top of page

ရာသီစက်ဝန်းကြောင့်ဖြစ်တဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရာမှာ အစားအသောက်နဲ့ လေ့ကျင့်ခန်းရဲ့ အရေးပါပုံ 



အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ခံစားချက်အပြောင်းအလဲတွေကို ပိုမိုကြုံတွေ့ရလေ့ရှိပြီး ရာသီစက်ဝန်းကလည်း ဒီလို စိတ်ခံစားချက်တွေ အပေါ်မှာ သက်ရောက်စေတဲ့ အကြောင်းအရင်းတွေထဲက တခု ဖြစ်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေကို ထိန်းချုပ်ရာမှာ နည်းလမ်းတွေများစွာ ရှိသလို နေ့စဥ်စားသောက်တဲ့ အစားအစာနဲ့ လေ့ကျင့်ခန်းကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ 


ပထမဆုံးအနေနဲ့ အစားအသောက်က စိတ်ခံစားချက်ကို ထိန်းချုပ်ရာမှာ ပြုလုပ်ပေးတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။ 


(၁) သွေးတွင်းသကြားဓါတ်ထိန်းညှိပေးခြင်း 


အထူးသဖြင့် ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွင်းသကြားဓါတ်ဟာ စိတ်ခံစားချက်နဲ့ များစွာသက်ဆိုင်နေပြီး သွေးတွင်းသကြားဓါတ် ကမောက်ကမဖြစ်တဲ့ အချိန်မှာ စိတ်ခံစားချက်အပြောင်းအလဲတွေ ဖြစ်နိုင်သလို စိတ်တိုဒေါသထွက်တာတွေ ဖြစ်နိုင်ပါတယ်။ အစားအသောက်ကို ပုံမှန် အချိန်မှန် သင့်တင့်မျှတစွာ စားသုံးခြင်းက သွေးတွင်းသကြားဓါတ်ကို ငြိမ်စေပြီး နောက်ဆက်တွဲအနေနဲ့ စိတ်ခံစားချက်တွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ 


(၂) အိပ်စက်မှုကို အားပေးခြင်း 


အထူးသဖြင့် ဥအမျိုးမျိုး၊ ငါး၊ အစေ့အဆန်တွေမှာ ပါဝင်တဲ့ omega 3 fatty acid ဟာ ဦးနှောက်ရဲ့ ကျန်းမာရေးကို ပိုကောင်းစေတဲ့အပြင် Serotonin ဟော်မုန်းထွက်တာကို အားပေးတာကြောင့် ကောင်းမွန်စွာ အိပ်စက်နိုင်သလို စိတ်ကျန်းမာရေးကို ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ 


(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း 


အစိမ်းရောင် အသီးအရွက်နဲ့ ဘယ်ရီသီးနဲ့ နနွင်း စတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းနဲ့ ဗီတာမင် ဓါတ်တွေဟာ နာကျင်မှုနဲ့  ရောင်ရမ်းမှုတွေကို သက်သာစေပြီး ရာသီလာစဥ် ဖြစ်တတ်တဲ့ နာကျင်မှုတွေကို သက်သာစေတာကြောင့် နောက်ဆက််တွဲ စိတ်ခံစားချက်တွေကိုပါ လျော့ပါးသက်သာစေပါတယ်။ 


(၄) ဟော်မုန်းအတက်အကျကို ထိန်းညှိပေးခြင်း


နောက်တခုကတော့ Magnesium နဲ့ ဗီတာမင်တွေ ပေါများတဲ့ ချောကလက်၊ ငှက်ပျောသီး စတာတွေဟာ ရာသီစက်ဝန်းအတွင်း ခံစားရတဲ့ ဟော်မုန်းအတက်အကျကို ထိန်းညှိပေးထားနိုင်တာကြောင့် စိတ်ခံစားချက်တွေကို လျော့ပါးသက်သာရာမှာ အထောက်အကူ ပြုနိုင်ပါတယ်။ 


