
ဒေါသ ဆိုတာ ပြင်ပ လှုံ့ဆော်မှုတခုကို ရုတ်တရက် အလျင်အမြန် တုန့်ပြန်ရာကနေ ဖြစ်ပေါ်လာတဲ့ သဘာဝ ခံစားချက်တခု ဖြစ်ပါတယ်။ ဒီလို ဒေါသကြောင့် နောက်ဆက်တွဲ အနေနဲ့ အမှားအယွင်းတွေ ပြုလုပ်မိနိုင်သလို ပေါင်းသင်းဆက်ဆံရေးမှာလည်း မထင်မှတ်ထားတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဥ်ဘဝမှာ ဒေါသ ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ့်ကို သတိပြုပါ
ဒေါသဖြစ်လာချိန်မှာ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုအရ နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ ကြွက်သားတွေ တောင့်တင်းလာပြီး အသက်ရှုနှုန်းတွေလည်း မြန်လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့်ဆိုရင်လည်း စိတ်ရှုပ်ထွေးလာမယ်၊ အထိမခံနိုင်လောက်အောင် စိတ်မြန်လက်မြန် ပြုမူမိလာမှာ ဖြစ်ပြီး အသံသိသိသာသာ ကျယ်လာမယ် စတဲ့ လက္ခဏာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကြိုတင် သတိပြုမိပြီး ထိန်းချုပ်နိုင်မယ်ဆိုရင် ဒေါသရဲ့ နောက်ဆက်တွဲ အခြေအနေ တွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
(၂) အနားယူပြီး အသက်ရှုပါ
ဒေါသထွက်ပြီး စိတ်ရှုပ်ထွေးလာချိန်မှာ အကောင်းဆုံးနည်းလမ်းကတော့ ခဏတာ အနားယူလိုက်ဖို့ ဖြစ်ပါတယ်။ ဒီအချိန်မှာ စိတ်ကို ပြန်လည်တည်ငြိမ်ဖို့အတွက်နဲ့ လက်ရှိအနေအထားကို ပြန်လည် မြင်နိုင်ဖို့အတွက်ဆိုရင် အသက်ရှု လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်။ အသက်ရှု လေ့ကျင့်ခန်း ပြုလုပ်ခြင်းက စိတ်ကို သိသိသာသာ အေးဆေးတည်ငြိမ်သွားစေသလို ဒေါသကို အချိန်မှီ ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
(၃) နားထောင်ပေးပါ
များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦး ပဋိပက္ခဖြစ်နေချိန်မှာ နားထောင်ဖို့ထက် ဒေါသတကြီး တုန့်ပြန်ဖြစ်ကြတာ များပါတယ်။ ဒီအချိန်မှာ အပြန်အလှန် ဒေါသချင်း ဖလှယ်ဖြစ်ရာကနေ ဒေါသကြောင့် ဖြစ်လာတဲ့ ပြဿနာတွေက ပိုဆိုးလာနိုင်ပါတယ်။ တခါတရံမှာ တချို့ပြဿနာတွေက သေချာ နားထောင်ခြင်းအားဖြင့် နားလည်မှုတွေ ပိုမို ရှိလာနိုင်ပြီး ဆင်ခြင်တွေးခေါ်နိုင်တာကြောင့် ပြဿနာတွေကို ပိုမဆိုးရွားအောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
(၄) အတွေးတွေကို ပြောင်းလဲပါ
ဒေါသကို ဖြစ်စေနိုင်တဲ့ အတွေးတွေကို ပြောင်းလဲတွေးခေါ်တတ်ခြင်းကလည်း ဒေါသကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေထဲက တခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒီပြဿနာက ငါ့မှာပဲ လာဖြစ်နေတယ်၊ ငါပဲ ကြုံနေရတယ် လို့ တွေးမယ့်အစား ဒီအရာက စိတ်ရှုပ်စရာကောင်းပေမယ့် ငါလုပ်နိုင်တယ် ဆိုတာကို ပြသဖို့ အခွင့်အရေးပဲ ၊ ငါ ကြိုးစားဖြေရှင်းမယ် ဆိုတဲ့စိတ်နဲ့ အတွေးတွေကို ပြောင်းလဲဖို့ လိုပါတယ်။ ဒီလို နည်းလမ်းအားဖြင့် ကျင့်သားရလာချိန်မှာ ဒေါသတွေကို အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
(၅) စိတ်ကို ဖြေလျော့နိုင်မယ့် နည်းလမ်းတွေကို ပြုလုပ်ပါ
ဒေါသထွက်ချိန်မှာ စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ်နဲ့ သင့်တော်မယ့် စိတ်ဖြေလျော့စရာ နည်းလမ်းတခုကို ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်တာ နဲ့ အတွေးတွေကို ချရေးတာအပြင် တခြားသော စိတ်ဖြေလျော့ပေးနိုင်မယ့် နည်းလမ်းတွေက ဒေါသကို ဖြေဖျောက်ရာမှာ များစွာအသုံးဝင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
(၆) စိတ်ပိုင်းဆိုင်ရာ အကူအညီရယူပါ
မကြာခဏဆိုသလို စိတ်တိုဒေါသထွက်မိနေတယ်၊ ဒေါသကြောင့်ပဲ နောက်ဆက်တွဲပြဿနာတွေ ရှိနေပြီး အဆိုးဘက်ကို သွားတဲ့ အပြုအမူတွေကို လုပ်ဖြစ်နေတယ်ဆိုရင် ဒေါသကို ရေရှည်ထိန်းချုပ်ဖို့ရာ လိုအပ်နေပြီလို့ ပြောနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ကူညီဖြေရှင်းပေးနိုင်မယ့် ပညာရှင် ဒါမှမဟုတ် အဖွဲ့အစည်းတခုခုနဲ့ တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်နိုင်ပါတယ်။
ဒေါသ ဆိုတာ ပုံမှန်ခံစားချက်တခု ဆိုပေမယ့် ဒေါသကြောင့် ပြုမူမိတဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ မတူညီတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ နေ့စဥ်ဘဝမှာ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ဒေါသကို တတ်နိုင်သလောက် ထိန်းချုပ်ရင်း အမှားအယွင်းနဲ့ နောင်တတွေကို ကြိုတင်တားဆီးနိုင်ကြစေဖို့ ရည်ရွယ်ရင်း မျှဝေလိုက်ရပါတယ်။
သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
🌐 : https://app.callmetoday.org/book
☎️: 09-5131873