စိတ်ဒဏ်ရာရဲ့ Relationship တွေအပေါ် သက်ရောက်မှုများ
စိတ်ဒဏ်ရာဟာ ကိုယ်တိုင်အတွက် ဆိုးကျိုးရှိနိုင်သလို အနားက ပတ်သက်ဆက်နွယ်သူတွေကိုပါ သက်ရောက်မှုတချို့ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ငယ်စဥ်က ရခဲ့တဲ့ စိတ်ဒဏ်ရာ၊ မိသားစုဆိုင်ရာ ပဋိပက္ခတွေ၊ အနိုင်ကျင့်စော်ကားခံရမှုတွေနဲ့ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရတဲ့ အခြေအနေတွေဟာ Relationship တည်ဆောက်မှုမှာ ပြဿနာတချို့ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးပါမယ်။
(၁) လက်တွဲဖော်ကို ယုံကြည်မှုအားနည်းမယ်
စိတ်ဒဏ်ရာတွေဟာ ကိုယ့်ရဲ့ ပုံမှန်အတွေးတွေကို ပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ နီးစပ်ရာ တစုံတယောက်က ကိုယ့်အပေါ်သစ္စာဖောက်တာ၊ ယုံကြည်မှု အလွဲသုံးစားလုပ်တာ စတာတွေကြောင့် စိတ်ဒဏ်ရာ ခံစားရသူတွေဟာ Relationship မှာ ယုံကြည်မှု အားနည်းလာတတ်ပြီး အလိုလို စိတ်အားငယ်လာတတ်ပါတယ်။ ဒီအချိန်မှာ လက်တွဲဖော်ကို အပြစ်မြင်လာတတ်ပြီး စိတ်လုံခြုံမှု မရှိတော့သလို နှစ်ဦးသားရဲ့ ပျော်ရွှင်စရာ အချိန်တွေ လျော့နည်းလာတတ်ပါတယ်။
(၂) လိုတာထက်ပိုပြီး ထိရှလွယ် ခံစားလွယ်မယ်
စိတ်ဒဏ်ရာ ခံစားရသူတွေဟာ ဝမ်းနည်းလွယ်ပြီး အစစအရာရာမှာ ထိခိုက်လွယ်၊ ခံစားလွယ်ကြပါတယ်။ တခါတရံ ကြုံခဲ့ဖူးတဲ့ အခြေအနေနဲ့ နီးစပ်တာ ဒါမှမဟုတ် တူညီတဲ့ အခြေအနေမျိုးနဲ့ တိုက်ဆိုင်မှုတွေ ခံစားရတဲ့ အချိန်တွေ စိတ်ခံစားချက်တွေ ပြင်းထန်ပြီး ထိခိုက်လွယ်လေ့ရှိကြပါတယ်။ ဒီအချိန်မှာ လိုတာထက်ပိုတဲ့ တုန့်ပြန်မှုတွေ ပြုလုပ်တတ်ကြသလို ပြဿနာ အသေးအဖွဲကြောင့် မကြာခဏဆိုသလို ကတောက်ကဆ ဖြစ်စေနိုင်ပါတယ်။
(၃) ကပ်တွယ်မှု နက်ရှိုင်းတယ်
စိတ်ဒဏ်ရာခံစားရတဲ့ တချို့သူတွေမှာ ချစ်သူကို ယုံကြည်အားကိုးလိုစိတ်၊ ချစ်သူရဲ့ ဂရုစိုက်မှုနဲ့ အလေးထားမှုကို ခံယူလိုကြပြီး ချစ်သူကို လိုတာထက်ပိုပြီး တွယ်ကပ်လေ့ရှိကြပါတယ်။ ဒီလို အခြေအနေမှာ ချစ်သူ့အတွက် အရာရာ စွန့်စား ပေးဆပ်လိုတာတွေ၊ ချစ်သူရဲ့ အနိုင်ယူမှုကို ကျေကျေနပ်နပ်နဲ့ လက်ခံတာတွေကိုလည်း တွေ့ရတတ်ပါတယ်။
(၄) အချိန်တိုင်း စိုးရိမ်ကြောင့်ကြနေမယ်
စိတ်ဒဏ်ရာရဲ့ သက်ရောက်မှုကြောင့် ချစ်သူနဲ့ အနာဂတ်ကို အတူပုံဖော်ရာမှာ စိတ်ပူပန်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေအပြင် အတွေးတွေ များနေတတ်လေ့ ရှိပါတယ်။ ဒါဟာ Healthy Relationship တစ်ခု တည်ဆောက်ဖို့အတွက် အနှောက်အယှက် ဖြစ်နိုင်သလို နှစ်ဦးသားရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။
(၅) ချစ်သူကို အဝေးကို တွန်းပို့နေမိမယ်
စိတ်ဒဏ်ရာကို ခံစားရသူတွေရဲ့ ခံစားရတဲ့ အနေအထားနဲ့ ပြဿနာတွေဟာ Relationship တွေမှာ အရေးပါတဲ့ ပတ်သက်ဆက်နွယ်မှု (Attachment) ပုံစံတွေကို သက်ရောက်နိုင်ပါတယ်။ တချို့က တခါစိတ်ဒဏ်ရာ ရပြီးနောက်မှာ နောက်တခါ ထပ်နာကျင်ရမှာ ကြောက်တဲ့ စိတ်နဲ့ ချစ်သူအပေါ်မှာ သူစိမ်းဆန်ဆန် ဆက်ဆံတာမျိုး၊ ကိုယ်နဲ့ ဝေးရာကို တွန်းပို့နေတတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။
စိတ်ဒဏ်ရာရဲ့ အခြေအနေ၊ ခံစားကြုံတွေ့ခဲ့ရပုံပေါ်မှာ မူတည်ပြီး Relationship အပေါ် သက်ရောက်မှုတွေ ကွဲပြားနိုင်ပါတယ်။ချစ်သူတွေကြား စိတ်ဒဏ်ရာကြောင့် ဝေးမသွားစေဖို့ဆိုရင် တဦးစီရဲ့ စိတ်ဒဏ်ရာကို ပွင့်ပွင့်လင်းလင်း ပြောပြထားပြီး ရင်ဖွင့်တာမျိုး လုပ်ပေးသင့်သလို အချင်းချင်း စိတ်ချင်း ဆက်သွယ်နေဖို့လည်း အရေးကြီးပါတယ်။
Relationship တွေမှာ စိတ်ဒဏ်ရာရဲ့ ဆိုးကျိုးကြောင့် ပြဿနာတွေ ကြုံတွေ့နေရပြီး တခါတရံ ကိုယ်တိုင်နဲ့ လက်တွဲဖော်အတွက် အန္တရာယ်တွေ ဖြစ်လာနိုင်တာကြောင့် နားလည် တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873