top of page

ဇနီးမောင်နှံတွေ တာဝန်ကိုယ်စီ ခွဲဝေရာတွင် ထည့်သွင်းစဥ်းစားသင့်သော အချက်များ   



ဇနီးမောင်နှံတွေရဲ့ အိမ်တွင်းရေးပြဿနာတွေထဲမှာ တာဝန်ခွဲဝေမှု မညီမျှတာ၊ တာဝန်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် သဘောတူညီမှု မရှိတာတွေကလည်း အဖြစ်များတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားဖြစ်သူက အိမ်ထောင်ဦးစီးနေရာနဲ့ မိသားစုရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်အတွက်် အလုပ်လုပ်ရတဲ့ အခါမှာ အမျိုးသမီးအနေနဲ့ အိမ်မှုကိစ္စနဲ့ ကလေးပြုစုစောင့်ရှောက်ရေးမှာ တာဝန်ယူသင့်တယ်လို့ စံသတ်မှတ်ချက်တွေ ရှိနေကြပေမယ့် ဒါဟာ မိသားစုတိုင်းအတွက် မသင့်တော်တာလည်း ဖြစ်နိုင်ပါတယ်။ 


တခါတရံမှာ အမျိုးသမီးအနေနဲ့ပါ အမျိုးသားနဲ့ အတူ အလုပ်လုပ်ပြီး ငွေရှာဖို့ လိုအပ်လာတာမျိုး ရှိနိုင်သလို အိမ်မှုကိစ္စ အဝဝနဲ့ ကလေးပြုစုစောင့်ရှောက်ရေးမှာလည်း အမျိုးသမီးတစ်ယောက်တည်းနဲ့ မနိုင်မနင်း ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာတော့ ဇနီးမောင်နှံတွေဟာ  နှစ်ဦးသဘောတူနဲ့ တာဝန်တွေကို ခွဲဝေယူဖို့ အရေးကြီးလာပါတယ်။ ဘယ်တာဝန်ကို ဘယ်သူယူသင့်တယ် ဆိုတာကတော့ တအိမ်ထောင်နဲ့ တအိမ်ထောင် မတူကွဲပြားနိုင်သလို နှစ်ဦးသားရဲ့ ဆန္ဒပေါ်မှာ မူတည်ပါတယ်။ ဒီလိုမျိုး တာဝန်တွေကို ခွဲဝေယူတော့မယ်ဆိုရင် ထည့်သွင်းစဥ်းစားရမယ့် အချက်တွေကို ဒီကနေ မျှဝေပေးပါမယ်။ 


(၁) ပွင့်ပွင့်လင်းလင်း ဆက်သွယ်ညှိနှိုင်းပါ 


တာဝန်တွေကို ခွဲဝေတဲ့အခါမှာ တစ်ဦးထဲက ဦးဆောင်ပြီး စီမံခန့်ခွဲတာထက် နှစ်ဦးသား ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတာမျိုးဟာ ရေရှည်အတွက် အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ ဇနီးမောင်နှံ ဆက်ဆံရေးမှာ ပွင့်ပွင်းလင်းလင်း ဆက်သွယ်တာဟာ အလွန်အရေးပါတဲ့ အချက်တခု ဖြစ်တာကြောင့် တာဝန်ခွဲဝေရာမှာလည်း နှစ်ဦးသား သဘောတူဖြစ်စေဖို့ ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ 


