Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

စိတ်ဖိစီးမှုကိုခံစားရခြင်း (Stress) သည် အန္တရာယ် (သို့မဟုတ်) တစုံတရာထိတ်လန့်စရာ အခြေအနေကို ကြုံတွေ့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေက အပြင်ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်သလို (ဥပမာ – မီးလောင်တာ, ကားအက်ဆီးဒင့်ဖြစ်တာ)၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် (ဥပမာ – အလုပ်ကိစ္စအဆင်မပြေမှု၊ ငွေရေးကြေးရေးပူပန်မှု)။

ဒီလိုကြုံတွေ့ရတဲ့အခါမှာ ခန္ဓာကိုယ်က Stressကိုပြန်လည်တုံပြန်ဖို့ အနေနဲ့ Fight or Flight hormoneလို့ခေါ်တဲ့ အယ်ဒရီနယ်လင်း (Adrenaline)၊ နိုရီပိုင်ဖရင်း (Norepinephrine)၊ ကော်တီစော (Cortisol) ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေကြောင့် ခန္ဓာကိုယ်မှာ ရုတ်တရက် –

  • နှလုံးခုန်မြန်လာခြင်း
  • အသက်ရှူမြန်လာခြင်း
  • အာရုံခံစားမှုမြင့်မားခြင်း (ဥပမာ – အန္တရာယ်ကြုံတွေ့ရသည့်အခါ အမြင်အာရုံ သတိမြင့်မားခြင်း)
  • ခန္ဓာကိုယ်ကြွက်သားများတင်းမာလာခြင်း
  • သွေးဖိအားတက်လာခြင်း

တို့ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ ဘေးပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ စိတ်ကြောင့်ဖြစ်စေ အန္တရာယ်အခြေအနေကိုကြုံရတိုင်း ပြန်လည်တိုက်ခိုက်ဖို့ ခန္ဓာကိုယ်က အလုပ်လုပ်တဲ့ body stress system ပဲ ဖြစ်ပါတယ်။ 

စိတ်ဖိစီးမှုဆိုတာ ယာယီကြုံတွေ့ရတဲ့အခြေအနေတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေပေးနိုင်ပါတယ်။ ဥပမာ အားဖြင့် အလုပ်တစ်ကို deadline မတိုင်ခင် အမြန်ပြီးအောင်လုပ်ရတဲ့အချိန်မျိုးမှာ stress က အလုပ်ကိုအာရုံပိုစိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ရေတိုစိတ်ဖိစီးမှုသည် ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းစေတဲ့ ဟော်မုန်းတွေကိုပိုမိုထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပါသေးတယ်။ ဒါ့ကြောင့်ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေပြီး အလုပ်တွေကို မြန်မြန်လုပ်စေနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို မကြာခဏ ကြုံတွေ့လာရင် မိမိအတွက်မကောင်းနိုင်ပါဘူး။

ပုံမှန်မှာ စိုးရိမ်ထိတ်လန့်စရာအခြေအနေပြီးသွားတဲ့အခါ body stress system စနစ်ကို ခန္ဓာကိုယ်ကအလိုလိုရပ်တန့်သွားပေမဲ့၊ မိမိမှာ အမြဲစိုးရိမ်ပူပန်စရာတွေရှိနေတဲ့အခါ ခန္ဓာကိုယ်တွင်း body stress systemက အမြဲအလုပ်လုပ်နေရပြီး အထက်ဖော်ပြပါလက္ခဏာတွေကိုဆက်တိုက်ခံစားရတဲ့အခါ နာတာရှည်စိတ်ဖိစီးမှု (chronic stress) အခြေအနေကို ရောက်ရှိတတ်ပါတယ်။

