top of page

လက်ထပ်မယ့် ချစ်သူစုံတွဲများအနေနဲ့ ကြိုတင်မျှော်လင့်ထားရမည့် အရာများ 



ချစ်ခြင်းမေတ္တာဟာ လေးနက်သလို လက်ထပ်ခြင်းက ဘဝနဲ့ ပတ်သက်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ လက်ထပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာပြီဆိုရင် ချစ်ခြင်းမေတ္တာထက် ပိုတဲ့ နားလည်ခွင့်လွတ်မှု၊ ညှိနှိုင်းဆွေးနွေးမှုနဲ့ အနာဂတ်ရည်မှန်းချက်တွေကို အတူတူ ပုံဖော်နိုင်မှု စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ လက်ထပ်မယ့် ချစ်သူတွေအနေနဲ့ မျှော်လင့်ထားရမယ့် အရာတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) နှစ်ဖက်မိသားစုကိစ္စများ 


ချစ်သူဘဝမှာ နှစ်ဦးအတွက်ပဲ စဉ်းစားရတယ် ဆိုပေမယ့် လက်ထပ်ပြီးချိန်မှာတော့ နှစ်ဖက်မိသားစု အရေးတွေကိုပါ ထည့်သွင်းစဉ်းစားရတာ ရှိလာနိုင်ပါတယ်။ အားလုံးဟာ မိသားစုတစုလို ဖြစ်လာတဲ့အခါမှာ အကောင်းအဆိုးတွေကို မျှဝေခံစားဖို့ လိုအပ်လာနိုင်ပါတယ်။ အထူးသဖြင့် မိသားစုကို ပြန်ငဲ့ရတဲ့ အိမ်ထောင်ဖက်တွေမှာ နှစ်ဖက်မိသားစု ကိစ္စတွေကြောင့် ပြဿနာမဖြစ်စေဖို့ ကြိုတင်စဉ်းစားထားရမှာ ဖြစ်ပါတယ်။ 


(၂) မျှဝေဆုံးဖြတ်ရခြင်းများ 


လက်ထပ်ပြီး နောက်မှာတော့ နှစ်ဦးသားအနေနဲ့ အရာရာကို မျှဝေဆုံးဖြတ်ဖို့  လိုအပ်လာနိုင်ပါတယ်။ ငွေကြေး၊ နေထိုင်ရေး၊ ရင်သွေးမွေးမြူ ပြုစုရေးကစလို့ အိမ်တွင်းရေး ပြဿနာတွေအထိ အတူတကွ စိတ်တူကိုယ်တူ ရင်ဆိုင်ဖို့ လိုအပ်လာမှာ ဖြစ်ပြီး တချို့အရာတွေမှာ သဘောထားချင်း မတိုက်ဆိုင်တာတွေ ညှိနှိုင်းရ ခက်ခဲတာတွေလည်း ရှိလာနိုင်ပါတယ်။ 


(၃) အနာဂတ်အတွက် စီစဉ်မှုများ  


သားသမီးယူသည်ဖြစ်စေ၊ နှစ်ကိုယ်ထဲဖြစ်စေ လက်ထပ်ကြပြီဆိုရင် အနာဂတ်အရေးကို အတူတူ စီမံဖို့ အရေးကြီးလာပြီ ဖြစ်ပါတယ်။ တူညီတဲ့ အနာဂတ်ကို ဖန်တီးကြရာမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင် ဆိုတာထက်ကို နှစ်ဦးလုံးအတွက် မျှဝေဆုံးဖြတ်ပြီး အတူ လျှောက်လှမ်းရတာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေကို လက််မထပ်ခင်ထဲက ကြိုတင် ညှိယူထားနိုင်ရင် အကောင်းဆုံးပါပဲ။ 


