Working Mom နဲ့ Stay At Home Mom ရဲ့ အားသာချက် အားနည်းချက်များ
ကလေးယူပြီးနောက်မှာ မိခင်တစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲများစွာဖြစ်နိုင်ပြီး အထူးသဖြင့် အလုပ်ခွင်ကို ပြန်သွားမှာလား၊ အိမ်မှာပဲ ကလေးကို အပြည့်အဝ ဂရုစိုက်မှာလား ဆိုတာ မိခင်တိုင်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်လာပါတယ်။ ကိုယ်တိုင် ရွေးချယ်မှုကြောင့်ပဲဖြစ်ဖြစ် အခြေအနေ အရပဲဖြစ်ဖြစ် Working mom သို့မဟုတ် Stay at Home Mom ဖြစ်လာတဲ့အခါ ကွာခြားမှုတွေ များစွာရှိသလို ဒီ နှစ်ခုရဲ့ အားသာချက် အားနည်းချက်တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။
အရင်ဆုံး Working Mom တွေရဲ့ အားသာချက် ၊ အားနည်းချက်တွေကို မျှဝေပေးချင်ပါတယ်။ ကလေးကို အိမ်မှာထားခဲ့ရပြီး အလုပ်ခွင်ကို ပြန်ဝင်ရတာဟာ မိခင်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးကို အချိန်ပြည့် မစောင့်ရှောက်နိုင်သလို ကိုယ့်အစား ထိန်းကျောင်းပေးမယ့် သူကလည်း စိတ်ချရဖို့ လိုပါတယ်။ ကောင်းတဲ့အချက်ကတော့ Working Mom ဖြစ်တဲ့အတွက် ငွေကြေးကို တဖက်တလမ်းကနေ ရှာနိုင်တာကြောင့် ကလေးအတွက် ငွေကြေးထောက်ပံ့မှုမှာ ပါဝင်နိုင်မယ်၊ ကလေးကို အမြဲမကြည့်နိုင်ပေမယ့် ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးဖြစ်မယ်၊ အချိန်စီမံ ခန့်ခွဲမှု ပိုလုပ်နိုင်မယ်။ ဒါ့အပြင် ကလေးအနေနဲ့ မိခင်အပြင် တခြားသူများနဲ့ အချိန်ပေးဖြစ်တာကြောင့် ကလေးရဲ့ လူမှုဆက်ဆံရေး ကျယ်ပြန့်လာမယ် စတဲ့ ကောင်းကျိုးတွေ ရနိုင်ပါတယ်။
ဒါပေမယ့် တချို့မိခင်တွေဟာ ကလေးနဲ့ ခွဲခွာပြီး အလုပ်လုပ်ရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိနိုင်ပြီး အပြစ်ရှိသလို ခံစားရခြင်း၊ စိတ်ပူပန်စိုးရိမ်ခြင်း၊ ဝမ်းနည်းခြင်းတွေကို ခံစားရတဲ့အပြင် ကလေးနဲ့ အလုပ် မျှတမှု ရှိအောင် အလုပ်လုပ်ရသဖြင့် စိတ်ဖိစီးမှုများခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ကလေးအနေနဲ့လည်း မိခင်နဲ့ အချိန်ပြည့်မနေရတာကြောင့် တချို့သော ဖွံ့ဖြိုးမှုတချို့ နောက်ကျတာမျိုး ၊ ကျောင်းသင်ခန်းစာနဲ့ သင်ကြားရေးအပိုင်းမှာ လိုအပ်ချက်တွေရှိနိုင်သလို ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။
နောက်တပိုင်းကတော့ အိမ်မှာပဲ နေဖို့ ရွေးချယ်ဖြစ်ကြတဲ့ Stay at home mom တွေ အကြောင်းကို ဆက်ပြီး မျှဝေပေးပါမယ်။ တချို့သော မိခင်တွေကတော့ အလုပ်ခွင်ကို စွန့်လွှတ်ပြီး ကလေးအတွက်ပဲ အချိန်ပြည့်ပေးပြီး ထိန်းကျောင်းဖြစ်ကြပြီး ဒါကလည်း တဦးချင်းအလိုက် အားသာချက် အားနည်းချက်တွေရှိပါတယ်။ ဥပမာအားဖြင့် Stay at home mom တွေဟာ ကလေးကို အသေးစိတ် ဂရုစိုက်ဖြစ်ကြတာကြောင့် ကလေးအတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးမှု၊ သင်ကြားမှုနဲ့ အာဟာရ ပြည့်ဝမှုတွေကို အချိန်သေချာပေးဖြစ်လေ့ရှိပါတယ်။ ဒါတင်မကပဲ ကလေးအတွက် လုံခြုံစိတ်ချရမှု၊ ကလေးနဲ့ မိဘရဲ့ လိုက်လျောညီထွေရှိမှု၊ မိသားစုအချိန်လုံလောက်မှု ရှိတာကြောင့် နှစ်ဦးစလုံးရဲ့ စိတ်ကျန်းမာရေးကို ကောင်းကျိုးပေးနိုင်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း မိခင်ဖြစ်သူအနေနဲ့ အလုပ်ခွင်၊ တခြားသော လူမှုပတ်ဝန်းကျင်နဲ့ ကင်းကွာလာတာကြောင့် တခါတရံမှာ ကိုယ့်ကိုကိုယ် ပျောက်ဆုံးသလို ဖြစ်တာမျိုး၊ စိတ်ဓါတ်ကျတာ၊ ကလေးအပေါ်မှာ လိုတာထက်ပိုပြီး မျှော်လင့်မိတာကြောင့် အားမလိုအားမရဖြစ်ပြီး စိတ်ပျက်တာ၊ နေ့စဥ်ဘဝမှာ ငြီးငွေ့လာတာ စတဲ့ ခံစားချက်တွေရှိလာနိုင်သလို ကလေးအနေနဲ့လည်း မိခင်နဲ့ပဲ အချိန်များစွာ ကုန်ဆုံးရပြီး ပြင်ပလောကနဲ့ ဝေးကွာလာတာ စတာတွေ ခံစားရနိုင်ပါတယ်။ ဒါတင်မကပဲ ကလေးက မိခင်ကို လိုတာထက်ပိုပြီး ကပ်တွယ်တာမျိုး၊ မှီခိုလွန်းတာမျိုး စတာတွေလည်း ဖြစ်တတ်ပါတယ်။
Working Mom ဒါမှမဟုတ် Stay At Home Mom အဖြစ်ရွေးချယ်ခြင်းဟာ တဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့် ဖြစ်သလို မိသားစုဝင်တွေရဲ့ အခြေအနေ ၊ မိခင်ရဲ့ အလုပ်အပေါ်ထားတဲ့ သဘောထား စတဲ့ အချက်တွေပေါ်မှာ မူတည်နေပါတယ်။ ဒါဟာ မိခင်တယောက်ချင်းစီအတွက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသလို ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေ မရှိနေဖို့ လိုပါတယ်။ မိခင်အနေနဲ့ ကလေးအတွက် ပေးဖြစ်တဲ့ အချိန်နည်းသည် ဖြစ်စေ များသည်ဖြစ်စေ အရေးကြီးဆုံးကတော့ မိခင်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုကသာ အဓိကဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။
မိခင်တစ်ယောက်ရဲ့ ခရီးစဥ်ဟာ ရှည်ကြာပင်ပန်းသလို အခက်အခဲတွေ ရှိနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေလည်း များစွာ ရှိနေနိုင်ပါတယ်။ တကယ်လို့ မိခင်တစ်ယောက်အနေနဲ့ သင်နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873