top of page

ကိုယ်ချစ်ခင်ရသူ ဆုံးရှုံးပြီးနောက် သူမပါတဲ့ နေ့ရက်တွေကို ရှေ့ဆက်နိုင်စေဖို့



မိသားစုဝင်တဦး ဒါမှမဟုတ် ချစ်ရသူ ဆုံးရှုံးတာဟာ အစားထိုးမရတဲ့အရာတခုဖြစ်သလို ချစ်ရသူ မရှိတော့တဲ့ နေ့ရက်တွေဟာ ကျန်ရစ်သူအတွက်တော့ ခက်ခဲတဲ့ အချိန်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို ပြန်လည်ကုစားပြီး ခံစားမှုတွေလျော့ပါးသက်သာစေဖို့ဆိုရင် ကျန်ရစ်သူအနေနဲ့ အချိန်ယူ ကုစားရမှာဖြစ်သလို ကိုယ်တိုင်ဖြေရှင်းဖို့ ခက်ခဲမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုနိုင်ပါတယ်။ ကျန်ရစ်သူအနေနဲ့ ချစ်ရသူမရှိတဲ့ နေ့ရက်တွေကို တစ်ဦးတည်း ရှေ့ဆက်နိုင်ဖို့ ပြုလုပ်ရမယ့် အရာတွေကို ဒီကနေ ပြောပြပေးချင်ပါတယ်။  


(၁) ကျန်ရစ်တဲ့ တခြားသူတွေကို ပိုချစ်ခင် ဂရုစိုက်ပေးပါ 


လူ့ဘဝရဲ့ တိုတောင်းလှတဲ့ အချိန်ကာလမှာ ဆုံးရှံးမှုတွေကို ကြုံတွေ့ပြီးနောက်မှာ အများစုဟာ သူတို့အနားက လူတွေကို ပိုပြီး တန်ဖိုးထားတတ်လာကြပါတယ်။ အထူးသဖြင့် လက်ရှိ အနားမှာ အတူတူ ရှိနေသူတွေကို ပိုချစ်ခင်ပေးမယ်၊ လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးမယ်၊ အတူတူ ပျော်စရာအချိန်တွေကို ပိုဖြတ်သန်းဖြစ်လာမယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ဘဝရဲ့ အဓိပ္ပါယ်ကို တွေ့ရှိနိုင်သလို ကြေကွဲဝမ်းနည်းမှုတွေကိုလည်း အတိုင်းအတာတခုအထိ လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ 


(၂) ပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေကို ပြန်တွေးပါ 


ဆုံးရှုံးမှုတွေကို ပြန်တွေးတောတိုင်းမှာ ရင်နာစရာနဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကိုပဲ မြင်ယောင်နေမယ်ဆိုရင် ဆုံးရှုံးမှုကြောင့် ရလာတဲ့ ခံစားချက်တွေဟာ အချိန်ကြာတဲ့အထိ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နာကျင်စရာ အဖြစ်အပျက်တွေအစား အသက်ရှင်စဥ်က အတူတူ ကုန်ဆုံးခဲ့တဲ့ ပျော်စရာ အခိုက်အတန့်တွေ၊ ကြည်နူးစရာကောင်းတဲ့ အချိန်တွေကို ပြန်တမ်းတတာဟာ ကြေကွဲဝမ်းနည်းမှုတွေကို နာကျင်မှုအဖြစ် ကြာရှည် မခံစားရစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၃) သင့်ရဲ့ လက်ရှိဘဝကို တန်ဖိုးထားပါ 


