ကလေးမေမေ အိမ်ထောင်ရှင်မများ ကြုံတွေ့ရသည့် စိတ်ဖိစီးမှု ပြဿနာများ
ယခုခေတ်ကာလမှာ Parenting လို့ခေါ်တဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးကို ဂရုတစိုက် လုပ်လာကြတဲ့ မိဘတွေ တော်တော်များလာပါပြီ။ လိမ္မာယဥ်ကျေးပြီး ထက်မြက်တဲ့ကလေးတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင်တဲ့တာဝန်ကို အများအားဖြင့် အပြင်ထွက် အလုပ်မလုပ်ဘဲ အိမ်ထောင်ထိန်းသိမ်းတဲ့ အိမ်ထောင်ရှင်မ မေမေတွေက တာဝန်ယူလေ့ရှိပါတယ်။ အိမ်မှာတစ်နေ့လုံးနေပြီး ကလေးနားနေရတာ မပင်မပန်းဘဲ သက်သာတဲ့ အလုပ်တစ်ခုပဲလို့ ထင်ချင်စရာပါ။ အပြင်ထွက်အလုပ်လုပ်ရတဲ့ မေမေတွေလောက် စိတ်ရှုပ်စရာမရှိဘူးလို့လဲ ထင်တတ်ကြပါတယ်။
အိမ်မှာတစ်နေ့လုံးနေရတဲ့ မေမေတွေဟာ အလုပ်ချိန် တိတိကျကျ သတ်မှတ်ထားတာ မရှိသလို လုပ်စရာအလုပ်တွေကလည်း များလေ့ရှိပါတယ်။ ကလေးသိပ်တာ၊ ထမင်းကျွေးတာ၊ သန့်ရှင်းရေးလုပ်ပေးတာ၊ စာသင်ပေးတာတွေနဲ့ တပြိုင်တည်းမှာ ထမင်းဟင်းချက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ အိမ်အတွက် အစစအရာရာ စီမံခန့်ခွဲရတာ၊ ငွေကြေးထိန်းသိမ်းသုံးစွဲရတာတွေလဲ တာဝန်ယူ လုပ်ရလေ့ရှိပါတယ်။
အလုပ်တွေများပြီး မိမိကိုယ်ကို ဂရုတစိုက် လှလှပပနေဖို့ အချိန်မရှိသလို အလုပ်သွားနေတဲ့ ယောကျာ်းကို ပူပန်နေရတာမျိုးလဲ ရှိနိုင်ပါတယ်။ အလုပ်က ပြန်လာတဲ့ ယောကျာ်းက ကိုယ့်ကို အသိအမှတ်ပြု ချီးကျူးတာမျိုးမရှိတာကြာရင် မိမိကိုယ်ကို လူပိုကြီးတစ်ယောက်လို ခံစားရပြီး ဝမ်းနည်းအားငယ် အထီးကျန်တာ၊ စိတ်ဖိစီးစိတ်ဓာတ်ကျတာ၊ အကူညီမဲ့သလို ခံစားရတာတွေ ဖြစ်တတ်ပါတယ်။
ကလေးမေမေ အိမ်ထောင်ရှင်မတွေ ဘာကြောင့်စိတ်ဖိစီးရတာလဲ??
