ဆုံးရှုံးမှုကို ကြုံတွေ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေအကြောင်း

ဆုံးရှုံးမှုဆိုတာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒါပေမယ့် ဆုံးရှုံးမှုတွေ မတူညီနိုင်သလို ဆုံးရှုံးမှု တူညီရင်တောင် ခံစားရတဲ့ ခံစားချက်တွေက တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့က ကိုယ် ချစ်ခင်ရသူတွေနဲ့ သေခွဲ ၊ ရှင်ခွဲ ခွဲခွာရတာကြောင့် ချစ်ရသူတွေ ဆုံးရှုံးသွားတယ်။ တချို့က ကိုယ်တန်ဖိုးထားတဲ့ အရာတွေ ၊ အလုပ်တွေ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်။ ဒီလို တစုံတရာကို ဆုံးရှုံးရပြီ ဆိုတဲ့ အခါမှာ လူတိုင်း ကျော်ဖြတ်ရတဲ့ အဆင့် (၅) ဆင့် ရှိပါတယ်။
အဆင့် (၁) - ငြင်းဆန်ခြင်း
ပထမဆုံးအနေနဲ့ လူအများစုဟာ ကိုယ်ရဲ့ လက်ရှိ ဆုံးရှုံးမှုကို လက်မခံနိုင်ကြပါဘူး။ ဥပမာအားဖြင့် ချစ်ခင်ရသူတွေ ရုတ်တရက် သေဆုံးသွားတာ၊ မမျှော်လင့်ထားပဲ အလုပ်ပြုတ်သွားတာ စတဲ့ ဆုံးရှုံးမှုတွေဟာ ကာယကံရှင်အတွက် ပြင်းထန်သလို လက်ခံဖို့ ခက်ခဲတာကြောင့် ငြင်းဆန်ပြီး ဒီအမှန်တရားကို မဖြစ်ခဲ့သလိုမျိုး ယူဆဖြစ်အောင် ကြိုးစားကြလေ့ ရှိပါတယ်။ ကြားလိုက်ရတဲ့ သတင်းတခု ၊ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တခုကို ငြင်းဆန်နေပေမယ့် တချိန်ထဲမှာလည်း ဝမ်းနည်းမှုကို ခံစားနေရတဲ့ အခြေအနေ တခုပါပဲ။ ဒါဟာ ကြေကွဲဝမ်းနည်းခြင်းရဲ့ ပထမဆုံး အဆင့်ဖြစ်တယ် ငြင်းဆန်ခြင်း (Denial) ဖြစ်ပါတယ်။
အဆင့် (၂) - ဒေါသထွက်ခြင်း
ငြင်းဆန်ခြင်း အဆင့်ကို ကျော်ဖြတ်ပြီးနောက်မှာ တချို့လူတွေဟာ စိတ်တိုဒေါသထွက်ခြင်း (Anger) အဆင့်ကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဥပမာအားဖြင့် ဆုံးရှုံးသွားတဲ့ တစုံတယောက်ကို စိတ်တိုတာ၊ အလုပ်ဖြုတ်လိုက်တဲ့ အလုပ်ရှင်ကို စိတ်တိုတာ၊ အဆက်ဖြတ်သွားတဲ့ ချစ်သူဟောင်းကို စိတ်တိုတာ စတာတွေအပြင် တခါတရံမှာ ရုပ်ဝတ္ထုပစ္စည်းတွေကိုပါ စိတ်တို ဒေါသထွက်တာမျိုး ရှိတတ်ပါတယ်။ ဒီအဆင့်ဟာ ကိုယ့်ရဲ့ နာကျင်မှုတွေနဲ့ စိတ်ခံစားချက်တွေကို ဖုံးအုပ်လိုစိတ်နဲ့ တခြားသူအပေါ်မှာ အပြစ်တင် ၊ ဒေါသထွက်တာ ဖြစ်ပေမယ့် တကယ်စိတ်တို ဒေါသထွက်ပြီး မုန်းတီးလိုစိတ် ရှိနေတာတော့ မဟုတ်ပါဘူး။ ဒီအဆင့်ဟာ လူတိုင်းမှာတော့ မကြုံတွေ့ရပေမယ့် လူအများစုမှာ အဖြစ်များတဲ့ ကြေကွဲဝမ်းနည်းခြင်းရဲ့ ဒုတိယအဆင့် ဖြစ်ပါတယ်။
အဆင့်(၃) - ညှိနှိုင်းလိုခြင်း၊ အဖက်ဆယ်လိုခြင်း
တချို့က ဆုံးရှုံးမှု တခုကို ကြုံတွေ့ပြီးနောက်မှာ ဒီဆုံးရှုံးမှုကို မဖြစ်စေနိုင်မယ့် သက်သာရာနည်းလမ်းတွေကို ရှာဖွေကြလေ့ ရှိပါတယ်။ ဥပမာ ငါသာ သူနဲ့ အတူရှိနေခဲ့မယ်ဆိုရင် သူ ဒီလို ဖြစ်ချင်မှ ဖြစ်မှာ၊ ငါသာ အခုထက်ပိုကြိုးစားခဲ့မယ် ဆိုရင် ဒီကျောင်းကို တက်ခွင့်ရခဲ့မှာ စသဖြင့် ကိုယ့်ရဲ့ ဆုံးရှုံးမှုကို မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ ပြန်လည်ဖာထေးပြီး တွေးလေ့ရှိပါတယ်။ ဒီအဆင့်ဟာ ဝမ်းနည်းမှု၊ နာကျင်မှုတွေကို သိသိသာသာ စတင်ခံစားလာရတဲ့ အဆင့်ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်တဲ့ အဆင့်လို့လည်း ပြောလို့ရပါတယ်။
