top of page

အိမ်မပျော်ခြင်း (Insomnia)ကို ဖြစ်စေသည့် အကြောင်းရင်းများ 



အိပ်မပျော်ခြင်း(insomnia) နဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ လူအများစုကို ခြောက်လှန့်နေတဲ့ ပြဿနာတွေထဲက တခုဖြစ်ပါတယ်။ အိပ်မရခြင်းကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ သက်ရောက်မှုတွေ ရှိနိုင်သလို စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ကျန်းမာရေးမှာလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒီလို အိပ် မပျော် တဲ့  အကြောင်း အရင်း တွေထဲက အဖြစ်များတဲ့ အရာတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။  


(၁) စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု 


အလုပ်၊ Relationship ၊ ငွေကြေး၊ အနာဂတ်ဘဝ၊ လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေး တခုခုကြောင့် စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတဲ့အခါ ညအိပ်မပျော်ခြင်း တွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေပြီး အနားယူချင်နေပေမယ့် စိတ်က တခုခုကြောင့် လေးလံနေပြီး နှစ်ခြိုက်စွာ မအိပ်စက်နိုင်တာတွေ ဖြစ်တာ၊ အိပ်စက်နေချိန် ပတ်ဝန်းကျင်က အရာအားလုံးကို သတိပြုမိနေတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ နေ့စဥ်ရက်ဆက် ဖြစ်လာပြီး အချိန်မှီ ရှာဖွေ ကုသမှု ၊ ဖြေရှင်းမှု မပြုလုပ်ဘူးဆိုရင် ရေရှည်မှာ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ကြုံတွေ့လာနိုင်ပါတယ်။


(၂) အိပ်စက်နည်း မမှန်ကန်ခြင်း 


အချိန်မှန် မအိပ်စက်တာ၊ တနေ့တာမှာ ကြိမ်ဖန်များစွာ တရေးတမော အိပ်စက်တာ၊ screen time များလွန်းတာတွေဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန် အိပ်စက်ချိန် စက်ဝန်းကို ထိခိုက်စေပြီး အိပ်စက်မှု ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်တဲ့ နေရာ အနီးတဝိုက် ဆူညံတာ အလင်းရောင် စူးရှလွန်းတာ စတာတွေကလည်း အိပ်မပျော်ခြင်း အကြောင်းရင်းတွေထဲက တခု ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်မယ့် နေရာ အနီးမှာ အနံ့အသက်မကောင်းတာ၊ အိပ်စက်တဲ့ အိပ်ရာက သက်တောင့်သက်သာ မရှိတာတွေကလည်း နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ အတွက် အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ 


(၃) ရောဂါခံစားရမှု 


နာတာရှည် နာကျင်မှု၊ ပန်းနာရင်ကြပ်ရောဂါ၊ အစာအိမ် လေချဉ်ပြန် ရောဂါနဲ့ တချို့သော အာရုံကြောဆိုင်ရာ ရောဂါတွေကလည်း နေ့စဉ် အိပ်စက်မှုကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပဲ အမျိုးသမီးတွေ မီးယပ်ဆိုင်ရာ အခြေအနေတွေ၊ ဟော်မုန်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကြောင့်လည်း ညအိပ်မပျော်ခြင်း ကို ဖြစ်စေနိုင်သလို တချို့သော ဆေးဝါးတွေကလည်း အိပ်စက်ခြင်းအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။  


(၄) စိတ်ကျန်းမာရေး ပြဿနာများ 


စိတ်ဓါတ်ကျခြင်း၊ စိတ်ထိခိုက်ဖွယ်ရာ အဖြစ်အပျက်ပြီးနောက် စိတ်ဖိစီးမှု ခံစားရခြင်း (Post Traumatic Stress Disorder)၊ စိတ်အတက်အကျမြန် စိတ်ဝေဒနာ (Bipolar Disorder) စတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေဟာလည်း အိပ် မပျော် သည့် ရောဂါ ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒီလို စိတ်ကျန်းမာရေး အခြေအနေတွေ ပိုဆိုးရွားလာတာနဲ့အမျှ ညဘက် အိပ်မပျော်ခြင်း တွေ ရက်ဆက်လာနိုင်ပြီး ရေရှည် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူကို တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ 


(၅) ကဖင်းဓါတ်၊ အရက်နဲ့ နီကိုတင်းဓါတ်များ 


ကဖင်းဓါတ်ဟာ ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် အိပ်စက်ချိန်ကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်စက်ခါနီး အချိန်မှာ ကော်ဖီ အများအပြားသောက်တာ ချောကလက် အလွန်အကျွံစားတာ စတဲ့ ကဖင်းဓါတ် ကြွယ်ဝတဲ့ အရာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒါတင်မကပဲ အရက်နဲ့ နီကိုတင်းဓါတ်က အိပ်စက်ခြင်းကို နှောက်ယှက်နိုင်တာကြောင့် အိပ်စက်ချိန်နဲ့ ကပ်ပြီး ဆေးလိပ်သောက်တာ၊ Vape သောက်တာ၊ အရက်သောက်တာတွေကို အလွန်အကျွံ မပြုလုပ်သင့်ပါဘူး။ အရက်ဟာ သောက်ပြီးနောက်မှာ မူးယစ်ထိုင်းမှိုင်းပြီး အိပ်ချင်စိတ်ကို အားပေးတယ်ဆိုပေမယ့် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုတော့ မပေးနိုင်တာကြောင့် အိပ်စက်ဖို့အတွက် အရက်ကို သုံးစွဲတာဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ 


အခုပြောခဲ့တဲ့ အချက်တွေအပြင် အလုပ်ချိန်နဲ့ အိပ်စက်အနားယူချိန် မမျှတတာ၊ အိပ်စက်ခါနီး အစားအသောက်ကို ပမာဏများများ စားသုံးတာ၊ သာမန်ထက် ပိုပြီး အတွေးလွန်တာ၊ အလုပ်ချိန်နဲ့ အိပ်စက်ချိန်မညီမျှတာ စတာတွေကလည်း အိပ်စက်ခြင်းအပေါ် သက်ရောက်မှု ရှိနိုင်သလို အသက်အရွယ် ရလာချိန်မှာလည်း ပုံမှန်ထက် အိပ်စက်ချိန်တွေ လျော့နည်းလာတာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ 


ဒီလို အိပ် မပျော် တဲ့ အကြောင်း အရင်း တွေကို သိရှိပြီး ဒါတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာမယ်ဆိုရင် အိပ်စက်ခြင်း ပြဿနာတွေဟာ လျော့နည်းလာမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အိပ်စက်ခြင်း ပြဿနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/36
bottom of page