top of page

မိခင်လောင်းတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရာတွင် အသုံးဝင်မယ့် အချက် (၅) ချက်




အမျိုးသမီးတစ်ယောက်မှ မိခင်တစ်ယောက်ဘဝကို ပထမဆုံးအနေနဲ့ ပြောင်းလဲပြီဆိုတဲ့အခါမှာ စိတ်လှုပ်ရှားစရာကောင်းသလို ဒါဟာ စိန်ခေါ်မှုတခုလည်း ဖြစ်ပါတယ်။ တချို့က ကြိုတင်ပြင်ဆင်ထားပြီးမှ ရင်သွေးယူကြတာလည်း ရှိနိုင်သလို မမျှော်လင့်ပဲနဲ့ ရင်သွေး ရသွားတာလည်း ရှိတတ်ကြပါတယ်။ မည်သို့ပင်ဖြစ်ပါစေ  ကလေးကို မွေးဖို့စဥ်းစားလိုက်ပြီဆိုတာနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ များစွာ ရှိသလို စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း လေ့ကျင့်ထားဖို့ လိုပါတယ်။ ဒါကြောင့် မိခင်အသစ်တစ်ယောက် အတွက် စိတ်ပိုင်းဆိုင်ရာ သန်မာစေဖို့ ကူညီပေးနိုင်မယ့် အချက်များကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 


(၁) အပြောင်းအလဲတွေကို ကြိုတင်မှန်းဆထားပါ 


ကလေးကို ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးကို အရွယ်အလိုက် ပြုစုပျိုးထောင်တဲ့ အချိန်ကာလဟာ အမျိုးသမီးတစ်ယောက် အတွက် ကြီးမားတဲ့ အပြောင်းအလဲများစွာ ဖြစ်နိုင်တဲ့ အချိန်ပါပဲ။ ခန္ဓာကိုယ်  ပုံစံ အနေအထား ပြောင်းလဲမယ်၊ ဟော်မုန်းတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ များစွာဖြစ်မယ်၊ အချိန်စီမံခန့်ခွဲမှု အခြေအနေတွေ ကွဲပြားသွားနိုင်မယ် ၊ အလုပ်နဲ့ တခြား လူမှုရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်တယ်၊ အိပ်ချိန်တွေ လျော့နည်းလာမယ် စတာတွေကို ကြိုတင်မှန်းဆထားဖို့လိုပါတယ်။ 


(၂) စိတ်ကို ဖြေလျော့စေဖို့ လေ့ကျင့်ပေးပါ 


မိခင်အဖြစ်ကို ရောက်တဲ့အခါမှာ အရင်ကထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ အခက်အခဲတွေ ပိုမိုတွေ့ကြုံလာနိုင်ပြီး ဟော်မုန်းတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် စိတ်တိုတာ၊ ဒေါသထွက်တာ၊ စိတ်မထိန်းနိုင်တာ၊ ဝမ်းနည်းတာတွေ ဖြစ်နိုင်ပြီး ဒါတွေဟာ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကို ဖြေလျော့စေဖို့အတွက် တရားထိုင်ပေးတာ၊ ဘာသာရေးအရ စိတ်ကိုငြိမ်သက်စေတာ၊ ယောဂလေ့ကျင့်တာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။ 


(၃) စိုးရိမ်မှုတွေကို လျှော့ချပါ 


မိခင်တိုင်းဟာ ရင်သွေးတွေအတွက် အကောင်းဆုံးအရာတွေကိုသာ ပေးချင်ကြတာပါ။ ဒါပေမယ့် ဒီလိုမျိုး အကောင်းဆုံးအရာတွေကို ဖြည့်စည်းပေးလိုတဲ့ စိတ်ဟာ မိခင်တွေကို စိတ်ဖိစီးမှုတွေ၊ အားမလိုအားမရဖြစ်မှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့အခါမှာ မကျွမ်းကျင်တဲ့ အရာတွေ ရှိနိုင်ပြီး ကလေးအပေါ် တာဝန်လစ်ဟင်းမှာ စိုးရိမ်တဲ့ ခံစားမှုတွေကို ကြုံရတတ်ပါတယ်။ လိုတာထက်ပိုပြီး စိုးရိမ်စိတ်များတာဟာ မိခင်နဲ့ ကလေးအတွက် ဆိုးကျိုးဖြစ်စေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့ လိုပါတယ်။ 


(၄) ကြိုတင်အစီအစဥ်ဆွဲပါ 


အရာရာမှာ ကြိုတင်အစီအစဥ်ဆွဲထားခြင်းက မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အဆင်မပြေမှုတွေကို တားဆီးပေးနိုင်ပါတယ်။ ပထမဆုံးရင်သွေးမှာ ပြင်ဆင်စရာတွေက များသလို ကြိုတင် စီမံခန့်ခွဲရမယ့်် အရာတွေလည်း များပါတယ်။ ဥပမာ ကလေးမွေးမယ့် အစီအစဥ် (ခွဲမွေးမှာလား၊ ရိုးရိုးမွေးမှာလား) ၊ ကလေးမွေးပြီးနောက်မှာ ကိုယ်တိုင်ပြုစုမှာလား၊ အကူခေါ်မှာလား ၊ ကလေးမွေးပြီးနောက်မှာ အလုပ်ပြန်ဝင်မှာလား၊ အလုပ်နားပြီး ကလေးကို ပြုစုမှာလား၊ စတာတွေကို ကြိုတင်စဥ်းစားထားဖို့ လိုပါတယ်။ 


(၅) တခြားသူများနဲ့ ချိတ်ဆက်ပါ 


ကလေးမွေးဖို့အတွက် ပြင်ဆင်တဲ့အချိန်မှာ မိခင်လောင်းတယောက်ဟာ သင်ယူလေ့လာမှတ်သားစရာတွေ များသလို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကောင်းလည်း ရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ မိမိရဲ့ လက်တွဲဖော်ထံမှ အားပေးကူညီမှု လိုအပ်သလို မိခင်၊ ဆွေမျိုး၊ မိတ်ဆွေ တယောက်ယောက်ရဲ့ ဖေးမကူညီမှုလည်း လိုအပ်ပါတယ်။ တခါတရံမှာ ပတ်ဝန်းကျင်ရဲ့ တွန်းအားပေးမှုတွေနဲ့ တင်းကြပ်တဲ့ စည်းဘောင်တွေဟာ မိခင်လောင်းကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေတာကြောင့် အထောက်အပံ့ကောင်းကို မှန်မှန်ကန်ကန် ရရှိဖို့ဆိုတဲ့ အချက်က အလွန်အရေးပါလာပါတယ်။ 


မိခင်လောင်းတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခြင်းက ကလေးမွေးပြီးနောက် စိတ်ဓါတ်ကျခြင်း (Postpartum Depression) နဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာလျော့ပါးစေပြီး မိခင်အဖြစ်သို့ အကူးအပြောင်းကာလကို  ပိုမိုလွယ်ကူစေပါတယ်။ အထူးသဖြင့် ပထမဆုံးအကြိမ် မိခင်ဖြစ်မယ့်သူတွေ အနေနဲ့ အခက်အခဲ စိန်ခေါ်မှုများစွာ ရှိနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုံလောက်စွာ ရှိသင့်ပါတယ်။ မိခင်လောင်းတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပြင်းထန်နေပြီဆိုရင်တော့ ကလေးနဲ့ မိခင်ကို ထိခိုက်စေနိုင်တာကြောင့် စနစ်တကျ နှစ်သိမ့်ဆွေးနွေးဖို့လိုပါတယ်။ 


သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873

Categories

Other trending posts

1/25
bottom of page