(၄) ကတိသစ္စာတရား 


လက်ထပ်တယ်ဆိုတာဟာ စာချုပ်စာတမ်းနဲ့ ကတိကဝတ်ပြုပြီး လူသိရှင်ကြား အတူနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ထပ်ပြီးနောက်မှာ နှစ်ဦးသားရဲ့ သစ္စာရှိမှု၊ စောင့်ထိန်းမှု၊ တန်ဖိုးထားမှုတွေ ပိုလိုအပ်လာနိုင်ပြီး အိမ်ထောင်ရေး တည်မြဲဖို့အတွက် နှစ်ဦးလုံးမှာ တာဝန်ရှိလာမှာ ဖြစ်ပါတယ်။ ဖောက်ပြန်တာတွေ၊ တင်္ဒဂ အပျော်ရှာတာတွေဟာ တရားဝင် အိမ်ထောင်ဖက်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပြီး အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်စေနိုင်တာကို သတိပြုဆင်ခြင်ဖို့ လိုပါတယ်။ 


(၅) အပြန်အလှန် အလျှော့ပေးမှုများ 


ချစ်သူစုံတွဲဖြစ်ဖြစ်၊ လက်ထပ်ပြီးနောက်မှာပဲ ဖြစ်ဖြစ် တဦးကနေ နှစ်ဦးဖြစ်လာပြီဆိုရင် ညှိနှိုင်းမှုတွေ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာနိုင်ပါတယ်။ ဒီလို ညှိနှိုင်းကြရာမှာ  စိတ်သဘောထားခြင်း မတိုက်ဆိုင်တဲ့အခါ ချစ်သူဘဝမှာ  အလွယ်တကူ ခွဲခွါနိုင်ကြတယ် ဆိုပေမယ့် အိမ်ထောင်သည် ဘဝရောက်လာချိန်မှာတော့ သည်းခံခွင့်လွတ်ရတာတွေ၊ အပြန်အလှန် နားလည််မှုတွေ၊ အလျှော့ပေးရတာတွေ ရှိလာနိုင်ပါတယ်။


(၆) Sex ကိစ္စ က ပုံမှန်အရာတခု ဖြစ်လာမယ် 


ချစ်သူဘဝမှာ Sex ကိစ္စဟာ နှစ်ဦးလုံးအတွက် အထူးတလှယ် တပ်မက်စရာ ကိစ္စဆိုပေမယ့် လက်ထပ်ပြီးနောက်မှာတော့ ဒါဟာ သာမန် နေ့စဉ်ကိစ္စ တခုမျှသာ ဖြစ်သွားနိုင်ပါတယ်။ တခါတရံ ရိုးအီတာတွေ၊ စိတ်မပါတာတွေလည်း ဖြစ်နိုင်ပြီး အပြောင်းအလဲ ဖြစ်စေမယ့် နည်းလမ်းတွေ ၊ စိတ်ပါစေမယ့် လှုံ့ဆော်မှုတွေကို ရံဖန်ရံခါ ဆိုသလို ပြုလုပ်ပေးတာက  အချစ်ခရီးလမ်းကို ပိုမို ခိုင်မြဲစေမှာ ဖြစ်ပါတယ်။ 


အိမ်ထောင်သည်ဘဝဟာ Relationship တွေရဲ့ ပန်းတိုင်လို့ ပြောကြပေမယ့် တကယ်တော့ လက်ထပ်ပြီးနောက်မှာ ကြုံတွေ့လာနိုင်တဲ့ ပြဿနာ ၊ ညှိနှိုင်းမှုတွေ များစွာ ရှိနေပါတယ်။ ချစ်သူဘဝမှာ ပျော်ရွှင်ရပေမယ့် လက်ထပ်ပြီးနောက်မှာ အဆင်မပြေလို့ ခွဲခွါကြသူတွေလည်း ရှိတာကြောင့် အခုပြောတဲ့အချက်တွေကို ကြိုတင် စဉ်းစားထားဖို့ လိုကြောင်း မျှဝေလိုက်ရပါတယ်။ 


သင့်အနေနဲ့ Relationship နဲ့ ပတ်သက်လို့ နှစ်သိမ့်ဆွေးနွေးဖို့ လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873










Categories

Other trending posts

1/23
bottom of page