top of page

လမ်းလျှောက်တတ်ခါစ အရွယ် ကလေးငယ်နဲ့ အပြန်အလှန် ဆက်သွယ်ခြင်း



သင်ကြားမှုတွေကို မထင်မှတ်ထားလောက်အောင် ပြုလုပ်နိုင်တဲ့ အရွယ်ဟာ လမ်းလျှောက်တတ်ခါစအရွယ် တနည်းအားဖြင့် တစ်နှစ်ကနေ နှစ်နှစ်ကြား ကလေးငယ်တွေပါပဲ။ ဒီလို အရွယ် ကလေးငယ်တွေဟာ စကားလုံးတချို့ကို စတင်ပြောဆိုနေပြီ ဖြစ်သလို လူကြီးတွေရဲ့ အပြုအမူတွေကို တုပပြီး လုပ်တတ်နေကြပြီ ဖြစ်တာကြောင့် အထူးသတိထားရမယ့် အချိန်ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် Toddler လေးတွေနဲ့ အကောင်းဆုံး ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) နားထောင်ပေးပါ


ဒီလို အရွယ်ကလေးငယ်တွေဟာ စကားလုံးတော်တော်များများကို သိနေကြပြီ ဖြစ်သလို ပြန်ပြောဖို့ အတွက် ကြိုးစားနေကြပါပြီ။ စကားလုံးမပီသတာတွေ ရှိနိုင်ပေမယ့် သူတို့ ပြောနိုင်သလောက်လေးကို နားထောင်ပေးတာ၊ လက်ခံတာ၊ ပြန်ပြောပေးတာ၊ ခေါင်းညိတ်အသိအမှတ်ပြုတာ၊ ပြုံးပြတာ၊ ကလေးသိလိုတာတွေကို ဖြေပေးတာတွေဟာ သူတို့လေးတွေရဲ့ သင်ယူမှုကို ပိုမိုမြန်ဆန်စေသလို ကလေးနဲ့ အုပ်ထိန်းသူကြား စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကိုလည်း ပိုမိုအားကောင်းစေပါတယ်။ ကလေးအရွယ်ငယ်တယ်ဆိုပြီး ကလေးရဲ့ အပြုအမူ၊ စကားတွေကို လျစ်လျုရှုတာဟာ ကလေးရဲ့ စိတ်ကျန်းမာရေးကို များစွာ ထိခိုက်နိုင်ပါတယ်။ 


(၂) စကားပြန်ကြောင်းပြီး ပြောပေးပါ 


ကလေးအနေနဲ့ ဒီအရွယ်မှာ သူသင်ယူထားသလောက်ကို ပြန်လည် ပြောဆိုတာဖြစ်လို့ စကားလုံးမပီသတာတွေ၊ မှားယွင်းတာတွေ ရှိနိုင်ပါတယ်။ ဒီလို အချိန်မှာ မိဘအုပ်ထိန်းသူ အနေနဲ့ ကလေးပြောတဲ့ စကားလုံးကို အခြေခံပြီး စာကြောင်းစီကာ ပြန်ပြောပြတာ၊ ကလေးပြောတဲ့ အကြောင်းအရာကို ပြန်တုန့်ပြန်ပြီး ရှင်းလင်း ပြောပြတာတွေဟာ ကလေးရဲ့ သင်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သလို ကလေးနဲ့ အပြန်အလှန် စကားပြောဆိုဖြစ်တာကြောင့် နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကိုလည်း တိုးစေနိုင်ပါတယ်။ ဥပမာအားဖြင့် ကလေးက သွား…သွား.. လို့ပြောတဲ့အခါမှာ မိဘအနေနဲ့ သားသားက သွားချင်တာလား၊ မီးမီးက အပြင်ကိုသွားမှာလား၊ စသဖြင့် ပြန်ဖြည့်စွက် ပြောပေးရမှာ ဖြစ်ပါတယ်။ 


