အစာအာဟာရနဲ့စိတ်ပိုင်းဆိုင်ရာ ဘယ်လိုဆက်နွယ်နေသလဲ?
အာဟာရမပြည့်ဝမှုက စိတ်ဓာတ်ကျနိုင်ခြေနဲ့ ပူပင်သောကရောက်နိုင်ခြေကို မြင့်မားစေပေမဲ့ အာဟာရပြည့်ဝစွာစားသုံးခြင်းကတော့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ကလေးငယ်များနဲ့ အရွယ်ရောက်လူငယ်များကို အုပ်စုခွဲပြီး ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံဆိုရာမှာ အာဟာရစုံလင်မျှတအောင်မစားသုံးတာအပြင် အစာစားချိန်မမှန်တာ ၊ အသင့်စားအစားအစာပဲစားတာ၊ ညအိပ်ခါနီးမှ ပိုစားမိတာ၊ အလုပ်လုပ်ရင်း အလုပ်စားပွဲမှာပဲ ဖြစ်သလိုစားလိုက်တာတွေပါ ပါဝင်ပါတယ်။
ဒီလို မမှန်ကန်တဲ့စားသောက်မှုပုံစံကြောင့် အချိန်ကြာလာတဲ့အခါ
စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခြင်း
လိုအပ်တာထက်ပိုပြီး အာရုံစိုက်ခံလိုခြင်း
အာရုံစူးစိုက်နိုင်စွမ်းအားနည်းခြင်း
ကိုယ်ခံစွမ်းအားကျဆင်းလာခြင်း
ဦးနှောက်ဖွံ့ဖြိုးမှု နှောင့်နှေးလာခြင်း
မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း လျော့နည်းလာခြင်း
စိတ်ဓာတ်ကျပြီး သောကရောက်လာခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ခံစားရလာတတ်ပါတယ်။
အပြန်အလှန်အနေနဲ့ စိတ်ဖိစီးမှုများလာခြင်းနဲ့ သောကတွေ ဖိစီးလေးလံလာခြင်းက အစားစားချိန်မမှန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ စားပြီး အော့အန်ခြင်းတို့ကိုဖြစ်စေနိုင်တာကြောင့် အာဟာရကို ဆုံးရှုံးစေပါတယ်။
အာဟာရမျှတစွာစားသုံးပေးခြင်းက
စိတ်ကို နိုးကြားတက်ကြွစေခြင်း
အိပ်ပျော်စေခြင်း
ရှင်းလင်းမှန်ကန်စွာ တွေးတောနိုင်စေခြင်း
မှတ်ဉာဏ်စွမ်းရည်တိုးတက်ခြင်း
စိတ်ခံစားချက် တည်ငြိမ်လာခြင်း
ပျော်ရွှင်မှုဟော်မုန်းများတိုးလာစေခြင်း
စိတ်ခွန်အားအပြည့်ဖြစ်စေခြင်း အစရှိတဲ့အကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။
ဒါဆို အာဟာရပြည့်ဝဖို့ ဘာတွေစားကြမလဲ။
ဆန်၊ ဂျုံ၊ ပြောင်း၊ ကောက်နှံအစုံအလင်။
အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များ။
Antioxidant ကြွယ်ဝတဲ့ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီး၊အစိမ်းရင့်ရောင်အရွက်၊ နနွင်း၊ ချီယာစေ့။
ပဲအမျိုးမျိုး။
အစေ့အဆံအမျိုးမျိုး။
မဂ္ဂနီဆီယမ်အတွက် ငှက်ပျောသီး၊ ပဲ၊ အစိမ်းရင့်ရောင်အရွက်များ ။
ဒိန်ချဉ်၊ ပဲတီချဉ်၊ ကင်မ်ချီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာများ။
အာဟာရစုံအောင် စားပေးရုံသာမက ပျိုးထောင်ရမဲ့ စားသောက်မှုပုံစံအလေ့အထတွေက :
အစာစားချိန်ကို ပုံမှန်သတ်မှတ်ထားပါ။
အစာစားချိန် လုံးဝမလွန်ပါစေနဲ့။
ညအိပ်ခါနီးမှ အလွန်အကျွံထစားတာကိုရှောင်ပါ။
အသင့်စားအစားအစာတွေ၊ ဆီကြော်တွေကိုရှောင်ပါ။
အချို၊ အငန်၊ အဆီ၊ အဆိမ့်လွန်ကဲတဲ့အစားအစာတွေကို ရှောင်ပါ။
ကော်ဖီမစ်၊ တီးမစ်၊ ဂတ်စ်ပါတဲ့အချိုရည်၊ အားဖြည့်အချိုရည်များကိုရှောင်ပါ။
တစ်ခါစားရင် ဗိုက်တင်းအောင် များများမစားလိုက်ပဲ နည်းနည်းစီ ခဏခဏစားပေးပါ။
ရေများများသောက်ပါ။
ရုပ်ပိုင်းဆိုင်ရာ အင်အားဖြစ်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ခွန်အားရစေဖို့ အစာအာဟာရဆိုတဲ့အရေးအကြီးဆုံး အခန်းကဏ္ဍကို မမေ့လျော့ကြဖို့တိုက်တွန်းလိုပါတယ်။
အကယ်၍ ကြိုးစားရှင်သန်ရင်းနဲ့ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေကြောင့်ဖြစ်စေ၊ အခြေအနေ ပြောင်းလဲမှုတွေကြောင့်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းကို ခံစားခဲ့ရရင် Call Me Today ကို ဒီ လင့်ကတဆင့် ဆက်သွယ်ပြီး ရင်ဖွင့်နိုင်ကြောင်း အသိပေးပါရစေ။
☎️: 09-5131873
Comments