စိတ်ဖိစီးမှုကို မကြာခဏ ကြုံတွေ့စေရတဲ့ အကြောင်းအရင်းတွေမှာ –

  • အလုပ်မှာ ပြဿနာတွေကြုံရတာ၊ အလုပ် နဲ့ ကိုယ်ပိုင်ချိန် ဟန်ချက်မညီတာ (low work-life balance)၊ အလုပ်လုပ်ချိန် ကြာမြင့်တာ
  • ငွေရေးကြေးရေအတွက်ပူပန်တာ၊ အကြွေးကိစ္စ၊ ဝင်ငွေနည်းပါးတာ
  • ကျန်းမာရေးမကောင်းမွန်တာ
  • မိသားစုနှင့် စကားများတာ၊ မိဘနဲ့ အဆင်မပြေတာ၊ သားသမီးပြဿနာ ကြုံရတာ
  • နေထိုင်မှုပတ်ဝန်းကျင်မကောင်းတာ ဥပမာ – ဒုစရိုက်ပေါများသောပတ်ဝန်းကျင်မှာနေရတာ
  • အချစ်ရေးအဆင်မပြေတာ

တွေကြောင့် ရေရှည် စိတ်ဖိစီးမှု (chronic stress) ကိုခံစားရတတ်ပါတယ်။ ဒီလို စိတ်ဖိစီးမှုကိုကြုံတွေ့ရခြင်း ရဲ့ အကျိုးဆက်အနေနဲ့ – 

  • အလုပ်မှာ ကောင်းကောင်းအာရုံမစိုက်နိုင်တာ၊ မှတ်ဉာဏ်အားနည်းလာတာ၊ တွေးခေါ်တီထွင်နိုင်စွမ်း လျော့နည်းလာတာ
  • ခံတွင်းပျက်တာ၊ အစာချေစနစ်ယိုယွင်းတာ၊ ဝိတ်အလေးချိန် အတက်မြန်၊ အကျမြန်တာ၊ ဝမ်းမမှန်တာ
  • သွေးပေါင်ချိန်တက်တာ, နှလုံးခုန်နှုန်းမြန်နေတာ
  • လိင်စိတ်အားနည်းတာ၊ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်နိုင်စွမ်းလျော့ကျတာ၊ ကိုယ်ဝန်ပျက်ကျတာ
  • ခုခံအားစနစ်အားနည်းတာ
  • စိတ်အတက်အကျမြန်တာ၊ စိတ်ခံစားလွယ်တာ၊ စိတ်အားငယ်တာ၊ အကောင်းမြင်စိတ်မရှိတာ
  • လူတွေနဲ့ ပေါင်းသင်းဆက်ဆံချင်စိတ်လျော့နည်းတာ
  • ညအိပ်မပျော်တာ (Insomnia)

အစရှိတာတွေကို ခံစားလာရနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ အသက်အရွယ်မရွေး ကြုံတွေ့ရတတ်ပြီး လုံးဝ လွှဲရှောင်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေ တတ်နိုင်သလောက် ရှောင်ရှားလို့ရပါတယ်။ ဒါ့အပြင် မိမိရဲ့နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်ကုထုံး၊ ဆရာဝန်နှင့် တွေ့ဆုံးဆွေးနွေး၍ ကုထုံးယူခြင်းတို့ကလည်း မိမိရဲ့ stress စိတ်ဖိစီးမှုကို အမြောက်အမြားလျှော့ချပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲ?

(၁) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

စိတ်ဖီစီးတဲ့အခါ ခန္ဓာကနေတဆင့် ဖြေရှင်းလို့ရပါတယ်။ ခနတဖြုတ် လမ်းလျှောက်တာ၊ အထိုင်အထရှိအောင် လှုပ်ရှားပေးတာမျိုးကို လုပ်ပေးရင်း စိတ်ထွက်ပေါက်ကိုရှာလို့ရပါတယ်။

(၂) အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ။

ခန္ဓာကိုယ်ကြွက်သားကို ဖြေလျော့ပေးစေတဲ့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း ကဲ့သို့သော အသက်ရှူလေ့ကျင့်ခန်းကို ဗဟိုပြုတဲ့ လေ့ကျင့်စဉ်တွေကို တစ်ရက်ကို အနည်းဆုံးအချိန် (၁၀) မိနစ်ကျင့်ပေးပါ။

