top of page

အိပ်စက်ချိန် မလုံလောက်ခြင်းရဲ့ ခန္ဓာနဲ့ စိတ်အပေါ် သက်ရောက်မှုများ  

Updated: Feb 25




အိပ်စက်ခြင်းဆိုတာ လူတိုင်းရဲ့ နေ့စဉ် ဘဝမှာ မရှိမဖြစ် အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။  အထူးသဖြင့် အိပ်စက်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်နဲ့ စိတ်ကို တစ်ရက်တာ အနားပေးသလို နောက်တစ်ရက်တာအတွက် ပြန်လည် အားအင်သစ် ရစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်ခြင်း မရရှိတဲ့အခါမှာ စိတ်ရော ကိုယ် ကျန်းမာရေးကိုပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ 


အိပ်ချိန် မပြည့်ဝတာကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေမယ့် အချက်တွေကတော့.. 


(၁) ကိုယ်ခံအား လျော့ကျလာမယ် 


အိပ်စက်ခြင်းဟာ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး တည်ဆောက်ရာမှာ အလွန်အရေးပါပါတယ်။ ဒါ့ကြောင့် အိပ်ရေးမဝတဲ့ သူတစ်ယောက်ဟာ ကိုယ်ခံအားစနစ် အားနည်းလာနိုင်ပြီး မကြာခဏ ဖျားနာတာ၊ အားအင် ချိနဲ့တာ၊ ရောဂါတွေ မကြာခဏ ကူးစက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။


(၂) နာတာရှည် ရောဂါတွေ ဖြစ်နိုင်ချေ များတယ် 


ရေရှည် အိပ် မပျော် သည့် ရောဂါ ဟာ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ ဆီးချိုနဲ့ သွေးပေါင်ချိန် မြင့်တက်ခြင်းကဲ့သို့ နာတာရှည် ရောဂါတွေကို ပိုဖြစ်စေနိုင်ချေ များတယ်လို့ လေ့လာခြင်းတွေမှာ တွေ့ရှိရပါတယ်။ 


(၃) ဟော်မုန်းဓါတ် မမျှတတာတွေ ဖြစ်နိုင်တယ် 


အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ ဟော်မုန်းတွေကို ထိန်းချုပ်ရာမှာ လည်း အရေးပါပါတယ်။ အိပ်စက်ချိန် မလုံလောက်တဲ့အခါမှာ ဆာလောင်ခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်း (Ghrelin) ကို များစေပြီး အစာအာဟာရ ပြည့်ဝခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်း (leptin) ကို နည်းစေတာကြောင့် ကိုယ်အလေးချိန် မြင့်တက်လာနိုင်ပါတယ်။ 


(၄) ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေ ကျဆင်းလာမယ် 


ကောင်းမွန်စွာ အိပ်စက်ခြင်း အနားမရတဲ့အခါ ကြွက်သားတွေရဲ့ ပြန်လည် တည်ဆောက်မှုတွေ ကျဆင်းလာပြီး အလိုလို မောပန်းလွယ်တာနဲ့ အားအင် ကုန်ဆုံးတာတွေ ခံစားရလေ့ ရှိပါတယ်။ နောက်ဆက်တွဲ အနေနဲ့ နေ့စဉ် အလုပ်တာဝန်တွေကို အားအင်အပြည့်နဲ့ မလုပ်ဆောင်နိုင်တာတွေ ဖြစ်နိုင်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်မှု စွမ်းရည်တွေ ကျဆင်းလာနိုင်ပါတယ်။ 


နောက်တပိုင်းအနေနဲ့ အိပ်စက်ခြင်း မလုံလောက်တဲ့အခါ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်မှုတွေအကြောင်းကို ဆက်လက်မျှဝေပေးပါမယ်။ အိပ်ချိန် မလုံလောက်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကတော့ 


(၁) မှတ်ဉာဏ်အားနည်းလာမယ် 


အိပ်စက်ခြင်းဟာ ဦးနှောက် မှတ်ဉာဏ်တွေကို အကောင်းဆုံး တည်ဆောက်ဖို့နဲ့ အာရုံစူးစိုက်မှုအတွက် အရေးပါတာကြောင့် အိပ်ချိန်မလုံလောက်တာဟာ မှတ်ဉာဏ်ကို သက်ရောက်မှု များစွာ ရှိနိုင်ပါတယ်။ အိပ်စက်ခြင်း မလုံလောက်တဲ့အခါ အာရုံမစူးစိုက်နိုင်တာ၊ မကြာခဏ မေ့လျော့တာအပြင် သင်ယူရေးအပိုင်းတွေမှာ အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ 


(၂) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်မယ် 


အိပ်မပျော်ခြင်း ဟာ ရေရှည် မှာ စိတ်ကျန်းမာရေးကို များစွာ ထိခိုက်မှု ရှိနိုင်ပါတယ်။ အထူးသဖြင့် ညအိပ်မပျော်ခြင်း တွေ ရက်ဆက်လာတဲ့အခါမှာ နောက်ဆက်တွဲ အနေနဲ့ စိတ်ဓါတ်ကျတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ထိခိုက်လွယ်တာနဲ့ စိတ်မတည်ငြိမ်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ 


(၃) ထင်ယောင်ထင်မှား ဖြစ်မယ် 


အိပ်စက်ခြင်း မလုံလောက်တာကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတချို့ကို ထိခိုက်စေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ စိတ်ဂယောင်ခြောက်ခြား ဖြစ်တာ၊ ထင်ယောင်ထင်မှား ဖြစ်တာ၊ မရှိတာကို အရှိလို့ မြင်တာ၊ အသံတချို့ကို ကြားယောင်တာ စတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။ 


(၄) ဆုံးဖြတ်ချက် မှားယွင်းမယ် 


အိပ် မပျော် သည့် ရောဂါ ကို အချိန် ကြာမြင့်စွာ ခံစားရတဲ့အခါမှာ ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ် နိုင်စွမ်းကို ထိခိုက်နိုင်ပြီး အမှန် အမှား ကွဲပြားစွာ မခွဲခြားနိုင်တာ၊ ဆုံးဖြတ်ချက်တွေကို အလွယ်တကူ မချနိုင်တာ၊ ဆုံးဖြတ်ချက်တွေ မှားယွင်းတာ စတာတွေ ဖြစ်နိုင်ပါတယ်။ 


အခု မျှဝေခဲ့တဲ့ အချက်တွေအပြင် ရေရှည် အိပ်စက်ခြင်း မလုံလောက်တဲ့အခါမှာ ရုပ်ရည် ကျခြင်း၊ အသက်တိုခြင်းနဲ့ ဘဝရဲ့ အရည်အသွေး (Quality of Life) ကျဆင်းခြင်းတွေကို နောက်ဆက်တွဲ အနေနဲ့ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သင့်မှာ  အိပ် မပျော် သည့် ရောဂါ ခံစားနေရပြီ ဆိုရင် အိပ် မပျော် တဲ့ အကြောင်း အရင်း ကို သိအောင် ဖော်ထုတ်ပြီး ဖြေရှင် ကုသဖို့ အရေးကြီးပါတယ်။ ဒီလို အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် တခါတရံမှာ ကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ အကူအညီ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ အိပ်စက်ခြင်း ပြဿနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/34
bottom of page