အဆင့် (၄) - စိတ်ဓါတ်ကျခြင်း
ကြေကွဲဝမ်းနည်းမှုရဲ့ အငြိမ်သက်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် (၄) ကတော့ စိတ်ဓါတ်ကျခြင်း (Depression) ဖြစ်ပါတယ်။ ဒီအဆင့်မှာ ခံစားမှုတချို့ဟာ အနည်းငယ် ငြိမ်သက်လာသလို တည်ငြိမ်မှုနဲ့ ပြန်လည် သုံးသပ်လာတဲ့ အနေအထားတခု ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်ထဲ အချိန်ကုန်ဆုံးလိုတာမျိုး၊ ရေရေရာရာမရှိတဲ့ အနာဂတ်ကို ရှာဖွေလိုတာမျိုး စသဖြင့် စိတ်ခံစားချက်တွေ ရောထွေးနေတတ်ပါတယ်။ ဒီအဆင့်ကလည်း ခက်ခဲတဲ့ အဆင့်တခု ဖြစ်တာကြောင့် တချို့တွေဟာ ဒီအဆင့်မှာ ပိတ်မိပြီး ရုန်းထွက်မရ ဖြစ်တတ်ပါတယ်။
အဆင့် (၅) - လက်ခံခြင်း
ကြေကွဲဝမ်းနည်းခြင်းရဲ့ နောက်ဆုံးအဆင့်ကတော့ ဆုံးရှုံးခြင်းကို လက်ခံခြင်း (Acceptance) ဖြစ်ပါတယ်။ ဒီအဆင့်ဟာ အားလုံးချုပ်ငြိမ်းသွားတဲ့ အဆုံးသတ်တခု မဟုတ်သလို လက်ခံတဲ့ ပုံစံတွေကလည်း တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ တချို့က ဒီအဆင့်မှာ လက်ရှိ အခြေအနေကို လက်ခံလာနိုင်မယ်၊ ဘာဆက်လုပ်ရမယ်ဆိုတာကို စတင် တွေးတောဆင်ခြင်လာမယ် ၊ တချို့ကလည်း ဆုံးရှုံးမှုကို လက်ခံပြီးနောက်မှာ ခံစားချက်တွေ ထိန်းမရအောင် ပြင်းထန်မယ်၊ လမ်းပျောက်မယ်၊ အကူအညီမဲ့သလို ခံစားရမယ် စသဖြင့် အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။
ဒီ အဆင့် (၅) ဆင့်ဟာ တခုပြီး တခု အဆင့်ဆင့် ဖြစ်နိုင်သလို တခါတရံမှာ ဖြစ်စဉ်တခုလိုမျိုး ပြန်လည်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာ - လက်ခံခြင်း အဆင့်ကို ကျော်ဖြတ်ပြီးခါမှ စိတ်ဓါတ်ကျခြင်း၊ အဖက်ဆယ်လိုခြင်းကို ပြန်ခံစားရတာမျိုးလည်း ကြုံနိုင်သလို တိုက်ဆိုင်မှုတွေကြောင့် ဆုံးရှုံးရတဲ့ ခံစားချက်တွေကို အသစ်တဖန် ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။
များသောအားဖြင့် ဆုံးရှုံးမှုတွေဟာ အချိန်တခုရောက်လာတဲ့အခါမှာ သက်သာလျော့ပါးသွားလေ့ ရှိပေမယ့် ဆုံးရှုံးမှုတွေကြောင့် အဆင့်တခုခုမှာ ပိတ်မိနေမယ်၊ ခံစားချက်တွေကို မထိန်းချုပ်နိုင်မှု၊ ဆုံးရှုံးမှုက ကိုယ့်အတွက် ပြင်းထန်ကြီးမားလွန်းတာကြောင့် ဖြေမဆည်နိုင်ဘူးဆိုရင်တော့ အကူအညီ ရယူဖို့ လိုအပ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလို အခြေအနေမှာ စိတ်ပညာ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးရတာလည်း ရှိနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873