(၃) လူတွေနဲ့ ချိတ်ဆက်ပါ။

စိတ်ဖီစီးမှုကြောင့် လူတွေနဲ့ဝေးကွာသွားတယ်လို့ခံစားရတဲ့အခါ မိမိတန်ဖိုးထားရတဲ့လူတွေ၊ အတူတူရှိတဲ့အခါ စိတ်ကိုငြိမ်းချမ်းစေတဲ့ သူငယ်ချင်းတွေ၊ နှလုံးသားချင်းနီးစပ်တဲ့ လူတွေနဲ့ ပြန်လည်ချိတ်ဆက်ပါ။ တစ်ခါတစ်လေ မိမိတစ်ယောက်တည်းခံစားနေရတဲ့ ဖိစီးမှုကို သေချာနားထောင်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ကိုပြောပြလိုက်တဲ့အခါ မိမိခံစားနေရတဲ့ ဝန်ထုတ်ဝန်ပိုးတွေ အများကြီး လျော့ကျသွားနိုင်ပါတယ်။

(၄) အစားပုံမှန်စားပါ။

စိတ်ပင်ပန်းတဲ့အခါ အစာစားချင်စိတ်လျော့နည်းတတ်ပါတယ်။ အစားနည်းတဲ့အခါ အားအင်မရှိတဲ့အတွက်ကြောင့် စိတ်ပင်ပန်းပိုဖြစ်ရပါတယ်။ ဒီလို မုန့်လုံးကိုစက္ကူကပ်သလို သံသရာလည်တတ်တဲ့အတွက်ကြောင့် ရေရှည်စိတ်ဖိစီးမှုပြဿနာမကြုံရအောင် ဂရုတစိုက် ကျန်းမာအောင် အစားကိုပုံမှန်စားသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်-စီ (Vitamin C) ပေါများတဲ့ အသီးအနှံနဲ့ အရွက်တွေစားပေးသင့်ပါတယ်။

(၅) အချိန်ကို စီမံခန့်ခွဲပါ။

နေ့တစ်နေ့ရဲ့ အစမှာ တစ်ရက်တာ ပြီးအောင်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ အလုပ်တွေကို ချရေးပါ။ ဒါတွေပြီးအောင်လုပ်ပြီးတဲ့အခါမှာ ဆက်မလုပ်တော့ပဲ အနားယူမယ်ဆိုတာကိုလည်း မိမိကိုယ့်ကို ကတိပေးပါ။ အလုပ်လုပ်ချိန်၊ အနားယူချိန် နဲ့ ကိုယ်ပိုင်ချိန် အသီးသီး လုံလုံလောက်လောက်ရှိအောင် မိမိရဲ့ အချိန်ကို စီမံပါ။

(၆) ကျေးဇူးတင်စရာတွေကို တွေးပါ။

စိတ်ဖိစီးမှုဖြစ်နေတဲ့အချိန်မှာ မိမိရဲ့အတွေးတွေကို သတိပြုပါ။ အနှုတ်သဘောဆောင်သော အတွေးမှတဆင့် အပြုသဘောဆောင်သော အတွေးဆီသို့ရောက်အောင် တဖြည်းဖြည်း ဆွဲခေါ်ပါ။ ဒီ့အတွက် ကျေးဇူးတင်စရာတချို့ကို စဉ်းစားမှုနေ့တိုင်းပြုပါ။ (ဥပမာ – ကိုယ့်မိဘ၊ သားသမီး နေကောင်းကျန်းမာတာ)

(၇) ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ကျွမ်းကျင်စိတ်ပညာရှင်များနဲ့ တွေ့ဆုံးဆွေးနွေးပြီး စကားပြောခြင်းက မိမိခံစားနေရတဲ့ စိတ်ဖိစီးမှုဝေဒနာကို ထိထိရောက်ရောက်လျော့ကျပေးစေနိုင်ပါတယ်။ ပညာရှင်များနဲ့ မိမိခံစားနေရတဲ့ လက္ခဏာတွေအကြောင်းသေချာပြောပြီး နည်းမှန်လမ်းမှန် စိတ်အခြေအနေကို သေချာကောင်းမွန်အောင်ကုသပေးနိုင်ပါတယ်။

တကယ်လို့ မိမိမှာ စိတ်ဖိစီးမှုကို ခံစားစေရတဲ့ စိတ်ပြဿနာကို ခံစားနေရပြီဆိုရင် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး  ဆွေးနွေးတိုင်ပင်ဖို့ Call Me Today က နှစ်သိမ့်ဆွေးနွေးပညာရှင်များနှင့် ဒီ လင့်ကတဆင့် တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။


? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#stress

#counseling

#therapy

Leave a Reply

Your email address will not be published. Required fields are marked *