top of page

ရာသီစက်ဝန်းမှာ ကြုံရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကြောင့် နေ့စဉ် အလုပ်တွေ မထိခိုက်စေဖို့




ရာသီစက်ဝန်းဟာ အမျိုးသမီးတွေအတွက် လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီလို ရက်အပိုင်းအခြားတွေမှာ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပြင်းထန်လေ့ရှိပြီး တခါတရံမှာ ဒီခံစားချက်တွေက  နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပါတယ်။ ဒီလို စိတ်ခံစားချက်တွေကြောင့် နေ့စဉ်အလုပ်တာဝန်တွေမှာ လစ်ဟင်းမှု မရှိစေဖို့ ကာကွယ်ရမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။  


(၁) ကြိုတင် အစီအစဉ်ဆွဲပါ 


များသောအားဖြင့် ရာသီရက်မှန်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းဟာ ၂၈ ရက်ကနေ ရက် ၃၀ အထိ ကြာလေ့ ရှိပါတယ်။ အမျိုးသမီးအများစုက ကိုယ့်ရဲ့ ရာသီရက်ကို ကြိုတင်မှန်းဆတတ်ကြသလို ဒီစက်ဝန်းကို သိရှိထားခြင်းအားဖြင့် ကိုယ့်ရဲ့ အလုပ်တာဝန်တွေကို ကြိုတင်အစီအစဉ်ဆွဲထားလို့ ရပါတယ်။ ဥပမာအားဖြင့် ရာသီမလာခင် နေ့ရက်တွေထဲက ကိုယ့်ရဲ့ အရေးကြီးတဲ့ အလုပ်တွေ၊ အာရုံစူးစိုက်ရမယ့် အလုပ်တွေ၊ စိတ်ရှုပ်ထွေးနိုင်မယ့် အလုပ်တွေကို ကြိုတင်ပြုလုပ်ထားတာဟာ အလုပ်ပြီးမြောက်ရာမှာ ပိုမိုအဆင်ပြေ ချောမွေ့စေမှာ ဖြစ်ပါတယ်။ 


(၂) စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ 


ကိုယ်တိုင်က ရာသီလာချိန်မှာ စိတ်ခံစားမှု ပြင်းထန်လေ့ရှိတယ်၊ ဒါ့ကြောင့်လည်း အလုပ်မှာ ထိခိုက်မှု ရှိတယ်ဆိုရင်တော့ စိတ်တည်ငြိမ်အောင် ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေကို လေ့ကျင့်ထားသင့်ပါတယ်။ ဥပမာအားဖြင့် စိတ်တည်ငြိိမ်အောင် တရားထိုင်တာ၊ သိုးမွှေးထိုးတာ၊ စာဖတ်တာ၊ စတာတွေကို ပြုလုပ်ပေးသင့်သလို အာရုံစူးစိုက်မှု ကောင်းစေမယ့် လေ့ကျင့်ခန်းနဲ့ ကစားနည်းတွေကို ရံဖန်ရံခါ လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ 


(၃) Self care များများ လုပ်ပေးပါ 


ရာသီစက်ဝန်းမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်ကို သီးသန့်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်နှစ်သက်တဲ့အရာတွေ၊ ကိုယ့်ကို စိတ်ပျော်ရွှင်စေမယ့် အရာတွေကို ပြုလုပ်တာ၊ နာကျင်မှုကို သက်သာစေမယ့် ရေနွေးအိပ်ကပ်ပေးတာ၊ စိတ်ကို တည်ငြိမ်စေမယ့် အနံ့ကုထုံး ယူတာ၊ သဘာဝနဲ့ ထိတွေ့တာ တွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါတင်မကပဲ အိပ်ရေးဝဝ အိပ်စက်တာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ရာသီလာနေစဥ် ကာလအတွင်း စိတ်နဲ့ ကိုယ်ကို အနားပေးတာ စတာတွေကို ပြုလုပ်ပေးခြင်းကလည်း စိတ်ခံစားချက်တွေကို သက်သာစေပြီး အလုပ်မှာ အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ 


(၄) အလုပ်တွင်း productivity ကို ထိန်းထားပါ 


ရာသီလာတဲ့ ဖြစ်စဥ်ဟာ လစဥ်ကြုံတွေ့ရမှာ ဖြစ်ပြီး ဒီကာလမှာ ကိုယ့်ရဲ့ အလုပ်ကို ထိခိုက်မှုရှိနိုင်တယ်ဆိုပေမယ့် တတ်နိုင်သလောက် productivity ကို ထိန်းထားနိုင်အောင်လည်း လေ့ကျင့်ထားသင့်ပါတယ်။ ဥပမာအားဖြင့် ရာသီစက်ဝန်းအတွင်း အနားယူချိန်မှာလည်း အပြည့်အဝ အနားယူပြီး အလုပ်လုပ်ချိန်မှာလည်း အလုပ်ကို ထိခိုက်မှု မရှိစေအောင် လေ့ကျင့်ထားတာဟာ ရေရှည်အတွက် လိုအပ်တာကြောင့် ဒီအချက်ကိုလည်း သတိပြုပြီး ထိန်းထားဖို့ အရေးကြီးပါတယ်။ 


(၅) စိတ်ပိုင်းဆိုင်ရာ အကူအညီ တောင်းဖို့ ဝန်မလေးပါနှင့် 


တကယ်လို့ သင့်အနေနဲ့ ရာသီလာစဥ်တိုင်းမှာ တခြားသူတွေထက် စိတ်ခံစားချက်တွေ ပြင်းထန်တယ်၊ ကြုံတွေ့ရတဲ့ အရာတွေကို သင်ကိုယ်တိုင် ထိန်းချုပ်ရတာ ခက်ခဲတယ်ဆိုရင် အနားမှာရှိတဲ့ နားလည်သူကို ရင်ဖွင့်တာမျိုး၊ ကျွမ်းကျင်တဲ့ ပညာရှင်ထံမှ အကူအညီတောင်းခံတာမျိုး ပြုလုပ်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အကူအညီ လိုအပ်လာတယ်ဆိုရင်လည်း ဆေးရုံ၊ ဆေးခန်း မှာ တိုင်ပင်ဆွေးနွေးသင့်သလို စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီ ရယူလိုတယ်ဆိုရင်လည်း ကိုယ့်ရဲ့ ခံစားနေရတဲ့ ခံစားချက်တွေအတွက် သက်သာလျော့ပါးအောင် နှစ်သိမ့်ဆွေးနွေး ကူညီပေးနိုင်မယ့် စိတ်ကျန်းမာရေးအကူအညီတွေကို တောင်းခံဖို့ လိုအပ်ပါတယ်။


တကယ်လို့  သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/36
bottom of page