လူငယ်များအတွက် အလုပ်နဲ့ဘဝ မျှတစေမယ့် နည်းလမ်းများ
ပညာတဖက်နဲ့ အလုပ်လုပ်နေရတဲ့အခါ ဒါမှမဟုတ် အလုပ်နှစ်ခု သုံးခု တပြိုင်နက်လုပ်ရတဲ့ အခါမှာ ကျောင်းသားလူငယ်တွေအနေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု ပင်ပန်းနွမ်းနယ်မှုတွေကို မဖြေဖျောက်ဖြစ်တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် လူငယ်တွေအတွက် အလုပ်နဲ့ဘဝ မျှတစေမယ့် (work-life balance) နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) ကြိုတင် အစီအစဉ်ဆွဲပါ
တနေ့တာ မစခင်မှာ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ချရေးထားပြီး အစီအစဉ်တကျ သတ်မှတ် လုပ်ဆောင်ခြင်းက အလုပ်ပြီးမြောက်ရာမှာ အထောက်အကူပြုနိုင်ပြီး အချိန်ပို ထွက်စေပါတယ်။ ဒါဟာ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ပူပန်မှုကိုလည်း လျော့နည်းစေသလို အလုပ်ပြင်ပအတွက် အချိန်ပေးဖြစ်ဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။
(၂) အချိန်ကို လေးစားပါ
အလုပ်စတင်မယ့် အချိန်၊ အလုပ်ပြီးချိန်၊ အနားယူရမယ့် အချိန်တွေကို တိတိကျကျနဲ့ လေးစားတတ်ဖို့ အရေးကြီးပါတယ်။ အချိန်ကို လေးစားတတ်ခြင်းက အလုပ်ကို လိုတာထက် ပိုမလိုဖို့ ကူညီပေးနိုင်ပြီး ဒါဟာ လူငယ်တွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အခြေအနေ တခုပဲ ဖြစ်ပါတယ်။
(၃) အလုပ်ခွင် ပျော်ရွှင်မှုကို အလေးထားပါ
ကိယ့်ရဲ့ အလုပ်ခွင်က စိတ်ညစ်စရာ၊ စိတ်ဖိစီးဖွယ်ရာ ပတ်ဝန်းကျင်တခု ဖြစ်နေမယ်၊ အလုပ်ကပေးတဲ့ စိတ်ဒဏ်ရာတွေဟာ အနားယူချိန်အထိပါ သက်ရောက်မှု ရှိနေမယ် ဆိုရင်တော့ ကောင်းမွန်တဲ့ အနားယူခြင်း မရနိုင်တဲ့အတွက် အလုပ်နဲ့ ပြင်ပဘဝ မမျှတနိုင်ပါဘူး။ ဒါပေမယ့် အလုပ်ခွင်မှာ ကိုယ်တိုင် မပြောင်းလဲနိုင်တဲ့ အခြေအနေတွေလည်း ရှိနိုင်သေးတာကြောင့် တတ်နိုင်သလောက်တော့ အလုပ်ခွင်မှာ စိတ်ချမ်းသာ ပျော်ရွှင်မှုကို အလေးထားပေးဖို့ လိုပါတယ်။
(၄) အလုပ်ပြင်ပမှာ ကောင်းမွန်စွာ အချိန်ကုန်ဆုံးဖြစ်ပါစေ
အလုပ်ကိုပဲ အမြဲစိတ်နှစ်ထားတယ်၊ အလုပ်အကြောင်းပဲ တွေးဖြစ်နေတယ်ဆိုရင် ကြာလာတဲ့အခါ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်ရဲ့ ပြင်ပမှာ အချိန်ကုန်ဆုံးဖြစ်တဲ့ အကျင့်ကိုလည်း ပြုလုပ်ထားသင့်ပါတယ်။ ဥပမာ- မိသားစုနဲ့ အတူတူ ပျော်စရာ ဖန်တီးတာမျိုး၊ ဝါသနာအတွက် အချိန်ပေးတာမျိုး၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်ပေးတာ၊ လူမှုရေးအရ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေ ကို အလုပ်နားချိန်မှာ ပြုလုပ်ပေးသင့်ပါတယ်။
(၅) ရံဖန်ရံခါ အနားယူပါ
အလုပ်မှာ ခဏတဖြုတ် အနားယူတာတွေ၊ အားလပ်ချိန်ပေးပြီး ခရီးသွားပေးတာတွေကို ရံဖန်ရံခါ ပြုလုပ်ပေးတာက အလုပ်ကပေးတဲ့ စိတ်မွန်းကြပ်မှုတွေကို အထိုက်အလျောက် လျော့နည်းစေပြီး အလုပ်အတွက် ပိုကောင်းတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
အလုပ်မှာ အောင်မြင်မှုကို လူတိုင်းလိုလားကြတယ် ဆိုပေမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကိုလည်း တန်ဖိုးထားသင့်ပါတယ်။ အလုပ်ကို အလွန်အကျွံလုပ်ခြင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အလုပ်နဲ့ ပတ်သက်တဲ့ စွမ်းဆောင်နိုင်စွမ်းကိုပါ ထိခိုက်နိုင်တာကြောင့် သတိပြုဆင်ခြင်ဖို့လိုပါတယ်။ အလုပ်နဲ့ နေ့စဉ်ဘဝမှာ ခက်ခဲတဲ့ ပြဿနာတွေ ရင်ဆိုင်နေရရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင်ပါ့တယ်။
အကယ်၍ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873