(၂) ကျား၊ မ ခွဲခြားတာမျိုး မလုပ်ပဲ တန်းတူ ခွဲဝေပါ 


အမျိုးသားမို့လို့ ငွေရှာရမယ် ၊ အမျိုးသမီးမို့လို့ အိမ်မှုကိစ္စ လုပ်ရမယ် စသဖြင့် ကျား၊ မ ခွဲခြားပြီး အလုပ်တာဝန်တွေကို သတ်မှတ်တာမျိုးဟာ ရှေးရိုးဆန်တဲ့ အလေ့အထဖြစ်ပြီး တကယ့်လက်တွေ့နဲ့ အံဝင်မှု မရှိတော့ပါဘူး။ အခုဆိုရင် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ ရင်ဘောင်တန်းပြီး အလုပ်တာဝန်တွေကို ယူနိုင်လာပြီ ဖြစ်သလို အမျိုးသားတွေဟာလည်း အမျိုးသမီးတွေရဲ့ အိမ်မှုကိစ္စ အလုပ်တွေမှာ တတ်စွမ်းသလောက် ကူညီလုပ်ကိုင်ပေးနေပြီ ဖြစ်ပါတယ်။ ဒါဟာ ဇနီးမောင်နှံတွေမှာ တက်ညီလက်ညီ လုပ်ကိုင်ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ 


(၃) ကိုယ်စီတာဝန်ဆိုတာထက် မိသားစုကိစ္စအဖြစ် တွေးပြီး လုပ်ဖြစ်ပါစေ 


သူ့တာဝန် ၊ ကိုယ့်တာဝန် ခွဲခြားသတ်မှတ်ထားတယ် ဆိုပေမယ့် ရည်ရွယ်ချက်က မိသားစုအရေးအတွက်သာ ဖြစ်တယ်ဆိုတဲ့ အချက်ဟာ အလွန်အရေးပါတဲ့ အချက်တခုပါပဲ။ အထူးသဖြင့် ကလေး ပြုစုပျိုးထောင်ရေးဆိုတာဟာ မိခင်တစ်ဦးထဲမှာ တာဝန်ရှိတာ မဟုတ်ပဲ ဖခင်ရဲ့ ဖေးမကူညီမှုနဲ့ ဖြည့်ဆည်းမှုတွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ဝာာဝန်တွေ ခွဲခြားသတ်မှတ်ထားသည့်တိုင်အောင် ရည်ရွယ်ချက် တူညီတဲ့ အလုပ်ကို အတူတကွ လုပ်ဖြစ်နေတယ်  ဆိုတဲ့ အသိဟာ နှစ်ဦးသားရဲ့ စိတ်ကိုပိုမို ချိတ်ဆက်စေပါတယ်။ 


(၄) တစ်ဦးရဲ့ တာဝန်က တစ်ဦးက အပြန်အလှန် ကူညီဖြစ်ပါစေ 


တာဝန်တွေ ကိုယ်စီခွဲဝေထားပေမယ့် နှစ်ဦးမှာ တစ်ဦးက နေထိုင်မကောင်းသည် ဖြစ်စေ၊ အခြေအနေ တခုခုကြောင့် တာဝန်လစ်ဟင်းခဲ့သည် ဖြစ်စေ အပြစ်တင်တာမျိုးမလုပ်ပဲ အပြန်အလှန် ကူညီပေးဖို့ လိုပါတယ်။ ဒီအချက်ကလည်း ဇနီးမောင်နှံတွေမှာ အရေးပါတဲ့ အချက်တခုဖြစ်သလို နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။


ဇနီးမောင်နှံတွေမှာ တာဝန်တွေခွဲဝေယူတာဟာ မိသားစုကိစ္စတွေ အချိန်မှီ ပြီးမြောက်ဖို့ ပိုကူညီပေးနိုင်သလို ဘက်ပေါင်းစုံ ပြည့်စုံစေဖို့ အထောက်အပံ့ဖြစ်စေတာကြောင့် တာဝန်အညီအမျှ ခွဲဝေသင့်ပါတယ်။ ဒါပေမယ့် ဇနီးမောင်နှံတွေမှာ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာက အဓိကျတာကြောင့် ဒါကို အလေးထားပြီး မောင်တထမ်း မယ်တရွက် လုပ်ဆောင်ဖြစ်မယ် ဆိုရင် အိမ်ထောင်ရေး မှာ အရာရာ အဆင်ပြေချောမွေ့နိုင်မှာ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။ 


တကယ်လို့ ဇနီးမောင်နှံတွေအနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/25
bottom of page