top of page

မတူကွဲပြားမှုတွေကြားကနေ နားလည်ခွင့်လွတ်ပေးနိုင်တဲ့ Relationship တခု အကြောင်း



ချစ်သူစုံတွဲတွေဟာ ဘဝတခုကို နှစ်ယောက်အတူတကွ မျှဝေခံစား လျှောက်လှမ်းထားကြဖို့ ရွေးချယ်ထားကြသူတွေ ဖြစ်ပါတယ်။ တဦးစီရဲ့ ကြီးပြင်းလာတဲ့ပုံစံ၊ အတွေးအခေါ်နဲ့ ပတ်ဝန်းကျင်သက်ရောက်မှုတွေဟာ မတူညီနိုင်တာကြောင့် အရာရာမှာ တထပ်ထဲ တူညီဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒီလို ကွဲပြားမှုတွေကြားကနေ နားလည်ခွင့်လွတ်နိုင်တဲ့ စုံတွဲတွေဟာ Relationship မှာ ပိုပျော်ရွှင်ကြတာကြောင့် အသုံးဝင်မယ့် နည်းလမ်းတွေကို ဒီနေရာမှာ ပြောပြပေးချင်ပါတယ်။ 


(၁) နားထောင်ပေးပါ 


Relationship တွေမှာ များများပြောဖို့ထက် များများ နားထောင်ပေးဖို့ လိုပါတယ်။ အစစအရာရာကို အတူတကွ မျှဝေဖို့ စဉ်းစားထားပြီးပေမယ့် စုံတွဲတွေဟာ အပြန်အလှန် နားထောင်ပေးဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။  သူ့ဘက်က အတွေးအမြင်၊ ခံယူချက်၊ စိတ်နေသဘောထားတွေက ကိုယ်နဲ့ ကွဲပြားနေမယ် ဆိုရင်တောင် နားထောင်ပေးဖို့ ကြိုးစားကြည့်ပါ။ ဒါဟာ သာယာတဲ့ Relationship တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။ 


(၂) ကိုယ်ချင်းစာကြည့်ပါ 


ကိုယ်ချင်းစာတရားဟာ ချစ်ခြင်းမေတ္တာမှာ အလွန်လိုအပ်ပါတယ်။ သူ့ဘက်က ဘယ်လို ခံစားနေရမယ်၊ ငါသာ သူ့နေရာမှာဆိုရင် ဘယ်လို မြင်မိမှာလဲ၊ စတဲ့ မေးခွန်းတွေကို ပြန်မေးကြည့်ပြီး သူ့ရဲ့ အမြင်ကိုလည်း အလေးထားပါ။ အပြန်အလှန် နားလည်ခြင်းရဲ့ အခြေခံ သဘောတရားမှာ ကိုယ်ချင်းစာခြင်းက အဓိကကျတာကြောင့် ဖြေးဖြေးချင်း လေ့ကျင့်ပေးတာက Relationship တွေအတွက် ခိုင်မြဲစေမှာ ဖြစ်ပါတယ်။ 


(၃) အချိန်ယူပါ 


တခါတရံမှာ အမြင်မတူတဲ့ ပြဿနာတခုကို အလောတကြီး ဆုံးဖြတ်လိုက်တာကြောင့် ချစ်သူနဲ့ လမ်းခွဲရတာ၊ ချစ်သူ နှစ်ဦးကြား ခွင့်မလွတ်နိုင်တဲ့အထိ ဖြစ်တာတွေ ရှိတတ်ကြပါတယ်။ ဒါ့ကြောင့် ကွဲပြားမှုတွေကနေ ကြီးမားတဲ့ ပြဿနာတွေ မဖြစ်စေဖို့ အချိိန်ယူ ဖြေရှင်းဖို့ အရေးကြီးပါတယ်။ 


(၄) နှစ်ဦးသားရဲ့ ပြဿနာအဖြစ် တွေးပြီး ဖြေရှင်းပါ 


ပြဿနာ တခုဖြစ်လာပြီဆိုရင် သူ့ကြောင့် ငါ့ကြောင့် ဆိုတာထက်ကို ဒီပြဿနာကို အတူတကွ ဘယ်လို ဖြေရှင်းနိုင်မယ်ဆိုတာကို ဦးစားပေး တွေးကြည့်ပါ။ သူ့ဘက်က ဖြေရှင်းနည်းကိုလည်း ထည့်စဉ်းစားပြီး ကိုယ့်ရဲ့ ဖြေရှင်းနည်းနဲ့ ပေါင်းစပ်ကာ အကောင်းဆုံး လုပ်နိုင်မယ့် အခြေအနေကို အတူတကွ ဖြေရှင်းကြဖို့ လိုအပ်ပါတယ်။ 


 (၅) အတင်းညှိယူတာမျိုး မလုပ်ပါနဲ့ 


အစစအရာရာ တထပ်ထဲ တူညီတဲ့ ချစ်သူစုံတွဲဆိုတာ မရှိပါဘူး။ တချို့နေရာတွေမှာ အမြင်တူနိုင်သလို မတူကွဲပြားတာတွေလည်း အများကြီး ရှိတယ်ဆိုတာ နားလည်ထားဖို့ အရေးကြီးပါတယ်။ မတူညီတာတွေကို အတင်း ညှိယူမယ်ဆိုရင် နှစ်ဦးသားရဲ့ တင်းမာမှု အခြေအနေတွေက ပိုဆိုးလာနိုင်ပြီး ဖြေရှင်းမရတဲ့ ပြဿနာတွေနဲ့ လမ်းခွဲရတဲ့အထိ ဖြစ်နိုင်ပါတယ်။ 


Relationship တွေမှာ ကိုယ့်ဘက်ကပဲ ပြေလည်အောင် ကြိုးစားနေရုံနဲ့ မလုံလောက်ပါဘူး။ နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ ကိုယ်ချင်းစာမှုတွေနဲ့ ရှေ့ဆက်မှသာ သာယာပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အစွမ်းကုန် ကြိုးစားပေမယ့် Relationship မှာ အခက်အခဲ ကြုံနေရတယ်ဆိုရင် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးရတာ ရှိနိုင်ပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873


Categories

Other trending posts

1/23
bottom of page