top of page

အဝေးရောက် ကျောင်းသားတွေမှာ တွေ့ရတဲ့ စိတ်ကျန်းမာရေး ပြဿနာများ




ပညာရေးကြောင့် နိုင်ငံရပ်ခြားမှာ နေထိုင်ရတဲ့ ကျောင်းသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို များစွာ ကြုံတွေ့ရလေ့ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေမှ အစပြုပြီး ကိုယ်ကျန်းမာရေးကို ထိခိုက်လာတဲ့အခါ ကျောင်းသားတွေရဲ့ ပညာရေးမှာ သက်ရောက်မှု တချို့ ရှိနိုင်လာပါတယ်။ ဒီနေ့မှာတော့ အဝေးရောက် ကျောင်းသားတွေမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ဒီမှာ ပြောပြပေးချင်ပါတယ်။ 


(၁) ဓလေ့ထုံးတမ်းဆိုင်ရာ စိတ်ခြောက်ခြားမှု (Cultural Shock) 


ကိုယ်နေထိုင်ရာ နေရာဒေသမဟုတ်တဲ့ နေရာအသစ်၊ ယဉ်ကျေးမှုအသစ်၊ ထုံးတမ်းအစဉ်အလာ အသစ်တွေဟာ အဝေးရောက် ကျောင်းသားတွေကို စိတ်ပူပန်မှု၊ စိုးရိမ်မှုတွေနဲ့ စိတ်ခြောက်ခြားမှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒါဟာ နိုင်ငံတကာ ကျောင်းသား အများစု ကြုံတွေ့ရတဲ့ ပြဿနာ ဖြစ်ပြီး အချိန်ကာလကြာလာတာနဲ့ အမျှ ညှိနှိုင်းပြုပြင်လာတဲ့အခါ ပြေလည်သွားလေ့ ရှိတဲ့ ပြဿနာ တခု ဖြစ်ပါတယ်။ 


(၂) ရာသီအလိုက် စိတ်ကျန်းမာရေး အပေါ်သက်ရောက်မှု  (Seasonal Affective Disorder)  


တချို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ရာသီဥတု အပေါ်မှာလည်း မူတည်နေနိုင်ပါတယ်။ ဥပမာအားဖြင့် အေးလွန်းတဲ့ ဆောင်းရာသီ၊ အေးလွန်းတဲ့ အရပ်ဒေသ၊ နေ့တာတိုတောင်းပြီး ညတာရှည်တဲ့ အရပ်ဒေသတွေမှာ ပညာသင်ကြရတဲ့ ကျောင်းသားတွေဟာ စိတ်ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဒီအချိန်မှာ အလိုလို စိတ်ပျက်အားငယ်တာတွေ၊ ဝမ်းနည်းတာတွေ၊ တဦးထဲ အချိန်ဖြုန်းလိုတာတွေနဲ့ သင်ကြားရေးမှာ စိတ်ပါဝင်စားမှု အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ 


(၃) အထီးကျန်မှု (Loneliness) 


ကိုယ့်မိသားစု၊ ချစ်သူခင်သူတွေရဲ့ အဝေးမှာ နေရတဲ့အခါ အထီးကျန်မှုကို ခံစားရတာဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ အထီးကျန်မှုကြောင့် ဖြစ်တဲ့ စိတ်မတည်ငြိမ်မှုတွေ၊ အိပ်ချိန်၊ စားချိန် မမှန်တာတွေ၊ ချစ်ခြင်းမေတ္တာကို တောင့်တမိတဲ့ စိတ်တွေဟာ ကျောင်းသားတွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကို ဖြေဖျောက်ဖို့အတွက် တခြားသူတွေနဲ့ အချိန်ကုန်ဆုံးတာမျိုး၊ တခုခု သင်ယူတာမျိုး၊ ချစ်ရသူတွေနဲ့ ဆက်သွယ်တာမျိုးက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ 


(၄) ဘာသာစကားဆိုင်ရာ စိုးရိမ်ပူပန်မှု (Second Language Anxiety) 


ဘာသာစကားမတူညီတဲ့ အရပ်ဒေသမှာ နေထိုင်၊ ပညာသင်ကြားရတဲ့ အခါမှာ ဘာသာစကား နားမလည်တဲ့ ပြဿနာတွေ၊ ဘာသာစကားမတူသူတွေနဲ့ ကျွမ်းကျင်စွာ မဆက်သွယ်နိုင်မှုကြောင့် စိုးရိမ်ပူပန်ရတာတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတွေဟာ အစပိုင်းမှာ ကြုံရလေ့ ရှိပြီး နောက်ပိုင်း နေသားကျသွားချိန်မှာ လျော့ပါးသက်သာသွားလေ့ ရှိပါတယ်။ 


(၅) အိမ်လွမ်းမှု (Homesickness) 


အိမ်ဆိုတာ လူတိုင်းရဲ့ ရင်ထဲက ထာဝရ အမှတ်ရမိတဲ့ နွေးထွေးတဲ့ ရိပ်မြုံတခုပါ။ အရွယ်မတိုင်ခင်မှာ မိခင်ရဲ့ ရင်ခွင်၊ အိမ်ရဲ့ အငွေ့အသက်တွေကနေ ခွဲခွါရတဲ့အခါ ကျောင်းသားတွေအနေနဲ့ အိမ်ကို လွမ်းမိကြသလို အိမ်ကို ပြန်လာချင်တဲ့ စိတ်ကြောင့် စိတ်ဖိစီးမှုတွေ ၊ အားငယ် စိတ်ဓါတ်ကျမှုတွေကို အလူးအလဲ ခံစားကြရပါတယ်။ ဒါတွေကို သက်သာစေဖို့ဆိုရင် အိမ်နဲ့ အဆက်အသွယ် လုပ်တာ၊ ကျောင်းစာအလုပ်ထဲကို စိတ်နှစ်ထားတာမျိုး၊ စိတ်အပြောင်းအလဲ ဖြစ်စေမယ့် ဝါသနာပါရာ တခုခု လုပ်ဆောင်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ 


စိတ်ပိုင်းဆိုင်ရာ လေ့လာတဲ့ သုတေသနတွေအရ ကျောင်းသားအရွယ် လူငယ်တွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ရာခိုင်နှုန်းအားဖြင့် မြင့်တက်သထက် မြင့်တက်လာပြီဖြစ်သလို ဒီစိတ်ကျန်းမာရေး အခြေအနေတွေကို အချိန်မှီ မဖြေရှင်းနိုင်တဲ့အခါမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေ အနေနဲ့ အခုပြောခဲ့တဲ့ ပြဿနာတွေ ကြုံနေရတယ်၊ ကိုယ်တိုင်ဖြေရှင်းဖို့ရာ အခက်အခဲရှိတယ် ဆိုရင်တော့ ကျွမ်းကျင်သူနဲ့ နှစ်သိမ့်ဆွေးနွေးဖို့ လိုအပ်ပါတယ်။  


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873








Categories

Other trending posts

1/23
bottom of page