top of page

စိတ်ဒဏ်ရာအတွက် မှန်ကန်တဲ့ အကူအညီ အထောက်အပံ့ ရယူနည်း



စိတ်ဒဏ်ရာခံစားရသူ အများစုက ကိုယ့်ရဲ့ ခံစားမှုတွေကို  လူသိမခံလိုကြသလို တဦးတည်း  ကြိတ်မှိတ်ပြီး ခံစားလေ့ရှိကြပါတယ်။ တချို့ကလည်း ဒီလိုအခြေအနေမှာ တခြားသူတွေနဲ့ ဆက်သွယ်ရမှာကို တွန့်ဆုတ်ကြပြီး ဒါဟာ အချိန်ကြာလာတာနဲ့အမျှ စိတ်ဒဏ်ရာကို ပိုဆိုးစေနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ဒဏ်ရာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ အကူအညီ အထောက်အပံ့ရရှိဖို့ ဆိုတဲ့ အချက်ဟာ အရေးကြီးလာပါပြီ။ 


ဒါပေမယ့် စိတ်ဒဏ်ရာခံစားရသူ အများစုဟာ လက်ရှိအခြေအနေထက် ကျယ်ကျယ်ပြန့်ပြန် ချိတ်ဆက်မှုတွေ မပြုလုပ်လိုတာ၊ မိမိရဲ့ စိတ်ဒဏ်ရာကို  တခြားသူကို မဖွင့်ပြလိုတာ ၊ အကူအညီကနေ မလိုလားတဲ့ ဆိုးကျိုးနဲ့ ဆက်နွယ်မှုတွေ မဖြစ်လိုတာ စတဲ့ အကြောင်းပြချက်တွေကြောင့် အကူအညီ၊ အထောက်အပံ့ ရှာဖို့အတွက် ဝန်လေးကြပါတယ်။ ဒါ့ကြောင့် စိတ်ဒဏ်ရာအတွက် ရနိုင်မယ့် မှန်ကန်တဲ့ အထောက်အပံ့တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) ကိုယ့်နဲ့ အနီးဆုံးက ချစ်သူခင်သူတွေ 


စိတ်ဒဏ်ရာခံရသူအတွက် အကူအညီ အထောက်အပံ့ဟာ  ပထမဆုံး အနေနဲ့ အနီးဆုံးက ချစ်ခင်ရသူတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ- ကိုယ်ယုံကြည်အားကိုးရတဲ့ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း မိသားစုဝင်တဦးဦး ဒါမှမဟုတ် ဆရာတဦးဦး ဖြစ်နိုင်ပါတယ်။ ဒီလူတွေဟာ ကိုယ့်ကို အတိုင်းအတာ တခုအထိ နားလည်ထားပြီးသား ဖြစ်သလို ချစ်ခင်မှုအပြည့်နဲ့ စာနာပေးနိုင်သူတွေ ဖြစ်ဖို့ လိုပါတယ်။ 


(၂) ကိုယ့်နဲ့ ခံစားချက်တူညီသူတွေ 


ရင်ဘက်ချင်းနီးတယ်လို့ ပြောကြတဲ့ ခံစားချက် ၊ စိတ်ဒဏ်ရာ တူညီသူတွေဟာ အချင်းချင်း ကူညီဖေးမလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ ထပ်တူညီတဲ့ စိတ်ဒဏ်ရာကို ခံစားနေရပြီး ကိုယ့်ကို နားလည်ပေးနိုင်တဲ့ လူတဦး ဒါမှမဟုတ် လုံခြုံတဲ့ အသိုက်အဝန်းလေးတခုဟာ ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ်ရင်ဖွင့်ဖို့ အသင့်ရှိနေတယ်၊ အပြန်အလှန် သဘောပေါက် နားလည်ပေးနိုင်မယ်ဆိုရင်လည်း ဒါဟာ စိတ်ဒဏ်ရာ ပြေလျော့စေမယ့် အထောက်အပံ့တခု ဖြစ်နိုင်ပါတယ်။ 


(၃) စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ 


ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပညာရပ်မှာ ကျွမ်းကျင်တဲ့ စိတ်ပညာရှင်၊ ဆရာဝန် ၊ နှစ်သိမ့်ဆွေးနွေးသူ တဦးဦးဟာလည်း အထောက်အပံ့ကောင်း ဖြစ်နိုင်ပါတယ်။များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ထားသူ တယောက်က စိတ်ဒဏ်ရာခံစားရသူတွေနဲ့ ပတ်သက်ပြီး  အတွေ့အကြုံ ရှိထားပြီးသူ ဖြစ်တာကြောင့် ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အတူတူ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။  


အရေးကြီးတာကတော့ စိတ်ဒဏ်ရာ ခံစားရသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ယူတဲ့အခါ အကူအညီပေးဖို့ ရွေးချယ်ထားတဲ့ သူတွေဟာ ကိုယ့်အပေါ်မှာ အပြုသဘောဆောင်တဲ့ နားလည်မှုတွေပေးဖို့ လိုအပ်သလို၊ အပြစ်တင် ဝေဖန်တာ ၊ ကိုယ်နဲ့ မကိုက်ညီတဲ့ အကြံပြုချက်တွေ ပေးတာမျိုး မပြုလုပ်တဲ့ သူ ဖြစ်ဖို့ပါပဲ။ ဒါ့အပြင် ကိုယ့်ရဲ့ အတွင်းရေးတွေကို ထိန်းသိမ်းပေးထားနိုင်သူ၊ ကိုယ့်ရဲ့ အားနည်းချက်ကို အနိုင်မယူတတ်တဲ့သူ ဖြစ်ဖို့လိုပါတယ်။


လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲ၊ ပြဿနာတွေ ရှိနေနိုင်သလို ကူညီဖြေရှင်း နားထောင်ပေးနိုင်တဲ့ တစုံတယောက်ကို အချိန်မရွေး လိုအပ်နိုင်ပါတယ််။ ဒီလို အကူအညီတွေကနေ တဆင့် သင်ဟာ ပတ်ဝန်းကျင်နဲ့ ပြန်လည် ချိတ်ဆက်နိုင်မှာ ဖြစ်သလို သင်လိုအပ်တဲ့အချိန်၊ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အချိန်တွေမှာ အတူတူဖြတ်ကျော်ပေးနိုင်မှာ ဖြစ်ပါတယ်။ 


နဂို စိတ်ဒဏ်ရာရှိတဲ့သူတွေအနေနဲ့ဆိုရင် ဒီလို အကူအညီ၊ အထောက်အပံ့တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့က စိတ်ဒဏ်ရာကုစားရာမှာ အရေးပါတဲ့ အချက်ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873



Categories

Other trending posts

1/23
bottom of page