top of page

နေရာအသစ်မှာ ယုံကြည်မှု တည်ဆောက်နည်း



ယုံကြည်မှု (Trust) ဟာ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို အပြန်အလှန် ယုံကြည်မှုရှိခြင်းကနေ ကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာအသစ််မှာ လူအသစ်တွေနဲ့ ဆက်ဆံရချိန်မှာတော့ ယုံကြည်မှုဟာ အစကနေ ပြန်လည် တည်ဆောက်ဖို့ လိုတာကြောင့် ယုံကြည်မှု တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။


(၁) မိတ်ဆွေဖွဲ့ပါ 


နေရာအသစ်က လူမှုပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ဆိုရင် ကိုယ်တတ်နိုင်သလောက် မိတ်ဆွေဖွဲ့ဖို့ လိုပါတယ်။ ဒီလို ရင်းနှီးမှုတွေဟာ ယုံကြည်မှုကို တည်ဆောက်ရာမှာ အခြေခံ လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်နေထိုင်ရာ အနီးပတ်ဝန်းကျင်မှာ ယုံကြည်မှုကို တည်ဆောက်လိုတယ် ဆိုရင် ပထမအဆင့် အနေနဲ့ ထိုသူတွေနဲ့ ရင်းရင်းနှီးနှီး လိုလိုလားလား ဆက်ဆံပေးရမှာ ဖြစ်ပါတယ်။ 


(၂) သင့်ဘက်မှ ယုံကြည်မှုကို ပြသပါ 


ယုံကြည်မှုဆိုတာ အပြန်အလှန် သက်ရောက်တဲ့ သဘော ရှိပါတယ်။ ဥပမာအားဖြင့် ကိုယ့်ဘက်က တဖက်လူအပေါ်မှာ လေးစားယုံကြည်တဲ့ အပြုအမူ ပြတယ်ဆိုရင် တဖက်ကလည်း တဖြေးဖြေးချင်း ရင်းနှီး ယုံကြည်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယုံကြည်မှုနဲ့ ပတ်သက်တဲ့ ချိတ်ဆက်မှုတခုကို လိုလာတယ်ဆိုရင် သင့်ဘက်က စတင် ယုံကြည်စွာ ဆက်သွယ်ဖို့ လိုပါတယ်။ 


(၃) ကတိတည်သူ ဖြစ်ပါစေ 


ကတိဆိုတာ လူတိုင်း တန်ဖိုးထားကြတဲ့ အရာတခုပါ။ ကတိတည်တဲ့သူ၊ အပြောနဲ့ အလုပ် ညီတဲ့သူ၊ စကားပြောတာထက် အလုပ်နဲ့ သက်သေပြတဲ့သူတွေကို တဖက်လူက မလေးစား၊ မယုံကြည်ပဲ မနေနိုင်ပါဘူး။ ဒါ့ကြောင့် အလုပ်ကိစ္စ၊ ငွေရေးကြေးရေး ကိစ္စကစလို့ ပြဿနာ ကြီးငယ်တွေ အထိ ကတိတည်စွာ ဖြေရှင်းတတ်တဲ့ သူတယောက် ဖြစ်ကြောင်း သင့်အနေနဲ့ ပြသပေးဖို့ လိုပါတယ်။ ဒါဟာလည်း ယုံကြည်မှု တည်ဆောက်ရာမှာ အရေးပါတဲ့ အချက်တခု ဖြစ်ပါတယ်။ 


(၄) ရိုးသားပါ၊ ပွင့်လင်းပါ 


ရိုးသားပြီး ပွင့်လင်းတဲ့သူကို ဘယ်နိုင်ငံ၊ ဘယ်အရပ်ဒေသမှာ ဖြစ်ဖြစ် သဘောကျလေ့ ရှိပါတယ်။ ကိုယ့်ဘက်က တခြားသူအပေါ် မကောင်းကြံစိတ် မရှိဘူး၊ မလိမ်ညာ ၊ မလှည့်ဖြားတတ်ဘူး၊ အကောက်မကြံဘူး၊ စိတ်ထဲ ရှိသလို ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်ဆိုရင် ဒီလိုလူကို လူအများစုက ယုံကြည်လေ့ ရှိကြတာ သဘာဝပါပဲ။ ဒါပေမယ့် ရိုးအတဲ့ ပုံစံ၊ လိုတာထက် ပိုပြီး အရောဝင်တာမျိုးကိုတော့ တချို့လူတွေဘက်က အခွင့်ကောင်းယူတတ်တာကို  သတိပြုရမှာ ဖြစ်ပါတယ်။ 


(၅) အမှားလုပ်မိတဲ့အခါ ဝန်ခံပါ 


အမှားနဲ့ကင်းတဲ့သူ ဆိုတာတော့ မရှိပါဘူး။ အထူးသဖြင့် ကိုယ်နဲ့ မရင်းနှီးတဲ့ အရပ်ဒေသ ၊ အလေ့အထတွေက အသစ်အဆန်း ဖြစ်တာကြောင့် ကိုယ့်ဘက်က အမှားလုပ်မိတာ၊ သဘောထား ကွဲလွဲတာတွေ ရှိနိုင်ပါတယ်။ ဒီလို အနေအထားမှာ ကတောက်ကဆ ဖြစ်ကြပြီဆိုရင် အချင်းချင်းရဲ့ ရင်းနှီးမှုနဲ့ ယုံကြည်မှုမှာ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က မမျှော်လင့်ပဲ အမှားလုပ်မိတယ်ဆိုရင် ဝန်ခံသင့်သလို ရည်ရွယ်ချက် ရှိရှိ မှားတာ မဟုတ်ကြောင်းကို ပြောပြသင့်ပါတယ်။ ဒါဟာ လေးစားယုံကြည်မှုနဲ့ အပြန်အလှန် ရင်းနှီးမှုကို တည်ဆောက်ရာမှာ အဓိကကျပါတယ်။ 


နေရာအသစ်မှာ ယုံကြည်မှုကို အပြန်အလှန် တည်ဆောက်တာဟာ ချက်ချင်း မဖြစ်နိုင်သလို လုံလောက်တဲ့ အချိန်ယူဖို့ လိုအပ်ပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နေဆဲကာလမှာ စိတ်ဖိစီးမှုတွေ၊ အားငယ်မှုတွေနဲ့ အားမလို အားမရ ဖြစ်စိတ်တွေ ခံစားရတာဟာ ပုံမှန်ပါပဲ။ ခံစားချက်တွေ ပြင်းထန်ပြီး ထွက်ပေါက်ရှာမရအောင် မွန်းကြပ်နေတယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/19
bottom of page