top of page

ငလျင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ စိတ်ဒဏ်ရာ (PTSD) ကျန်ခဲ့ခြင်း 

  • Writer: Project Coordinator
    Project Coordinator
  • Apr 10
  • 2 min read



ကြီးမားပြင်းထန်တဲ့ အဖြစ်အပျက်တစ်ခုရဲ့ နောက်ကွယ်က ထိခိုက်နစ်နာမှုတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ဒဏ်ရာတွေကလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ငလျင်ဘေးကြီးကို ဆိုးဆိုးရွားရွား ကြုံတွေ့ရပြီးနောက်မှာ စိတ်ဒဏ်ရာတွေကို ခံစားရနိုင်သလို ဒီစိတ်ဒဏ်ရာတွေရဲ့ အကျိုးဆက်အနေနဲ့ PTSD (Post Traumatic Stress Disorder) လို့ ပြောတဲ့ စိိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှု ဝေဒနာကိုလည်း ခံစားရနိုင်ဖွယ် ရှိပါတယ်။ 


PTSD ရဲ့ လက္ခဏာများ 


(၁) မနှစ်မြို့ဖွယ်ရာ မှတ်ဉာဏ်များ 


ငလျင်ဘေးအတွင်းမှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မြင်ကွင်းတွေ၊ ဒါမှမဟုတ် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကနေ တဆင့် အသံနဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်တာ၊ အိပ်မက်ဆိုး မက်တာ၊ မတွေးပဲ မရအောင် အတွေးထဲ ပြန်ပေါ်လာပြီး နေမထိထိုင်မသာ ဖြစ်တာ၊ အိပ်မပျော်တာ စတာတွေဟာ PTSD ရဲ့ အသိသာဆုံး လက္ခဏာဖြစ်ပါတယ်။ အထူးသဖြင့် ငလျင်ပြီးသွားပေမယ့် မကြာခဏဆိုသလို ငလျင်လှုပ်စဥ် အချိန်ကလို ပြန်ခံစားနေရတာ၊ အဲ့အချိန်ကို ပြန်ရောက်သွားသလို ခံစားချက်တွေနဲ့ မွန်းကြပ်နေတာ၊ ဒီဖြစ်ရပ်ထဲကနေ ရုန်းမထွက်နိုင်တာ စတာတွေ ဖြစ်တတ်ပါတယ်။ 


(၂) ရှောင်ရှားခြင်း 


ငလျင်ကို ကြုံတွေ့ပြီးနောက် ငလျင်ကို ပြန်တွေးမိစေမယ့် လူတွေ၊ နေရာ နဲ့ အခြေအနေတွေကို ရှောင်ဖယ်လိုခြင်းကလည်း PTSD ရဲ့ လက္ခဏာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ငလျင်ကြောင့် စိတ်ဒဏ်ရာကျန်ခဲ့ကြသူများဟာ ငလျင်ဘေးသင့်တဲ့ နေရပ်ကို စွန့်ခွာတာ၊ ငလျင် ကူညီကယ်ဆယ်ရေးသမားတွေကို မြင်ရင် ရှောင်ဖယ်တာ၊ ငလျင်နဲ့ ပတ်သက်တဲ့ အတွေးတွေကို ဖယ်ရှားပစ်တာ၊ ငလျင် သတင်းတွေကို နားမထောင်တာ စတာတွေကို လုပ်ဖြစ်ကြပါတယ်။ 


(၃) ထိခိုက်လွယ်ခြင်း 


ငလျင်ဘေးကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရပြီးနောက်မှာ ငလျင်နဲ့ ပတ်သက်တဲ့ ကိစ္စအပါအဝင် တချို့ကိစ္စတွေမှာ သာမန်ထက်ပိုပြီး ထိခိုက်လွယ်တာမျိုးလည်း ခံစားရတတ်ပါတယ်။ အထူးသဖြင့် အလွန်အမင်း ကြောက်ရွံ့တာ၊ အာရုံစူးစိုက်ခြင်း မလုပ်နိုင်တာ၊ ဆူညံတဲ့ အသံတွေကို မခံစားနိုင်တာ၊ စိုးရိမ်ပူပန်စိတ်လွန်ကဲတာ၊ အိပ်ပျော်ရ ခက်ခဲတာ ဖြစ်လေ့ရှိပါတယ်။ တချို့ကလည်း ဒီခံစားချက်တွေကို ဖြေဖျောက်ဖို့အတွက် မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ အရက်သေစာသောက်စားခြင်းကဲ့သို့ မသင့်တော်တဲ့ နည်းလမ်းတွေကို အသုံးပြုရာကနေ စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ 


