ချစ်သူရဲ့ ရာသီစက်ဝန်းကာလအတွင်း လက်တွဲဖော်အနေနဲ့ ပြုလုပ်ပေးနိုင်တဲ့ အချက်များ

ဓမ္မတာ ရာသီစက်ဝန်း အချိန်ကာလဟာ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ များစွာ ကြုံတွေ့ရနိုင်သလို ဂရုစိုက်မှု၊ အလေးထားမှု အထူးတလှယ် လိုအပ်တဲ့ အချိန်ကာလလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ အနားမှာ ရှိတဲ့ တစုံတယောက်ရဲ့ ချစ်ခင်ဖေးမမှု အထူးသဖြင့် လက်တွဲဖော်ရဲ့ ချစ်ခြင်းမေတ္တာက အဓိက လိုအပ်ပါတယ်။ လက်တွဲဖော်အနေနဲ့ ဒီလိုကာလမှာ ချစ်သူကို နားလည်မှု အပြည့်အဝပေးဖို့ အရေးကြီးတဲ့အပြင် တခြားပြုလုပ်နိုင်တဲ့ အချက်တွေလည်း ရှိပါတယ်။ ဒီအချက်တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။
(၁) ရာသီစက်ဝန်းအကြောင်း လေ့လာပါ
လက်တွဲဖော်အနေနဲ့ ကိုယ်တိုင်နဲ့ တိုက်ရိုက်မသက်ဆိုင်ရင်တောင် ကိုယ်ချစ်ရသူရဲ့ ကျန်းမာရေး ကိစ္စဖြစ်တဲ့ ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး အနည်းငယ် သိထားဖို့ လိုပါတယ်။ အထူးသဖြင့် ဒီကာလအတွင်း ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ၊ ခံစားမှုနဲ့ နာကျင်မှုတွေအကြောင်းကို လေ့လာထားသင့်သလို အတိုင်းအတာ တခုအထိ သိရှိထားမယ်ဆိုရင် ချစ်သူအပေါ်မှာ နားလည်ပေးနိုင်မှာ ဖြစ်သလို ချစ်သူဘက်က ဒီအချိန်အတွင်း လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) စာနာတတ်အောင် လေ့ကျင့်ပါ
အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းအကြောင်းကို သိရှိထားမယ်ဆိုရင်တောင် ထပ်တူ စာနာ နားလည်ပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် လက်တွဲဖော်ဟာ ဆန့်ကျင့်ဘက်လိင် အမျိုးသားဖြစ်ခဲ့မယ်ဆိုရင် စာနာနားလည်ပေးဖို့အတွက် အနည်းငယ် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက် စာနာနားလည်ပေးဖို့အတွက် ကြိုးစားလေ့ကျင့်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဒီလိုအချိန်မှာ အမျိုးသမီးအနေနဲ့ စိတ်ဆတ်နေမယ်၊ မကြာခဏဆိုသလို ကတောက်ကဆ ဖြစ်နေမယ်ဆိုရင် ဒါဟာ ရာသီစက်ဝန်းရဲ့ အကျိုးဆက်ကြောင့် ဖြစ်နိုင်တယ်ဆိုတာကိုလည်း မေ့မထားဖို့ လိုအပ်ပါတယ်။
(၃) အနားယူဖို့ အချိန်ပေးပါ
ရာသီစက်ဝန်းကာလမှာ အမျိုးသမီးတွေဟာ ပင်ပန်းနွမ်းနယ်တာတွေ၊ ပုံမှန်ရက်တွေနဲ့မတူပဲ အားအင်ကုန်ခမ်းသလို ခံစားရတာတွေ ရှိတတ်ပါတယ်။ ဒီလို အချိန်မှာ လုံလောက်တဲ့ အနားယူချိန်၊ အိပ်စက်ချိန် လိုအပ်သလို ရေဓါတ်၊ အာဟာရဓါတ် ပြည့်ဝဖို့လည်း အရေးကြီးပါတယ်။ ဒီလို အချိန်မှာ လက်တွဲဖော်အနေနဲ့ ချစ်သူကို အနားယူဖို့ အချိန်ဖန်တီးပေးရမှာ ဖြစ်ပြီး ချစ်သူအတွက် self care လုပ်ဖြစ်အောင် အားပေးကူညီရမှာ ဖြစ်ပါတယ်။
(၄) လိုအပ်တာတွေကို ကူညီပေးပါ
ရာသီစက်ဝန်းရဲ့ သက်ရောက်မှုတွေကို ခံစားနေရတဲ့ အချိန်ကာလမှာ လက်တွဲဖော်အနေနဲ့ အမျိုးသမီးအတွက် လိုအပ်တာတွေကို ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် အိမ်မှုကိစ္စတွေ၊ ပင်ပင်ပန်းပန်း ပြုလုပ်ရမယ့် အရာတွေကို အတူတူ ပူးပေါင်းပြီး ကူညီပေးတာက ချစ်သူအတွက် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကို လျော့ကျစေရုံသာမက စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။
(၅) အနားမှာ အတူတူရှိပေးပါ
ရာသီစက်ဝန်းကာလမှာ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ အတက်အကျကို ခံစားရလေ့ရှိပြီး အလိုလို ဝမ်းနည်းတာ ၊ စိတ်အားငယ်တာ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ လက်တွဲဖော်အနေနဲ့ အနားမှာ အတူတူ ရှိပေးတာ၊ အချိန်ကုန်ဆုံးပေးတာတွေက အမျိုးသမီးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အတူတူ လမ်းလျှောက်ပေးတာ၊ ခန္ဓာကိုယ် ထိတွေ့မှုတချို့နဲ့ နာကျင်မှုတွေကို သက်သာစေတာ၊ အတူတူ စကားပြောပေးတာ၊ ရုပ်ရှင်ကြည့်ပေးတာ၊ နာကျင်မှုအတွက် အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် ကူညီပေးတာ စတာတွေ ပြုလုပ်ပေးတာက ချစ်သူရဲ့ ရာသီလာစဥ် စိတ်ပိုင်း၊ရုပ်ပိုင်း ပြဿနာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။
ရာသီစက်ဝန်းကြောင့် ခံစားရတဲ့ ဝေဒနာတွေရဲ့ ပြင်းထန်မှုဟာ အမျိုးသမီး တဦးနဲ့ တဦး မတူညီနိုင်သလို တချို့မှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ခံစားရတာလည်း ရှိပါတယ်။ ဒီလို အချိန်မှာ လက်တွဲဖော်ရဲ့ ကူညီဖေးမမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမမှုဟာ အရေးကြီးတာကြောင့် ကိုယ့်ချစ်သူအတွက် အပြည့်အဝ ချစ်ခြင်းမေတ္တာပေးနိုင်ဖို့အတွက် မျှဝေလိုက်ရပါတယ်။ ရာသီစက်ဝန်းရဲ့ အကျိုးသက်ရောက်မှုတွေဟာ သင်နဲ့ သင့်ချစ်သူပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်ဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873