုင်ရွေးချယ်မှုပေါ်မှာ မူတည်ကြောင်း မျှဝေလိုက်ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

? : https://app.callmetoday.org/book

☎️ : 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်