(၄) မကောင်းတဲ့ အကျိုးဆက်တွေကိုသာ မှန်းဆမိနေခြင်း 


ကြီးမားတဲ့ ငလျင်ဘေးအန္တရာယ်ကို မမျှော်လင့်ပဲ ကြုံတွေ့ပြီးနောက်မှာ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်နဲ့ ဒေါသစိတ် စတဲ့ အဆိုးဘက်ကို သွားတဲ့ ခံစားချက်တွေ ပိုခံစားရနိုင်သလို မဖြစ်သေးတဲ့ အန္တရာယ်တွေကိုလည်း တွေးပူတတ်ပါတယ်။ အထူးသဖြင့် နောက်တစ်ကြိမ် ငလျင် လှုပ်မှာ၊ ကြောက်မက်ဖွယ် ဖြစ်ရပ်တွေ ကြုံရမှာကို ကြိုတင် စိုးရိမ်နေတတ်ပြီး စိတ်ဖြောင့်လက်ဖြောင့် မနေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကိုလည်း နေ့စဥ်နဲ့ အမျှ ခံစားရနိုင်ပါတယ်။ 


(၅) နေ့စဥ် လုပ်ငန်းဆောင်တာတွေမှာ စိတ်ဝင်စားမှု လျော့နည်းလာခြင်း 


ပြင်းထန်တဲ့ ငလျင်ကြောင့် လူ့အသက် အိုးအိမ် များစွာ ထိခိုက်ပျက်စီးတာကို မျက်မြင်ကြုံတွေ့ရပြီးနောက်မှာ ပုံမှန်လုပ်နေကျ တနေ့တာ ကိစ္စတွေကို စိတ်ဝင်စားမှု မရှိတာတွေ ဖြစ်နိုင်ပြီး စိတ်ဓါတ်တက်ကြွမှုတွေ အလိုလို လျော့နည်းလာနိုင်ပါတယ်။ အထူးသဖြင့် တကိုယ်ရေ သန့်ရှင်းရေးနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ခြင်း (Self-care) ကိုပါ လုပ်ဖို့ စိတ်မပါ ဖြစ်တတ်ပြီး ဒါကလည်း ရေရှည်မှာ စိတ်ကျန်းမာရေးကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ 


အထူးသဖြင့် ငလျင်ကို တကယ်လက်တွေ့ ပြင်းထန်စွာ ရင်ဆိုင်ခဲ့ရသူများ၊ ငလျင်ဒဏ်ကြောင့် တန်ဖိုးထားတဲ့ စည်းစိမ် အိုးအိမ်နဲ့ မိသားစု ချစ်ခင်သူတွေကို ဆုံးရှုံးရသူတွေဟာ ငလျင်နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေကို ပိုကြုံတွေ့ရနိုင်ပါတယ်။ ဒီလို စိတ်ဒဏ်ရာတွေကြုံတွေ့ရတဲ့အခါ မိသားစုရဲ့ အားပေးနှစ်သိမ့်မှုအပါအဝင် စိတ်ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်မှုတွေကို လုံလုံလောက်လောက် ရယူဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။ ငလျင်ကြောင့် လက်တလော စိတ်ပိုင်းဆိုင်ရာ အကူအညီလိုတယ်၊ ဒါမှမဟုတ် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုတယ်ဆိုရင်  Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။


ငလျင်ဒဏ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး တထောင့်တအား အဖြစ် Call Me Today မှ ပညာရှင်များမှ “အခမဲ့” တိုင်ပင်ဆွေးနွေးပေးမဲ့ အစီအစဉ်လေးကို 2025 ဧပြီလ တစ်လ လုံး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလဲ အသိပေးလိုပါတယ်။ မိမိကိုယ်တိုင်ဖြစ်‌‌စေ၊ မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများ ဖြစ်‌စေ ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတယ်ဆိုရင် Call Me Today Facebook Page Messenger က တစ်ဆင့် Free Counseling Appointment ဆက်သွယ် ရယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။


☎️: 09-5131873

 
 

Categories

Other trending posts

1/36
bottom of page