(၃) ရှင်းရှင်းလင်းလင်း ပြောဆိုပါ 


ကလေးကို စကားပြောဆိုတဲ့ အခါမှာ ကလေးအသက်အရွယ်နဲ့ နားလည်နိုင်မယ့် စကားလုံး၊ စကားအသွားအလာ သင့်တော်မှု ရှိဖို့ သေချာရွေးချယ် ဖို့ လိုပါတယ်။ ရှုပ်ထွေးတဲ့ စကားလုံးတွေ၊ ရှည်လျားတဲ့ စာသားတွေနဲ့ အမေးအဖြေတွေကို ကလေးအနေနဲ့ နားလည်နိုင်ဖို့် ခက်ခဲနိုင်သလို သင်ယူရာမှာလည်း ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးအတွက် လွယ်ကူရှင်းလင်းနိုင်မယ့် စကားလုံးတွေ၊ စာကြောင်းအတိုလေးတွေ၊ အမူအယာနဲ့ ယှဉ်တွဲတဲ့ စကားပြောဆိုပုံတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အရေးကြီးပါတယ်။ 


(၄) ခံစားချက်တွေကို ရှင်းပြပါ 


ဒီလို အရွယ် ကလေးငယ်တွေမှာလည်း ခံစားချက်တွေ ရှိတတ်သလို ဒါတွေကို ရှင်းလင်းစွာ သိမြင်ဖို့အတွက် မိဘတွေက သင်ပေးလို့ရပါတယ်။ ကလေးရဲ့ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်တိုဒေါသထွက်ခြင်း ၊ ကြောက်ရွံ့ခြင်း၊ ရှက်ခြင်း စတဲ့ ခံစားမှုတွေကို ကလေးကိုယ်တိုင် နားလည်လာနိုင်ဖို့ မိဘအနေနဲ့ ခေါင်းစဥ်တပ် ပြောပြပေးတာ၊ ကလေးရဲ့ ခံစားချက်တွေကို စာနာနားလည်ပေးတာ စတာတွေဟာ ကလေးရဲ့ Emotional Intelligence ကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်သလို မိဘနဲ့ သားသမီးကြားမှာလည်း ပိုမိုနီးစပ်မှု ဖြစ်စေနိုင်ပါတယ်။ ကလေးငိုနေချိန်၊ အကူအညီ လိုအပ်နေချိန်မှာ မသိကျိုးကျွံပြုတာဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နိုင်သလို ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 


(၅) အတူတူ အချိန်ကုန်ဆုံးပေးပါ  


လမ်းလျှောက်တတ်ခါစ အရွယ် ကလေးငယ်တွေဟာ သူတို့နဲ့ အတူတူ အချိန်ပေးပြီး ကစားပေးတာကို အလွန်နှစ်ခြိုက်ကြပါတယ်။ ဒီလို အတူကစားပေးခြင်းက ကလေးတွေကို စိတ်လုံခြုံမှု ရစေသလို ခင်မင်ရင်းနှီးမှုနဲ့ ချစ်ခင်မှုကို ပိုမို တိုးပွားစေနိုင်ပါတယ်။ အထူးသဖြင့် အတူတကွ သီချင်းဆိုတာ၊ ပုံပြင်ဖတ်ပြတာ၊ အိမ်အလုပ်တွေကို ကူညီလုပ်စေတာ၊ အတူတကွ ရေချိုးတာ၊ စကားအတူတူပြောပေးတာတွေဟာ ကလေးနဲ့ အုပ်ထိန်းသူကြား Quality time ကို ဖန်တီးပေးနိုင်သလို နှစ်ဦးလုံးရဲ့ စိတ်ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။


လမ်းလျှောက်တတ်ခါစ အရွယ် လေးတွေဟာ သင်ယူတတ်မြောက်ဖို့ အလွယ်ကူဆုံးဖြစ်သလို ခံစားချက်တွေကို စတင်ခံစားသိရှိတဲ့ အရွယ်လေးတွေဖြစ်တာကြောင့် မိဘ၊ အုပ်ထိန်းသူနဲ့ အနီးကပ်ပြုစု အချိန်ပေးသင့်တဲ့ ကာလဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ နည်းလမ်းတွေက Toddler အရွယ် သင့်ကလေးငယ်နဲ့ အကောင်းဆုံး ဆက်သွယ်နိုင်ဖို့ ကူညီပေးနိုင်သလို ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ နှစ်ဦးကြားချစ်ခြင်း မေတ္တာကို လေးနက်စေမှာဖြစ်ကြောင်း မျှဝေပေးလိုက်ရပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️ : 09-5131873



Categories

Other trending posts

1/30
bottom of page