top of page

အစာအာဟာရနဲ့စိတ်ပိုင်းဆိုင်ရာ ဘယ်လိုဆက်နွယ်နေသလဲ?



အာဟာရမပြည့်ဝမှုက စိတ်ဓာတ်ကျနိုင်ခြေနဲ့ ပူပင်သောကရောက်နိုင်ခြေကို မြင့်မားစေပေမဲ့ အာဟာရပြည့်ဝစွာစားသုံးခြင်းကတော့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ ကလေးငယ်များနဲ့ အရွယ်ရောက်လူငယ်များကို အုပ်စုခွဲပြီး ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှုပုံစံဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ 


ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံဆိုရာမှာ အာဟာရစုံလင်မျှတအောင်မစားသုံးတာအပြင် အစာစားချိန်မမှန်တာ ၊ အသင့်စားအစားအစာပဲစားတာ၊  ညအိပ်ခါနီးမှ ပိုစားမိတာ၊ အလုပ်လုပ်ရင်း အလုပ်စားပွဲမှာပဲ ဖြစ်သလိုစားလိုက်တာတွေပါ ပါဝင်ပါတယ်။ 


ဒီလို မမှန်ကန်တဲ့စားသောက်မှုပုံစံကြောင့် အချိန်ကြာလာတဲ့အခါ 

  • စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခြင်း 

  • လိုအပ်တာထက်ပိုပြီး အာရုံစိုက်ခံလိုခြင်း 

  • အာရုံစူးစိုက်နိုင်စွမ်းအားနည်းခြင်း 

  • ကိုယ်ခံစွမ်းအားကျဆင်းလာခြင်း 

  • ဦးနှောက်ဖွံ့ဖြိုးမှု နှောင့်နှေးလာခြင်း 

  • မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း လျော့နည်းလာခြင်း 

  • စိတ်ဓာတ်ကျပြီး သောကရောက်လာခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ခံစားရလာတတ်ပါတယ်။


အပြန်အလှန်အနေနဲ့ စိတ်ဖိစီးမှုများလာခြင်းနဲ့ သောကတွေ ဖိစီးလေးလံလာခြင်းက အစားစားချိန်မမှန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ စားပြီး အော့အန်ခြင်းတို့ကိုဖြစ်စေနိုင်တာကြောင့် အာဟာရကို ဆုံးရှုံးစေပါတယ်။ 


အာဟာရမျှတစွာစားသုံးပေးခြင်းက

  • စိတ်ကို နိုးကြားတက်ကြွစေခြင်း 

  • အိပ်ပျော်စေခြင်း 

  • ရှင်းလင်းမှန်ကန်စွာ တွေးတောနိုင်စေခြင်း 

  • မှတ်ဉာဏ်စွမ်းရည်တိုးတက်ခြင်း 

  • စိတ်ခံစားချက် တည်ငြိမ်လာခြင်း 

  • ပျော်ရွှင်မှုဟော်မုန်းများတိုးလာစေခြင်း 

  • စိတ်ခွန်အားအပြည့်ဖြစ်စေခြင်း အစရှိတဲ့အကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။ 


ဒါဆို အာဟာရပြည့်ဝဖို့ ဘာတွေစားကြမလဲ။

  • ဆန်၊ ဂျုံ၊ ပြောင်း၊ ကောက်နှံအစုံအလင်။ 

  • အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များ။

  • Antioxidant ကြွယ်ဝတဲ့ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီး၊အစိမ်းရင့်ရောင်အရွက်၊ နနွင်း၊ ချီယာစေ့။ 

  • ပဲအမျိုးမျိုး။ 

  • အစေ့အဆံအမျိုးမျိုး။ 

  • မဂ္ဂနီဆီယမ်အတွက် ငှက်ပျောသီး၊ ပဲ၊ အစိမ်းရင့်ရောင်အရွက်များ ။ 

  • ဒိန်ချဉ်၊ ပဲတီချဉ်၊ ကင်မ်ချီလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာများ။ 


အာဟာရစုံအောင် စားပေးရုံသာမက ပျိုးထောင်ရမဲ့ စားသောက်မှုပုံစံအလေ့အထတွေက : 

  • အစာစားချိန်ကို ပုံမှန်သတ်မှတ်ထားပါ။ 

  • အစာစားချိန် လုံးဝမလွန်ပါစေနဲ့။ 

  • ညအိပ်ခါနီးမှ အလွန်အကျွံထစားတာကိုရှောင်ပါ။ 

  • အသင့်စားအစားအစာတွေ၊ ဆီကြော်တွေကိုရှောင်ပါ။ 

  • အချို၊ အငန်၊ အဆီ၊ အဆိမ့်လွန်ကဲတဲ့အစားအစာတွေကို ရှောင်ပါ။ 

  • ကော်ဖီမစ်၊ တီးမစ်၊ ဂတ်စ်ပါတဲ့အချိုရည်၊ အားဖြည့်အချိုရည်များကိုရှောင်ပါ။

  • တစ်ခါစားရင် ဗိုက်တင်းအောင် များများမစားလိုက်ပဲ နည်းနည်းစီ ခဏခဏစားပေးပါ။ 

  • ရေများများသောက်ပါ။ 


ရုပ်ပိုင်းဆိုင်ရာ အင်အားဖြစ်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ခွန်အားရစေဖို့ အစာအာဟာရဆိုတဲ့အရေးအကြီးဆုံး အခန်းကဏ္ဍကို မမေ့လျော့ကြဖို့တိုက်တွန်းလိုပါတယ်။ 


အကယ်၍ ကြိုးစားရှင်သန်ရင်းနဲ့ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေကြောင့်ဖြစ်စေ၊ အခြေအနေ ပြောင်းလဲမှုတွေကြောင့်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းကို ခံစားခဲ့ရရင် Call Me Today ကို ဒီ လင့်ကတဆင့် ဆက်သွယ်ပြီး ရင်ဖွင့်နိုင်ကြောင်း အသိပေးပါရစေ။ 


☎️: 09-5131873

Categories

Other trending posts

1/25
bottom of page