မီးဖွားပြီးစ ဇနီးရဲ့ စိတ်ခံစားချက်အကြောင်း ခင်ပွန်းဘက်မှ သိသင့်သည့် အချက်များ
အမျိုးသမီးတွေဟာ ကလေးမီးဖွားပြီးစမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပြီး အနီးက လက်တွဲဖော်ရဲ့ ကူညီဖေးမမှုတွေ များစွာလိုအပ်ပါတယ်။ အထူးသဖြင့် ဒီအချိန်မှာ မိခင်တွေဟာ စိတ်ထိခိုက်လွယ်တာကြောင့် ခင်ပွန်းအနေနဲ့ ဇနီးအပေါ် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုနဲ့ နားလည်မှု အပြည့်ပေးတာဟာ မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မီးဖွားပြီးစ အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ ပြောပြပေးပါမယ်။
(၁) စိတ်တို ဒေါသထွက်ခြင်း
မိခင်တွေဟာ ကလေးမွေးဖွားပြီးစမှာ ဟော်မုန်းတွေရဲ့ အပြောင်းအလဲ၊ အိပ်စက်ချိန် မလုံလောက်ခြင်း၊ ပြင်ပလောကနဲ့ ထိတွေ့ရနည်းလာတဲ့အခါမှာ စိတ်မကြည်လင်တာ၊ စိတ်တို ဒေါသထွက်တာတွေ ဖြစ်လေ့ ရှိပါတယ်။ ဒီလို အခြေအနေမျိုးကြောင့် ခင်ပွန်းဖြစ်သူအပေါ် စိတ်မရှည်တာ၊ မကြာခဏ ရန်ဖြစ်တာ၊ ကတောက်ကဆ ဖြစ်တာတွေ ကြုံရလေ့ရှိပြီး ဒါဟာ ဖြစ်တတ်တဲ့ သဘာဝဖြစ်ကြောင်း ခင်ပွန်းအနေနဲ့ နားလည်သင့်ပါတယ်။ စကားများရန်ဖြစ်တာတွေ မကြာခဏ ကြုံရတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဦးတိုင်ပင် ဖြေရှင်းကြဖို့ ကြိုးစားသင့်ပါတယ်။
(၂) ဝမ်းနည်းလွယ်ခြင်း
ကလေးမွေးပြီးစမှာ ဟော်မုန်းတွေရဲ့ အကျိုးဆက်ကြောင့် မိခင်တွေဟာ ပိုပြီး ဝမ်းနည်းလွယ်ကြပါတယ်။ လက္ခဏာအနေနဲ့ အကြောင်းမရှိ ငိုယိုတာ၊ တခုခုကို အရင်ကထက် ထိခိုက်ခံစားလွယ်တာ၊ အထင်အမြင်မှားပြီး ဝမ်းနည်းတာတွေ ဖြစ်လေ့ရှိပြီး ဒီပြဿနာတွေဟာ ခင်ပွန်းအပေါ်မှာ များစွာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒါကို ခင်ပွန်းအနေနဲ့ ကြိုတင်သိရှိထားပြီး ဖေးမ ကူညီဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဒီလိုအချိန်ကာလမှာ ပြင်းထန်တဲ့ စကားတွေ၊ ကြိမ်းမောင်းပြောဆိုတာတွေ မပြုလုပ်ပဲ ဇနီးဖြစ်သူရဲ့ ခံစားချက်တွေကို နားလည်ပေးဖို့ လိုပါတယ်။
(၃) အားငယ်တတ်ခြင်း
ကလေးမွေးပြီးနောက် ခန္ဓာကိုယ် ပုံစံ ပြောင်းလဲတာ၊ လုပ်ငန်းခွင်နဲ့ ဝေးကွာတာ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ ရှိတာ စတဲ့ အချက်တွေကြောင့် မိခင်တွေဟာ အားငယ်တတ်လေ့ ရှိကြပါတယ်။ အထူးသဖြင့် ဒီလို အခြေအနေမှာ လိုအပ်တာက ခင်ပွန်းဖြစ်သူရဲ့ အားပေးနှစ်သိမ့်စကားကို လိုလားတောင့်တကြလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုကာလမှာ ခင်ပွန်းအနေနဲ့ ဇနီးရဲ့ အားနည်းချက်ကို ထောက်ပြတာမျိုး ၊ စိတ်ခံစားချက်ကို လျစ်လျူရှုတာမျိုး မလုပ်သင့်သလို ကိုယ်တိုင်လည်း ဖိအားပေးတာမျိုး မဖြစ်အောင် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
(၄) စိတ်ဓါတ်ကျခြင်း
ကလေးမွေးပြီးစ အမျိုးသမီး ၁၀၀ မှာ အနည်းဆုံး ၁၅ ယောက်ဟာ PostPartum Depression လို့ခေါ်တဲ့ စိတ်ဓါတ်ကျခြင်းကို ခံစားရလေ့ ရှိပါတယ်။ အထူးသဖြင့် လိုတာထက်ပိုပြီး စိုးရိမ်ပူပန်တာတွေ ဖြစ်တတ်ပြီး မှိုင်တွေ ငေးငိုင်တာ၊ အိပ်မပျော်တာတွေကစလို့ နောက်ဆက်တွဲအနေနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို ခံစားလာရပြီး ခန္ဓာကိုယ်အားနည်းလာတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ကြုံရပြီဆိုရင် ခင်ပွန်းအနေနဲ့ ဇနီးသည်ကို အနားယူဖို့ အချိန်ပေးရမှာ ဖြစ်သလို တာဝန်တွေကို ခွဲဝေလုပ်ဆောင်တာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးတာမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။
(၅) လိင်ဆန္ဒလျော့နည်းခြင်း
ကလေးမွေးပြီးစ အမျိုးသမီးတစ်ယောက်အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို စိတ်ဝင်စားမှု လျော့နည်းလာတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ် အပြောင်းအလဲ ၊ ဟော်မုန်းအပြောင်းအလဲနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် ဖြစ်နိုင်သလို ကလေးကို ပြုစုစောင့်ရှောက်ရင်းနဲ့ ပင်ပန်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇနီးမောင်နှံတွေဟာ ပြဿနာဖြစ်လေ့ရှိတာကြောင့် ဒါကို ခင်ပွန်းအနေနဲ့ နားလည်ပေးဖို့ လိုသလို အတင်းအကြပ် ဖိအားပေးတာမျိုး မပြုလုပ်သင့်ပါဘူး။
ကလေးမွေးပြီးစအချိန်မှာ ဇနီးမောင်နှံတွေအနေနဲ့ အနေဝေးကွာတတ်ပြီး နားလည်မှု လွဲတတ်တာကြောင့် ဆက်ဆံရေးမှာ အဖုအထစ်တချို့ ရှိတတ်ပါတယ်။ အထူးသဖြင့် ဒီလို ကာလမှာ အမျိုးသမီးတွေမှာ စိတ်ထိခိုက်စရာ အကြောင်းအရင်းများစွာ ရှိနိုင်တာကြောင့် ဇနီးမောင်နှံ ဆက်ဆံရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် ခင်ပွန်းဖြစ်သူဘက်က နားလည်မှုတွေ ပေးနိုင်ဖို့ အထူးအရေးကြီးပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အစစအရာရာ အလျှော့ပေးရတာ များလာတဲ့အခါမှာလည်း ခင်ပွန်းဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိလာနိုင်တာကိုလည်း မမေ့သင့်ပါဘူး။
တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873