top of page

မိမိကိုယ်ကို တန်ဖိုးထားခြင်း (Self-esteem) အပေါ် ရာသီစက်ဝန်းရဲ့ သက်ရောက်မှု 




အမျိုးသမီးတွေမှာ သဘာဝအတိုင်း ရှောင်လွှဲလို့ မရတာကတော့ ရာသီစက်ဝန်းနဲ့ သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ရာသီစက်ဝန်းရဲ့ သက်ရောက်မှုတွေဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပြီး တချို့မှာတော့ self esteem လို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်းကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဘယ်လို နည်းအားဖြင့် ရာသီစက်ဝန်းရဲ့ အကျိုးသက်ရောက်မှုကနေ self esteem ကို ထိခိုက်စေတာလဲဆိုတာကို ဒီကနေ ပြောပြချင်ပါတယ်။ 


(၁) ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း 


ရာသီစက်ဝန်းအတွင်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ်မှာ ရေဓါတ်စုပုံခြင်းတွေ ဖြစ်နိုင်ပြီး ဒီကာလမှာ 

အမျိုးသမီး အချို့အနေနဲ့ ကိုယ်အလေးချိန်တက်တာ၊ ခန္ဓာကိုယ် ပုံစံ အနည်းငယ်ပြောင်းလဲတာ၊ ဗိုက်ပူခြင်း၊  ဖောရောင်ခြင်း ဖြစ်တာတွေ ကြုံရတတ်ပြီး ဒီလို ပုံပန်းသွင်ပြင်ကြောင့် self esteem ကျဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါတင်မကပဲ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်တာ၊ အသားအရေ အရောင်ပြောင်းလဲတာတွေ ဖြစ်လာနိုင်ပြီး ဒါကလည်း ကိုယ့်ကိုယ့်ကို ယုံကြည်မှုကို ကျဆင်းစေနိုင်ပါတယ်။ 


(၂) စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်ခြင်း 


ရာသီစက်ဝန်းကြောင့် Estrogen နဲ့ Progesterone ဟော်မုန်း အတက်အကျတွေ ဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဝမ်းနည်းခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊ စိတ်ဓါတ်ကျခြင်း စတဲ့ အဆိုးဘက်ကို သွားတဲ့ ခံစားချက်တွေ ကြုံရတဲ့အခါ စိတ်ကျန်းမာရေးကို တမျိုးတဖုံ ထိခိုက်စေနိုင်ပြီး ဒါကလည်း Self esteem ကို သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ 


(၃) အလုပ်စွမ်းဆောင်ရည် ကျဆင်းလာခြင်း 


ရာသီစက်ဝန်းအတွင်းမှာ အမျိုးသမီးအများစုဟာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရလေ့ရှိပြီး အာရုံစူးစိုက်မှု လျော့နည်းလာနိုင်တာကြောင့် အလုပ်မှာ ခရီးမတွင်တာ၊ မျှော်မှန်းထားသလောက် အလုပ်တာဝန်တွေ မပြီးမြောက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မကပဲ ရာသီလာစဉ် နာကျင်ခြင်းနဲ့ စိတ်မသက်သာခြင်းတွေကြောင့် အလုပ်ချိန် ပျက်တာ၊ အချိန်မှီ အလုပ်မပြီးစီးတာတွေကြောင့်လည်း နောက်ဆက်တွဲ အနေနဲ့ self esteem ကို ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။


(၄) လူမှုရေး ပြဿနာများ 


တချို့သော နေရာဒေသ၊ အတွေးအခေါ်၊ ယဉ်ကျေးမှုတွေဟာ အမျိုးသမီးတွေရဲ့ ရာသီသွေးဆင်းခြင်းနဲ့ ပတ်သက်တဲ့ အမြင်မှား တချို့ ရှိနေပြီး အမျိုးသမီးတွေကိုယ်တိုင်ကလည်း ရာသီသွေးဆင်းတဲ့ ဖြစ်ရပ်ကို ရှက်ရွံတာ၊ ကိုယ့်ကိုကိုယ် ရွံရှာ မသတီတာတွေ အခုအချိန်အထိ ရှိနေကြပြီး ဒီကာလအတွင်း လူအများကို ရှောင်ဖယ်တာ၊ တဦးတည်း နေလိုတာ စတဲ့ အခြေအနေတွေ ရှိတတ်ကြပါတယ်။ ဒါကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု လျော့နည်းခြင်းရဲ့ လက္ခဏာတခု ဖြစ်သလို Self-Esteem ကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ 


ဒီလိုမျိုး Self-Esteem လျော့နည်းလာတာကို သက်သာစေဖို့အတွက်ဆိုရင် Self-care များများ လုပ်ပေးဖို့ လိုသလို ဒီဖြစ်ရပ်တွေဟာ ခဏတာပဲ ဖြစ်တယ်၊ အမျိုးသမီးတွေ အနေနဲ့ မရှောင်လွဲနိုင်တဲ့ သဘာဝဖြစ်ရပ်တခုသာ ဖြစ်တယ်လို့ လက်ခံ ယုံကြည်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဒီကာလအတွင်းမှာ မကောင်းမြင်တတ်တဲ့ အတွေးတွေကို လျှော့ချဖို့ လိုသလို စိတ်ရော ကိုယ်ပါ အပြည့်အဝ အနားယူဖို့ လိုအပ်ပါတယ်။


ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ၊ အစာအာဟာရ သင့်တင့်မျှတစွာ စားတာ၊ ချစ်ခင်သူတွေနဲ့ အချိန်ကုန်ဆုံးတာ၊ ဝါသနာပါတာအတွက် အချိန်ပေးတာ၊ စာအုပ်ဖတ်တာ၊ တရား ထိုင်တာနဲ့ သဘာဝနဲ့ ထိတွေ့တာ စတာတွေကို ပြုလုပ်ပေးတာကလည်း စိတ်ခံစားချက်တွေကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ 


တကယ်လို့  စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ရာ ခက်ခဲတာကြောင့် သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/36
bottom of page