top of page

မိခင်တစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီ တောင်းဖို့အတွက် ဝန်မလေးပါနဲ့ 



စိတ်ကျန်းမာရေးဆိုတာ လူသားအားလုံးအတွက် အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုတခုရဲ့ အနာဂတ် ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ အဓိကကျတဲ့ မိခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ သန်မာကြံ့ခိုင်နေဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ပြုစုပျိုးထောင်ချိန်တွေမှာ ခံစားနေရတဲ့ မိခင်ရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ကလေးရဲ့ ကိုယ်၊ စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ သက်ရောက်မှု ရှိနေပါတယ်။ ဒါ့ကြောင့် မိခင်တွေအနေနဲ့ မိမိကိုကိုယ် စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေပြီ ဖြစ်ကြောင်း သိနိုင်မယ့် အချက်တွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) စိတ်ထိခိုက်လွယ်ပြီး မကြာခဏ ငိုချင်နေမယ်


မိခင်တွေဟာ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားပြီးစ အချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေ များစွာ ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ စိတ်ထိခိုက်တာ၊ ငိုချင်တာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သာမန်ကိစ္စတခုကိုပဲ အကြီးအကျယ် စိတ်ထိခိုက်တာ၊ မိသားစု၊ ခင်ပွန်းရဲ့ စကားတခွန်း၊ အပြုအမူတခုကြောင့် လိုတာထက်ပိုပြီး ဝမ်းနည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ အနားမှာ ဖေးမကူညီမယ့်သူမရှိဘူး၊ ကိုယ်တိုင်လည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်လာနိုင်ပါတယ်။


(၂) ကလေးနဲ့ ကိုယ့်ကိုကိုယ် အန္တရာယ် ပြုချင်နေမယ် 


စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန်မှာ စိတ်ကို ပြေလျော့စေမယ့် နည်းလမ်းတွေကို လုပ်လေ့ရှိကြပြီး တချို့တွေကတော့ Self-Harm လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် နာကျင်အောင်၊ အန္တရာယ် ရှိအောင် လုပ်တာတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် မိခင်တွေမှာ ကိုယ်တိုင်သာမက ကလေးကိုပါ Self-Harm လုပ်တာတွေလည်း ရှိလာနိုင်ပါတယ်။ ဒါဟာ အထူးသတိထားရမယ့် အချက်ဖြစ်သလို မိခင် အနေနဲ့ ဒီလိုအတွေးမျိုး မကြာခဏ ဝင်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ အကူအညီကို မဖြစ်မနေ ယူဖို့ အရေးကြီးပါတယ်။ 

 

(၃) စိတ်နဲ့ ကိုယ်နဲ့ မကပ်ပဲ အမှားတွေ လုပ်မိနေမယ် 


တခါတရံမှာ မိခင်တွေအနေနဲ့ စိတ်ထိခိုက်ပင်ပန်းတာ၊ စိတ်ဖိစီးတာ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် စိတ်ရှုပ်ထွေးတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထပ်တလဲလဲ ခံစားရတဲ့အခါ နောက်ဆက်တွဲအနေနဲ့ စိတ်နဲ့ ကိုယ်နဲ့ ကင်းကွာတာ၊ အမှားလုပ်မိတာ၊ စိတ်လွတ်တာ၊ ကလေးကို စောင့်ရှောက်ရာမှာ လိုအပ်ချက်နဲ့ အမှားတွေများလာတာ စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး မကြာခဏ ဖြစ်နေပြီဆိုရင် စိတ်ကို အနားပေးတာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီမှု ရှာတာတွေ ပြုလုပ်ဖို့ လိုပါတယ်။ 


(၄) စိတ်တို ဒေါသထွက်ပြီး ရန်ရှာနေမိမယ် 


မိခင်တွေအနေနဲ့ အထူးသဖြင့် ကလေးမွေးပြီးစမှာ အပြောင်းအလဲများစွာကို ရင်ဆိုင်ရပြီး အိပ်စက်ချိန်မလုံလောက်တာ၊ အနားမယူဖြစ်တာ၊ စိတ်နဲ့ ခန္ဓာကိုယ် ပင်ပန်းတာတွေ များစွာ ဖြစ်နိုင်ပြီး ကလေးကို ပြုစုပျိုးထောင်ချိန်မှာလည်း ကလေးအတွက် စိတ်ပူပန်ရတာ၊ မျှော်လင့်ချက်ကြီးမားတာတွေကြောင့် စိတ်ဖိစီးမှုများစွာ ခံစားရလေ့ရှိပါတယ်။ ဒီခံစားမှုတွေက တဖြေးဖြေး ဆိုးရွားလာတဲ့အခါမှာ ကလေးနဲ့ တခြားမိသားစုဝင်တွေအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမိတာတွေ၊ စိတ်တို ဒေါသထွက်တာ၊ အော်ဟစ်ဆူပူမိတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်တာ အကြိမ်ရေများလာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုတောင်းခံသင့်ပါတယ်။ 


(၅) စိတ်ဓါတ်ကျပြီး တနေရာကို ထွက်ပြေးချင်နေမယ် 


မိခင်တွေဟာ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးပြီးချိန်မှာလည်း စိတ်ဓါတ်ကျခြင်း ဖြစ်နိုင်သလို ကလေးကို ပြုစုပျိုးထောင်နေချိန် တလျှောက်မှာလည်း အကြောင်းကြောင်းကြောင့် စိတ်ဓါတ်ကျခြင်းကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် လူမှုရေးပြဿနာ၊ ငွေရေးကြေးရေး ပြဿနာ၊ လုပ်ငန်းခွင် ပြဿနာ၊ အိမ်ထောင်ရေးပြဿနာနဲ့ မိသားစုပြဿနာတွေဟာလည်း စိတ်ဓါတ်ကျခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ တခါတရံမှာ ကလေးကို ထားခဲ့ပြီး မိသားစုရဲ့ အဝေးကို ပြေးထွက်ဖို့ စဥ်းစားမိနေပြီဆိုရင်တော့ စိတ်ကျန်းမာရေးကို လျစ်လျူမရှုသင့်တဲ့ အခြေအနေလို့ ပြောရမှာပါ။ 


တကယ်လို့ မိခင်တစ်ယောက်အနေနဲ့ အခုပြောခဲ့တဲ့ ခံစားချက်တွေကို အကြိမ်များစွာ ခံစားနေရတဲ့အပြင် ဒီခံစားချက်တွေက တနေ့တခြား ပိုဆိုးလာမယ်၊ ရင်ဖွင့်ပြောပြပေးဖို့ တစုံတယောက်လည်း မရှိနေဘူး၊ ရှိနေသည့်တိုင်အောင် ထိုသူက ကိုယ့်ကို နားလည်မပေးနိုင်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ အကူအညီ ရယူတာက အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ကိုယ်ခံစားရတဲ့ စိတ်အခြေအနေ အရ တခါတရံမှာ ကျွမ်းကျင်တဲ့ စိတ်ပညာရှင်နဲ့ ဆွေးနွေးမှု ခံယူဖို့လိုပါတယ်။ 


တကယ်လို့ မိခင်တစ်ယောက်အနေနဲ့ သင်နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/25
bottom of page