လူတိုင်းရဲ့ လက်ရှိဘဝဟာ အလွန်တရာ အဖိုးတန်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ အချိန်ဟာ တရွေ့ရွေ့ပြောင်းလဲနေတာဖြစ်သလို လက်ရှိအခိုက်အတန့်ကိုလည်း ရပ်တန့်လို့မရနိုင်ပါဘူး။ ဆုံးရှုံးမှုတွေကို အချိန်တခုအထိ ခံစားသုံးသပ်ပြီးနောက်မှာ သင်ဟာ သင့်ဘဝအတွက် အရေးပါတဲ့ အရာတွေ ၊ သင်လုပ်ရမယ့် ရည်မှန်းချက်တွေနဲ့ အဓိပ္ပါယ်ရှိတဲ့အရာတွေကို ဆက်လက်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအတွေးဟာ ခံစားမှုတွေမှာ နစ်မြုပ်နေတဲ့ သင့်ကို လက်တွေ့ဘဝကို ပြန်လည်ခေါ်ဆောင်လာဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၄)ဆုံးရှူံးသွားသူအတွက် သင်လုပ်နိုင်သလောက် ဖြည့်ဆည်းပေးပါ 


သေဆုံးသွားသူအတွက် သင့်အနေနဲ့ လုပ်ပေးနိုင်တဲ့ တချို့အရာတွေ ရှိပါတယ်။ ဥပမာ - သွားလေသူအတွက် ကောင်းမှုကုသိုလ် လုပ်ပေးတာ၊ ဆုတောင်းပေးတာ၊ အသက်ရှင်စဥ်က သူဖြစ်လိုတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတာ၊ သင့်အတွက် သူမျှော်လင့်ခဲ့တဲ့အရာတွေကို ဆက်လက်လုပ်ဆောင်တာ ဒါတွေဟာလည်း ဆုံးရှုံးသွားသူအတွက် သင့်အနေနဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့အရာတွေ ဖြစ်သလို ဒါကို ပြုလုပ်ခြင်းက သင်ကိုယ်တိုင်အတွက်လည်း အထိုက်အလျောက်စိတ်သက်သာရာရစေမှာ ဖြစ်ပါတယ်။


(၅) ပုံမှန်နေ့ရက်တွေအတိုင်း ပြန်လည်ဖြတ်သန်းပါ 


နာကျင်မှု၊ ဆုံးရှုံးမှုတွေကနေ ပြန်လည်နာလန်ထူနိုင်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတခုကတော့ နေ့စဥ်နေ့ရက်တွေမှာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြန်လည် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ခံစားမှုတွေမှာပဲ အချိန်ကုန်နေမယ်၊ အတွေးတွေထဲမှာ နစ်မြောနေမယ်၊ ပြန်လည် ပြင်ဆင်ခွင့်မရတဲ့ ဆုံးရှုံးမှုတွေကိုပဲ နှမြောသတခြင်းများစွာနဲ့ နောင်တရနေမယ်ဆိုရင် ဒါဟာ နာကျင်မှုတွေကို ပိုမိုခံစားရနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံမှန် လုပ်နေကျအတိုင်း နေထိုင် ပြုမူ ရှင်သန်ပြီး အချိန်တွေကို ကုန်ဆုံးခြင်းက နာကျင်မှုတွေကို လျော့ပါးသက်သာစေရာမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ 


လူတစ်ယောက် ကိုယ့်ဘဝထဲကနေ ပျောက်ကွယ်သွားတာဟာ ဘဝရဲ့ ကြီးမားတဲ့ အချိုးအကွေ့တခု ဖြစ်သလို ဒီဆုံးရှုံးမှုရဲ့ သက်ရောက်မှုတွေဟာ ဘဝတစ်လျှောက် ကိုယ်နဲ့အတူ အမြဲရှိနေနိုင်ပါတယ်။ ဒါတွေကို ပြန်လည်ကုစားပြီး လျော့ပါးသက်သာစေဖို့အတွက်ဆိုရင် အခုပြောခဲ့တဲ့ နည်းလမ်းတွေက အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ 


ဒီနည်းလမ်းတွေ ကို အခါအခွင့်သင့်သလို လုပ်ပေမယ့်လည်း ခံစားချက်တွေက ပိုမိုဆိုးရွားလာမယ်၊ ရက်၊ လ၊ နှစ် ကြာတဲ့အထိ အချိန်ကြာမြင့်စွာ ခံစားနေရပြီး နေ့ရက်တွေမှာ ရှင်သန်ဖို့ ခက်ခဲလာတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူဖို့ လိုအပ်နေကြောင်း ပြသနေတာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/31
bottom of page