၁။ ဟော်မုန်းအပြောင်းအလဲဖြစ်တာ
Postpartum depression လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်နဲ့ ကလေးမွေးချိန်မှာ ဟော်မုန်းပမာဏ အပြောင်းအလဲကြောင့် စိတ်ဓာတ်ကျတာဟာ ကလေးမေမေတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အိမ်မှာပဲနေရတဲ့ မေမေတွေ၊ နားလည်ဖေးမပေးမဲ့သူ မရှိတဲ့ မေမေတွေဟာ အထီးကျန်ပြီး ခံစားရသမျှ၊ ကြုံရသမျှဟာ ကလေးကြောင့်လို့ ထင်သွားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အန္တရာယ်ပြုတာ၊ ကလေးကို ရန်ပြုတာတွေ အထိဖြစ်နိုင်ပါတယ်။
၂။ ကိုယ်ပိုင်အချိန်မရှိတာ
အိမ်ရှင်မ မေမေတွေရဲ့ နောက်ပြဿနာတစ်ခုက ကိုယ်ပိုင်အချိန်မရှိတာပါ။ ကလေးအလုပ်၊ အိမ်အလုပ်တွေနဲ့ အချိန်ကုန်ရတဲ့အတွက် စိတ်အပန်းဖြေအနားယူရမဲ့ ကိုယ်ပိုင်အချိန်ဆိုတာ
မရှိဖြစ်တတ်ပါတယ်။ အလုပ်ကပြန်လာတဲ့ ဖေဖေတွေကလဲ သူနဲ့မဆိုင်သလို အိမ်အလုပ်၊ ကလေးအလုပ်တွေ ကူမလုပ်ဘဲ အနားယူနေတဲ့အခါ မေမေတွေရဲ့ စိတ်ဖိစီး၊ စိတ်တိုဒေါသထွက်၊ ဝမ်းနည်းမှုတွေ ပိုများလာရပါတယ်။
၃။ အိပ်ရေးပျက်တာ
ကလေးကို ညဖက်ပြုစု၊ နို့တိုက်တာ လုပ်ရလို့ အိပ်ရေးပျက်ရတဲ့ ကလေးမေမေတွေမှာ cortisol ဆိုတဲ့ ဟော်မုန်းတွေ ပိုထွက်လာပါတယ်။ ခန္ဓာကိုယ်မှာ cortisol တွေများလာရင် ဝိတ်တက်လာတာ၊ ဝက်ခြံတွေ ထွက်လာတာ၊ သွေးဖိအားများပြီး သွေးပေါင်တက်လာတာ၊ သွေးတွင်းသကြားဓာတ် များလာတာတွေ ဖြစ်လာပါတယ်။
၄။ ဝင်ငွေမရှိတာ
အိမ်ရှင်မမေမေတွေရဲ့ ကြီးမားတဲ့ ပြဿနာနောက်တစ်ခုက ကိုယ်ပိုင်ဝင်ငွေမရှိလို့ စိတ်အားငယ်တာပါ။
၅။အထီးကျန်တာ
အထီးကျန်တာကလည်း အပြင်အလုပ်မလုပ်တဲ့ အိမ်ရှင်မမေမေတွေရဲ့ ပြဿနာတစ်ခုပါ။ အလုပ်မသွားရသလို ကလေးငယ်ကိုထားပြီး အပြင်ထွက်ရ အဆင်မပြေတာကြောင့် လည်းပါတယ်၊ ပွဲလမ်းသဘင်တွေပါ မသွားဖြစ်တဲ့အခါ အိမ်ထဲမှာ ပိတ်မိပြီး အထီးကျန်ကာ ဘဝကြီးက အဓိပ္ပါယ်မရှိတော့သလို ခံစားလာရတတ်ပါတယ်။
ဒါကြောင့် ကလေးမေမေ အိမ်ရှင်မတွေဟာ တစ်ပတ်တစ်ခါ သို့မဟုတ် အချိန်ယူပြီး သူငယ်ချင်း၊ ဘဝတူ ကလေးမေမေတွေနဲ့ ချိန်းပြီးတွေ့တာ၊ စကားစမြည်ပြောတာ၊ အိမ်ထောင်ဖက်နဲ့ မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြီး နားလည်မှုယူကာ အပြင်တူတူထွက်တာ၊ ပွဲလမ်းတွေ တူတူသွားတာ၊ ကလေးကိုတူတူထိန်းတာ ပြုလုပ်နိုင်သလို Call Me Today မှ ကျွမ်းကျင်ပညာရှင်တွေနဲ့ Counseling ဆွေးနွေးမှုခံယူတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။
ဖုန်းနံပါတ် ☎️: 09-5131873 သို့ရုံးချိန်အတွင်းဖြစ်စေ၊ https://app.callmetoday.org/book ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို online counseling ရယူနိုင်ပါတယ်ရှင်။