top of page

စိတ်ကျဝေဒနာ (Depression)  ခံစားနေရတဲ့ ချစ်ခင်ရသူတွေကို ဘယ်လိုကူညီနိုင်မလဲ



စိတ်ကျဝေဒနာ (Depression) ဆိုတာ လူတိုင်း အချိန််မရွေး ဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခု ဖြစ်တာကြောင့် ကိုယ်တိုင် အပါအဝင် ကိုယ်ချစ်ခင်ရတဲ့ သူတွေဟာလည်း တချိန်မဟုတ် တချိန် စိတ်ကျဝေဒနာကို ကြုံတွေ့ရနိုင်ပါတယ်။  ဒီလိုမျိုး ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေမှာ စိတ်ကျဝေဒနာ ခံစားရပြီဆိုရင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) သင်ကိုယ်တိုင် စိတ်ကျဝေဒနာအကြောင်း လေ့လာပါ


စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ စိတ်ကျဝေဒနာကို သက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို သင်ကိုယ်တိုင် အနည်းအကျဉ်း သိထားဖို့ လိုပါတယ်။ စိတ်ကျဝေဒနာကို ခံစားရတာဟာ အားနည်းချက် ရှိလို့ မဟုတ်ပဲ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာ တခုဖြစ်ကြောင်းကိုလည်း ကိုယ်တိုင်သိထားမယ်ဆိုရင် ခံစားနေရသူကို အတိုင်းအတာတခု အထိ နားလည်ပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၂) နားထောင်ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါစေ 


စိတ်ကျဝေဒနာ ခံစားနေရသူအတွက် တီးတိုးတိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်အဖြစ် နားထောင်ပေးသူ တစ်ယောက် လိုအပ်ပါတယ်။ သင်ချစ်ခင်ရသူအတွက် အကြံဉာဏ်မပေးဖြစ်ရင်တောင် သူလိုအပ်တဲ့ အချိန်မှာ အပြစ်တင် ဝေဖန်ခြင်း မရှိပဲ စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေး နားထောင်ပေးမယ်ဆိုရင် စိတ်ကျဝေဒနာကို သက်သာလျော့ပါးစေဖို့ အကောင်းဆုံး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၃) အတူ ရှိပေးပါ 


သင်ချစ်ခင်ရသူ စိတ်ကျနေတဲ့ အချိန်မှာ သူ့အတွက် နားလည်ပေးနိုင်မယ့် သူတစ်ယောက် အနားမှာ အတူရှိပေးတာက အကောင်းဆုံး နည်းလမ်းတခု ဖြစ်ပါတယ်။ သူ့ရဲ့ စိုးရိမ်မှုတွေ၊ ခံစားချက်တွေ၊ နာကျင်ဝမ်းနည်းမှုတွေနဲ့ စိတ်ဓါတ်ကျမှုတွေကို အတူတူ ရင်ဆိုင်ပြီး ဖြေရှင်းပေးမယ်ဆိုရင် စိတ်ကျဝေဒနာကနေ အထိုက်အလျောက် လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ခင်ရသူရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် နည်းလမ်းတွေဖြစ်တဲ့ လေ့ကျင့်ခန်း အတူတူလုပ်တာမျိုး၊ စိတ်အပန်းဖြေစရာ နည်းလမ်းတွေကို အတူတကွ ရှာဖွေတာမျိုးကို ပြုလုပ်ပေးတာကလည်း ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ 


(၄) လက်တွေ့ ဆန်ဆန် နှစ်သိမ့်ပေးပါ 


အကောင်းဘက်ကို သွားတဲ့ အတွေးတွေ၊ အကောင်းမြင်တဲ့ စိတ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းကျိုးပေးတယ် ဆိုပေမယ့် တခါတရံမှာ Toxic Positivity လို့ ခေါ်တဲ့ အကောင်းမြင်လွန်းတဲ့ စိတ်ကြောင့် အဆိပ်အတောက် ဖြစ်တာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ အားပေးမယ့်အစား လက်တွေ့ဆန်ဆန်နဲ့ နှစ်သိမ့်ပေးတတ်ဖို့လည်း အရေးကြီးပါတယ်။ 


(၅) စိုးရိမ်ဖွယ်ရာ အခြေအနေကို လျစ်လျူမရှုပါနဲ့ 


သင်ချစ်ခင်ရသူ မိတ်ဆွေ၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်အနေနဲ့ စိတ်ကျဝေဒနာ ခံစားနေရတယ်၊ သူ့ကိုယ်သူ အန္တရာယ် ပြုဖို့ စဉ်းစားနေတယ်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေချင်တယ်လို့ အသိပေးလာတယ်ဆိုရင် ဒါဟာ မပေါ့ဆသင့်တဲ့ အခြေအနေ တခု ဖြစ်ပါတယ်။ ဒီလို အနေအထားမှာဆိုရင် စိုးရိမ်ဖွယ်ရာ ဖြစ်တာကြောင့် အနီးကပ်အနေနဲ့ သတိပြုစောင့်ကြည့်ဖို့ လိုပါတယ်။ 


တကယ်လို့ သင်ချစ်ခင်ရသူ အနေနဲ့ စိတ်ကျဝေဒနာကြောင့် ခံစားချက်တွေ ပြင်းထန်နေတယ်၊ ထိန်းချုပ်ရခက်ခဲတာကြောင့် နေ့စဉ်ဘဝမှာ များစွာ သက်ရောက်မှု ရှိနေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် ချိတ်ဆက်ပေးသင့်ပါတယ်။ 


သင့်အနေနဲ့ စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873


Categories

Other trending posts

1/36
bottom of page