Search on this blog

Search on this blog

fear of rejection

ငြင်းပယ်ခံရခြင်း ကို တချိန်မဟုတ် တချိန်တော့ လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ရဲ့အမြင် တွေကို ငြင်းပယ် ခံရတာ၊ ကိုယ့်ရဲ့ လုပ်ရပ် တွေကို ငြင်းဆန်ခြင်း ခံရတာ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို ငြင်းပယ်ခံရတာ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အငြင်းခံရတာ စတဲ့ အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်မှုတွေ အနည်းနဲ့ အများ ရင်ဆိုင်ကြရပါတယ်။ ဒီလို ငြင်းပယ်ခံရမှာ ကြောက်တဲ့ စိတ် (fear of rejection) တွေကြောင့်ပဲ တချို့သော အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေလည်း ရှိပါတယ်။ ဒီတော့ ဒီလို ငြင်းပယ်ခံရမှာ ကြောက်တဲ့စိတ်ကို ဘယ်လို ကျော်လွှားကြမလဲ ဆိုတာကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

(၁) ငြင်းပယ်ခံရခြင်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပါ 

တနေရာကနေ အငြင်းပယ်ခံရတယ်၊ လူတစ်ယောက်နဲ့ အမြင်သဘောထား ကွဲလွဲတာကြောင့် အသိအမှတ် ပြုခံရဖို့ လွဲချော်သွားတယ် ဆိုတာက အဆုံးသတ်တခု မဟုတ်ပဲ လမ်းစ တခု ဖြစ်နိုင်ပါတယ်။ အခြေအနေ တခုကနေ ငြင်းပယ်ခံရခြင်းဆိုတာက နောက်အခြေအနေ တခုကနေ လက်ခံဖြစ်ဖို့ အခွင့်အရေး ရတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ငြင်းပယ်ခံရတဲ့အခါ ဒီငြင်းပယ်ခံရခြင်းကို အခွင့်အလမ်း အနေနဲ့ ပြောင်းလဲ နိုင်စွမ်း ရှိဖို့ အရေးကြီးပါတယ်။ 

(၂) ဖြေးဖြေးချင်း တိုးတက်သွားဖို့ လေ့ကျင့်ပါ 

လူတိုင်းက အရာရာ ပြီးပြည့်စုံနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတိုင်းမှာ လိုအပ်ချက်တွေ ရှိနိုင်တယ်၊ အမှားအယွင်းတချို့ကို ပြင်ဆင်ရင်းနဲ့ ကြိုးစားရင်းနဲ့ပဲ ပိုကောင်းတဲ့ ရလဒ်တွေကို ပိုင်ဆိုင်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တချိန်တည်းမှာ ပြီးပြည့်စုံတယ် ဆိုတာမျိုးထက် ဖြေးဖြေးချင်းနဲ့ တိုးတက်လာဖို့ ကြိုးစားတာက လက်တွေ့လည်းကျသလို တဆင့်ချင်းစီ ပိုမို တိုးတက် ရင့်ကျက်လာဖို့လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၃) အောင်မြင်မှု ကျရှုံးမှု နှစ်ခုလုံးကို ကြိုတွေးထားပါ 

အကောင်းဆုံးကို လူတိုင်းက လိုလားတောင့်တ ကြပေမယ့် တခါတရံမှာ အဆိုးဆုံးအခြေအနေနဲ့ ကိုယ်မလိုချင်တဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို ကြိုတင်တွေးဆထားမယ်ဆိုရင် ဆုံးရှုံးမှု ၊ ငြင်းပယ်ခံရမှုတွေကို လက်ခံနိုင်မှာ ဖြစ်ပြီး ဒီလို ကြုံတွေ့ရတဲ့ အချိန်မှာ တခြားလုပ်နိုင်မယ့် နည်းလမ်းတွေအတွက်ပါ ကြိုတင် စီမံထားနိုင်မှာ ဖြစ်ပါတယ်။ 

(၄) ကြံကြံခံနိုင်စိတ် မွေးမြူပါ 

ငြင်းပယ်ခံရတဲ့ အခြေအနေအတွက် လိုအပ်တဲ့ အရည်အချင်း တခုကတော့ Resilience လို့ ပြောကြတဲ့ ကြံ့ကြံ့ခံနိုင်စိတ် ဖြစ်ပါတယ်။ ဒီတခုကနေ အငြင်းပယ်ခံရတယ်၊ ပြန်ထနိုင်တဲ့ စိတ်နဲ့ ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်မယ် ဆိုရင် ငြင်းပယ် ခံရမှုတွေဟာ ကိုယ့်အတွက် အားနည်းချက် မဖြစ်လာတော့ပဲ ပိုမို သန်မာလာဖို့ ကူညီပေးနိုင်မှာ အသေချာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ကို ကိုယ်တိုင် မွေးမြူဖြစ်စေဖို့ အရေးကြီးပါတယ်။ 

(၅) ရလဒ်ထက် လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုပါ 

ကိုယ့်ရဲ့ ရလဒ်ကြောင့် ငြင်းပယ်ခံလိုက်ရတယ် ဆိုတာထက် ဒီအနေအထားမှာ ကိုယ့်အနေနဲ့ ဘာကို လုပ်ပြနိုင်ခဲ့တယ်၊ ဘာတွေ လုပ်ဖြစ်ခဲ့တယ်၊ ဘယ်လို အရည်အချင်းတွေ ရခဲ့ပြီး အတွေ့အကြုံတွေ ရှိခဲ့တယ် ဆိုတဲ့ အချက်ကို ဦးစားပေး တွေးဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ရလဒ်တွေက အခြေအနေ တခုကို သာ ဆုံးဖြတ်ပေးနိုင်ပေမယ့် လုပ်ဆောင်နိုင်စွမ်းကတော့ ကိုယ့်ရဲ့ အနာဂတ် အခွင့်အလမ်းများစွာကို သက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်မှာ အတော်ဆုံး၊ အထက်မြက်ဆုံးနဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ခဲ့ကြတဲ့ လူတွေအနေနဲ့လည်း ငြင်းပယ်ခံရခြင်းကို အကြိိမ်ကြိမ် ကြုံတွေ့ခဲ့ပြီးနောက် ပိုမို ကောင်းမွန်လာတဲ့ အတွေ့အကြုံတွေ၊ ကြံ့ကြံ့ခိုင် သန်မာမှုတွေ၊ သင်ခန်းစာတွေကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ငြင်းပယ်ခံရခြင်းကနေ ကိုယ့်ရဲ့ အတွေးအမြင် တွေကို ပြောင်းလဲမယ်၊ သတ္တိတွေ ပိုရှိလာမယ် ဆိုရင် ငြင်းပယ်မှုတွေဟာ ကိုယ့်အတွက် အနှောက်အယှက်ကနေ တွန်းအားအဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ 

ငြင်းပယ်ခံရမှာကို ကြောက်တဲ့ စိတ် (fear of rejection) တွေကြောင့် အရာရာမှာ မရဲမဝံ့ ဖြစ်နေမယ် ၊ လူတောမတိုးဖြစ်နေမယ်၊ ငြင်းပယ်ခံလိုက်ရတဲ့ အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာ အားငယ်မှု၊ ဝမ်းနည်းမှု၊ စိတ်ဓါတ်ကျမှု၊ စိတ်ဖိစီးမှု၊ အားမလို အားမရဖြစ်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ သေချာဆွေးနွေးဖို့ လိုမှာ ဖြစ်ပါတယ်။ 

သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်