(၅) ရေဓါတ်ဖြည့်တင်းပေးခြင်း 


ဒါတင်မကပဲ ရာသီသွေးဆင်းချိန်ကာလမှာ ရေဓါတ်ပြည့်ဝဖို့လည်း အရေးပါတာကြောင့် နေ့စဥ် ရေဓါတ်ကို ပုံမှန် ဖြည့်တင်းထားပေးမယ်ဆိုရင် မောပန်းနွမ်းနယ်ခြင်းနဲ့ အားအင်လျော့နည်းသလို ခံစားရခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တနေ့တာအတွက် သောက်သုံးရမယ့် ရေပမာဏ အနည်းဆုံး ၃ လီတာ ပြည့်အောင် သောက်သုံးတာ၊ ရေဓါတ်ပြည့်ဝတဲ့ အသီးအနှံတွေ စားသုံးတာမျိုးကို ရာသီစက်ဝန်းအတွင်း ပြုလုပ်ပေးသင့်ပါတယ်။ 


နောက်တခုကတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းကလည်း ရာသီစက်ဝန်းကြောင့်ဖြစ်တဲ့ စိတ်ခံစားချက်တွေကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။ 


(၁) စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု လျော့ကျပေးခြင်း 


အထူးသဖြင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ Endorphin ဟော်မုန်းတွေကို ထွက်စေနိုင်ပြီး စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုနဲ့ စိတ်ပူပန်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ ကိုယ်လက် လှုပ်ရှား ပြုလုပ်ခြင်းက Cortisol လို့ခေါ်တဲ့ Stress Hormone ကို နည်းစေနိုင်ပြီး စိတ်ခံစားချက်တွေကို ငြိမ်သက်စေပါတယ်။ 


(၂) နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း 


ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် ပိုမို နှစ်ခြိုက်စွာ အိပ်ပျော်နိုင်သလို အိပ်စက်ခြင်းကလည်း စိတ်ခံစားမှုအပေါ်မှာ များစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ လေ့ကျင့်ခန်းကို နေထိုင်ပုံမှန် ပြုလုပ်ခြင်းအားဖြင့် အိပ်စက်ရာမှာ ကောင်းမွန်အနားရစွာ အိပ်စက်နိုင်မှာ ဖြစ်ပြီး စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ 


(၃) Self-esteem မြင့်တက်စေခြင်း 


ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းကြောင့် နောက်ထပ် ရနိုင်မယ့် အကျိုးကျေးဇူးကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း (Self-esteem) ကို မြင့်တက်စေနိုင်ပြီး ဒါဟာ စိတ်ခံစားချက် အဆိုးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ့ပါးပြီး နေ့စဥ်ပြုလုပ်ရန် အဆင်ပြေတဲ့ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ရေကူးတာ၊ ပြေးတာ စတာတွေကို ပြုလုပ်ပေးတာဟာ စိတ်ခံစားချက်ကို ထိန်းချုပ်ရာမှာ များစွာ သက်ရောက်မှု ရှိစေပါတယ်။ 


ရာသီစက်ဝန်းရဲ့ သက်ရောက်မှုတွေဟာ အမျိုးသမီးတွေ လစဥ် ကြုံရတဲ့ ပြဿနာတခု ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေနိုင်ပြီး တချို့အမျိုးသမီးတွေမှာ နေ့စဥ် လုပ်ငန်းဆောင်တာတွေမှာပါ သက်ရောက်မှု ဖြစ်နိုင်တာကြောင့် သက်သာစေနိုင်မယ့် နည်းလမ်းတွေကို မျှဝေလိုက်ရပါတယ်။ တကယ်လို့ အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ စိတ်ခံစားချက်တွေက မသက်သာဘူး၊ ကိုယ်တိုင် ထိန်းချုပ်ဖို့ ခက်ခဲနေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ ဆွေးနွေးဖို့ လိုလာနိုင်ပါတယ်။ 


တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/36
bottom of page