top of page

ကျောင်းသားလူငယ်တွေ အားလပ်ချိန်မှာ အနားယူနိုင်မယ့် နည်းလမ်းများ



ပညာသင်စဉ် ကျောင်းသားဘဝမှာ စာနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ အလုပ်တဖက်နဲ့ ကျောင်းတတ်ရတယ်ဆိုရင်လည်း အလုပ်ကပေးတဲ့ ဖိအား.. စတဲ့အရာတွေဟာ စိတ်ကို ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေရဲ့ နေ့စဉ်ဘဝမှာ အနားယူချိန် အပြည့်အဝ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကျောင်းသားလူငယ်တွေ အနားယူချိန် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။ 


(၁) ဝါသနာပါရာ တခုခုကို လုပ်ပါ 


လူတိုင်းရဲ့ ဝါသနာတွေဟာ မတူညီနိုင်ပါဘူး၊ တချို့က စာဖတ်ရတာ၊ စာရေးရတာ နှစ်သက်တာ ရှိနိုင်သလို ရုပ်ရှင်ကြည့်ရတာ၊ ပန်းချီဆွဲရတာ၊ ဟင်းချက်ရတာ ကြိုက်တဲ့သူလည်း ရှိမှာပါ။ ဘယ်အရာပဲ ဖြစ်ဖြစ်…. လူတိုင်းက ကိုယ်ဝါသနာပါတဲ့ အရာကို လုပ်ရရင် ပျော်ရွှင်ကျေနပ်နေပြီး စိတ်ကို အနားပေးသလို ဖြစ်စေတာကြောင့် အားလပ်ချိန်မှာ ကိုယ်နှစ်သက်ရာကို ပြုလုပ်ပေးသင့်ပါတယ်။ 


(၂) ကျန်းမာရေးကို လိုက်စားပါ 


ကျောင်းနဲ့ အလုပ်မှာ ပေးတဲ့ စိတ်ဖိစီးမှုတွေဟာ ကိုယ်နဲ့ စိတ်ကျန်းမာရေးကို ထိိခိုက်စေနိုင်တာကြောင့် အနားယူချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ပေးသင့်ပါတယ်။ တချို့က အားကစားလုပ်ရတာ၊ ယောဂကျင့်ရတာကို နှစ်သက်ပြီး အားလပ်ချိန် ပြုလုပ်လေ့ ရှိကြပြီး လွယ်ကူပေါ့ပါးတဲ့ ပြေးတာ၊ လမ်းလျှောက်တာတွေကလည်း ကျန်းမာရေးကို အထောက်အကူပြုသလို ကိုယ်ခန္ဓာကိုလည်း ပေါ့ပါး သွက်လက်စေပါတယ်။ 


(၃) စိတ်တည်ငြိမ်စေမယ့် အရာတခုခုကို ပြုလုပ်ပါ


စိတ်တည်ငြိမ်တဲ့အခါမှာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး အာရုံစူးစိုက်မှုကို ပိုကောင်းစေပါတယ် ။ ဒါဟာ စာသင်ကြားရေးမှာပါ များစွာ အထောက်အကူပြုတာကြောင့် အားလပ်ချိန်မှာ စိတ်ငြိမ်စေမယ့် လေ့ကျင့်ခန်း၊ ဂိမ်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ- ပဟေဠိ (Puzzle) ဆက်တာမျိုး၊ စစ်တုရင်ကစားတာမျိုးအပြင် တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်း တွေအထိ ပြုလုပ်ပေးနိုင်ပါတယ်။ 


(၄) သဘာဝနဲ့ နီးကပ်အောင် နေကြည့်ပါ 


သဘာဝဟာ လူသားတွေအတွက် ထူးခြားတဲ့ စွမ်းအင်နဲ့ အေးချမ်းမှုတွေကို ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အနားယူချိန်မှာ သဘာဝနဲ့ နီးစပ်တဲ့ အရာတွေကို ပြုလုပ်ပေးတာကလည်း စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ- စိမ်းလန်းတဲ့ နေရာဒေသမှာ လမ်းလျှောက်တာမျိုး၊ အပင်စိုက်တာမျိုး၊ တောင်တက်တာမျိုး၊ သဘာဝအလှတွေကို ခံစားတာမျိုးဟာလည်း ကောင်းမွန်တဲ့ အနားယူခြင်းကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၅) ချစ်ရသူတွေကို အချိန်ပေးပါ 


တဦးနဲ့ တဦး ချိတ်ဆက်မှုတွေ၊ အပြန်အလှန် အားပေးချစ်ခင်မှုတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းလုံခြုံမှုကို ပေးပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။ ဒါ့ကြောင့် အနားယူချိန်မှာ ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ စကားပြောဆိုတာ၊ အတူတကွ အချိန်ကုန်ဆုံးတာတွေဟာ ပင်ပန်းမှုတွေကို အတိုင်းအတာ တခုအထိ လျော့နည်း သွားစေနိုင်ပါတယ်။ 


ကျောင်းသားအရွယ် လူငယ်ဘဝဟာ သင်ယူစရာတွေ လေ့လာလို့ မကုန်နိုင်အောင် များတယ် ဆိုပေမယ့် သင့်တော်လုံလောက်တဲ့ အနားယူချိန်ဟာလည်း အထိုက်အလျောက် လိုအပ်ပါတယ်။ အခုပြောပြခဲ့တဲ့ စိတ်အပန်းဖြေနိုင်တဲ့ နည်းလမ်းတွေဟာ လူငယ်တွေအတွက် အကျိုးရှိသလို အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။ 


အခုပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ တနေ့တာရဲ့ ပင်ပန်းမှုတွေက မသက်သာဘူး၊ စိတ်ကို အနားမရစေဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးသင့်ပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873






Categories

Other trending posts

1/23
bottom of page