top of page

စိတ်ဒဏ်ရာအကြောင်း သိကောင်းစရာ



စိတ်ဒဏ်ရာဆိုတာ လူတိုင်းရဲ့ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုခု ဒါမှမဟုတ် အချိန်ကြာကြာ ကြုံတွေ့ရတဲ့ အရာတခုကြောင့် စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ထိခိုက်ခြင်းစတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေကို ခံစားရတာ ဖြစ်ပါတယ်။ စိတ်ဒဏ်ရာတွေကို အသက်အရွယ်မရွေး အချိန်မရွေး ကြုံတွေ့နိုင်သလို အဖြစ်အပျက်ပြီးနောက် အချိန်ကြာတဲ့ တိုင်အောင် ခံစားနေရတတ်ပါတယ်။ စိတ်ဒဏ်ရာအကြောင်း၊ စိတ်ဒဏ်ရာရနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ လက္ခဏာတွေအကြောင်းကို ဒီကနေ မျှဝေပေးပါမယ်။ 


အထူးသဖြင့် ကြောက်ရွံ့ဖွယ်ရာ အခြေအနေတွေ ၊ စော်ကားခံရမှု၊ ငြင်းပယ်ခံရမှု၊ စွန့်ပစ်ခံရမှုတွေနဲ့ ရှက်ရွံ့စရာ အဖြစ်အပျက်တွေနေ စိတ်ဒဏ်ရာတွေ ရနိုင်ပါတယ်။ တခါတရံမှာ ကိုယ်တိုင် ကြုံတွေ့ရတာလည်း ရှိသလို အဖြစ်အပျက်တခုရဲ့ မျက်မြင်သက်သေ အနေနဲ့လည်း စိတ်ဒဏ်ရာတွေကို ရနိုင်ပါသေးတယ်။ ဒါ့အပြင် စိတ်ထိခိုက်စရာ ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်း ၊ အလုပ်ခွင် စတဲ့ နေရာတွေမှာ ရေရှည်နေရတဲ့အခါမှာလည်း စိတ်ဒဏ်ရာ ဖြစ်နိုင်ပါတယ်။ 


စိတ်ဒဏ်ရာတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင် ငယ်ရွယ်စဥ် ကလေးဘဝမှာ ရတဲ့ Childhood Trauma၊ လူပေါင်းများစွာကို တချိန်တည်း၊ တနေရာတည်းမှာ စိတ်ထိခိုက်စေတဲ့ Collective Trauma၊ မျိုးရိုးစဥ်ဆက်အလိုက် ခံစားရတဲ့ Generational Truama ၊ လူမျိုးရေး ခွဲခြားမှုတွေကြောင့် စိတ်ထိခိုက်မှု ကြုံရတဲ့ Racial Trauma ၊ ကိုယ်နဲ့ နီးစပ်ရာ တစုံတယောက်မှာ ကြုံတွေ့ရတာ ဒါမှမဟုတ် မျက်မြင်သက်သေဖြစ်နေတာကြောင့် တဆင့်ခံအနေနဲ့ ကိုယ့်မှာ လာရောက်သက်ရောက်တဲ့ Secondary Trauma စသဖြင့် အမျိုးအစားများစွာ ရှိပါတယ်။ 


စိတ်ဒဏ်ရာကို ခံစားရတာ ဒါမှမဟုတ် စိတ်ဒဏ်ရာကို အမှတ်ရစေနိုင်တဲ့ အဖြစ်အပျက်တခုကို ကြုံတွေ့ရတဲ့အခါမှာ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် Cortisol ဟော်မုန်းနဲ့ Adrenaline ဟော်မုန်းတွေကို ထွက်စေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာတွေကို ကြုံတွေ့ရနိင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအနေနဲ့ ခေါင်းကိုက်တာ၊ တကိုယ်လုံး ကိုက်ခဲနာကျင်တာ၊ တုန်ရီလာတာ၊ မောပန်းတာ၊ ချွေးစေးပြန်တာ၊ မူးဝေပြီး အမြင်အာရုံပြောင်းလဲတဲ့ စတာတွေကို ခံစားရနိုင်ပါတယ်။ 


စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေအနေနဲ့ စိတ်တိုဒေါသထွက်တာ၊ ကြောက်ရွံ့တာ၊ ကြေကွဲဝမ်းနည်းတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ရှုပ်ထွေးတာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ ကိုယ့်ကိုကိုယ် အပြစ်တင်တာ စတဲ့ ခံစားမှုတွေကို ခံစားရနိုင်ပါတယ်။ တခါတရံမှာ စိတ်ဒဏ်ရာတွေကြောင့် ခန္ဓာကိုယ်တခုလုံး တောင့်တင်းအေးစက်သွားတာ၊ တူညီတဲ့ အဖြစ်အပျက် ခံစားမှုကနေ ထွက်ပြေးရှောင်တိမ်းဖို့ ကြိုးစားတာ၊ လှုပ်ရှားဖို့ သတိမေ့နေတာတွေ ဖြစ်နိုင်တဲ့အပြင် ဆန့်ကျင်ဘက်အနေနဲ့ လိုတာထက်ပိုပြီး တုန့်ပြန်မိတာတွေလည်း ရှိတတ်ပါတယ်။ 


စိတ်ဒဏ်ရာ ခံစားရသူတွေဟာ အဖြစ်အပျက်တွေကို ပြန်လည် မြင်ယောင်လေ့ရှိပြီး တိုက်ဆိုင်မှု ရှိလာတဲ့အခါမှာ လိုတာထက်ပိုပြီး ထိခိုက်လွယ်လာနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ကို မထိန်းနိုင်ပဲ ဒေါသအလိုက်၊ ကြောက်ရွံ့စိတ်အလိုက် ပြုမူမိတာတွေ ရှိနိုင်သလို နေ့စဉ် လူမှုဆက်ဆံရေးနဲ့ Relationship ဆက်ဆံမှု တွေမှာ ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ 


စိတ်ဒဏ်ရာကို ခံစားရတာဟာ အဖြစ်အပျက် ပေါ်မှာ မမူတည်သလို တဦးနဲ့တဦးလည်း မတူညီနိုင်ပါဘူး။ တူညီတဲ့ အဖြစ်အပျက်ကို ခံစားရသည့်တိုင်အောင် တချို့သူတွေမှာ မသိသာပေမယ့် တချို့မှာတော့ စိတ်ဒဏ်ရာအဖြစ်ခံစားရပြီး ဖြေရှင်းရခက်ခဲ့တဲ့ အထိ ခံစားရနိုင်ပါတယ်။ ဒါဟာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ ဘဝအခြေအနေနဲ့ တခြားသော ပြင်ပသက်ရောက်မှုတွေပေါ်မှာ မူတည်နေပါတယ်။ 


တချို့သော စိတ်ဒဏ်ရာတွေက အချိန်နဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး လျော့ပါးသက်သာသွားလေ့ရှိပေမယ့် တခါတရံမှာတော့ ကျွမ်းကျင်သူနဲ့ အတူတကွ ဖြေရှင်းရနိုင်ပါတယ်။ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

☎️: 09-5131873


Categories

Other trending posts

1/25
bottom of page