top of page

စိတ်ဒဏ်ရာကပေးတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ



စိတ်ဒဏ်ရာဆိုတာ စိတ်ကျန်းမာရေး ပြဿနာတွေထဲမှာ သတိပြုရမယ့် အခြေအနေတခု ဖြစ်သလို စိတ်ဒဏ်ရာနဲ့အတူ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အမြဲတွဲလေ့ ရှိပါတယ်။  အထူးသဖြင့် စိတ်ဒဏ်ရာခံစားရသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ထိခိုက်မှုတွေ များစွာရှိတာကို လေ့လာမှုတွေအရ အခိုင်အမာ တွေ့ရှိထားပါတယ်။ 


စိတ်ဒဏ်ရာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ သက်ရောက်မှုတွေ ဖြစ်ပျက်လေ့ ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့် အာရုံကြောစနစ်နဲ့ ဟော်မုန်းထုတ်လုပ်ခြင်း စနစ်နှစ်ခုရဲ့ ပေါင်းစုံရာဖြစ်တဲ့ HPA (Hypothalamic Pituitary Adrenal Axis) ကို သွားရောက် လှုံ့ဆော်လေ့ရှိပြီး ရလဒ်အနေနဲ့ စိတ်ဖိစီးမှုကို ပိုမိုတုန့်ပြန်တာနဲ့ Stress ဟော်မုန်း (Cortisol) ကိုလည်း ပိုထုတ်စေပါတယ်။ Cortisol ရဲ့ ပမာဏက လိုတာထက် ပိုများတဲ့အခါမှာ ခန္ဓာကိုယ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ 


အဖြစ်များတဲ့ လက္ခဏာတွေ အနေနဲ့ ခေါင်းကိုက်တာ၊ နာကျင်မှု ပြင်းထန်တာ၊ တုန်ရီတာ၊ မောပန်းတာ၊ ချွေးစေးတွေပြန်တာ၊ အစားအသောက်ပုံစံ ပြောင်းလဲတာ၊ အာရုံနဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြောင်းလဲတာ၊ မူးဝေတာနဲ့ အမြင်ဝေဝါးတာ စတာတွေကို တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းမြန်တာ၊ စိတ်တို စိတ်ဆတ်လွယ်တာ စတဲ့ အခြေအနေတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ 


ဒါတင်မကပဲ တိုက်ရိုက်မဟုတ်ပေမယ့် စိတ်ဒဏ်ရာကြောင့် နောက်ဆက်တွဲ ကြုံရနိုင်တဲ့ တခြားသော ကျန်းမာရေး ပြဿနာတွေလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့် အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့ မကိုက်ညီနဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ နေဖြစ်တာ စတာတွေကလည်း ခန္ဓာကိုယ် ကျန်းမာရေးကို တနည်းတဖုံအားဖြင့် သက်ရောက်မှု ရှိနိုင်ပါတယ်။ 


ဒါ့ကြောင့်လည်း လေ့လာမှုတွေအရ စိတ်ဒဏ်ရာဟာ ကြိုတင် ကာကွယ်နိုင်တဲ့ တချို့သော ရောဂါတွေရဲ့ အကြောင်းရင်းတခု ဖြစ်နေတယ်လို့ တွေ့ရှိထားပါတယ်။ ဥပမာအားဖြင့် စိတ်ဒဏ်ရာဖြစ်ရာကနေ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဝလွန်ခြင်း၊ ကင်ဆာရောဂါ၊ ကျောကပ်ရောဂါနဲ့ အဆုတ်ရောဂါ စတဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ချေ ပိုများတယ်လို့လည်း တွေ့ရှိထားပါတယ်။ 


လေ့လာမှု တခုမှာဆိုရင် စိတ်ဒဏ်ရာ ခံစားရသူတွေအနေနဲ့ အူလမ်းကြောင်း မူမမှန်တဲ့ရောဂါ၊ နာတာရှည် နာကျင်ခြင်း ဝေဒနာနဲ့  နာတာရှည် မောပန်းနွမ်းနယ်ခြင်း ပြဿနာတွေကို သာမန်သူတွေထက် ၃ ဆ ပိုမို ကြုံတွေ့ရနိုင်ဖွယ် ရှိတယ်လို့ တွေ့ရှိထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စိတ်ဒဏ်ရာရဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ရောဂါဖြစ်ပွါးနှုန်းအပေါ်မှာ သက်ရောက်မှုနှုန်းဟာ သိသာထင်ရှားကြောင်းကို သိနိုင်မှာ ဖြစ်ပါတယ်။ 


ဒါတင်မကပဲ စိတ်ဒဏ်ရာခံစားရသူတွေမှာ အိပ်စက်ခြင်း ပြဿနာတွေ ရှိနေတတ်ကြပြီး ကောင်းမွန် လုံလောက်တဲ့ အိပ်စက်ခြင်းကို မရနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် အနားမရနိုင်ပါဘူး။ ဒါဟာ နေ့စဉ်ရက်ဆက်လာတဲ့အခါမှာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေနိုင်သလို သတိမေ့ရောဂါ၊ ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း စတဲ့ ရောဂါတွေရဲ့ ဖြစ်နိုင်ချေကို ပိုများစေနိုင်ပါတယ်။ 


ဒါ့ကြောင့် စိတ်ဒဏ်ရာဟာ စိတ်ကျန်းမာရေးသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်တာကြောင့် အချိန်မှီ ကုသဖြေရှင်းဖို့ အရေးကြီးပါတယ်။ စိတ်ဒဏ်ရာကြောင့် ကိုယ့်ကိုကိုယ် အန္တရာယ်ပြုတာတွေနဲ့ အဆုံးစီရင်တာတွေကလည်း အခုအချိန်ထိ ဖြစ်ရပ်တွေ ရှိနေတာကြောင့် မပေါ့ဆသင့်ပါဘူး။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/23
bottom of page