စိတ်ဒဏ်ရာကို ကုစားဖြေရှင်းနိုင်မယ့် နည်းလမ်းများ
စိတ်ဒဏ်ရာဟာ လူတိုင်းမှာ ကြုံတွေ့ရနိုင်သလို ခံစားရတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးရဲ့ သက်ရောက်မှုဟာ တဦးနဲ့ တဦး မတူညီနိုင်ပါဘူး။ အဖြစ်အပျက်တခုကြောင့် စိတ်ဒဏ်ရာ ရှိနေပေမယ့် တချို့က ပုံမှန်အတိုင်း ရှေ့ဆက်ရှင်သန်နိုင်ကြသလို တချို့မှာတော့ စိတ်ဒဏ်ရာဟာ နေ့စဥ်ဘဝအတွက် ဆိုးရွားတဲ့ ပြဿနာတွေကို ခံစားရနိုင်ပြီး မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်လာနိုင်ပါတယ်။ စိတ်ဒဏ်ရာဖြစ်စေတဲ့ အဖြစ်အပျက်တခုကနေ ကျော်ဖြတ်ပြီးနောက်မှာ ဒီစိတ်ဒဏ်ရာကို ကုစားနိုင်မယ့် နည်းလမ်းတွေကို ဒီကနေ မျှဝေပေးချင်ပါတယ်။
(၁) ခံစားချက်တွေကို လက်ခံပါ
ဒီအဖြစ်အပျက်တခုကနေ ကိုယ့်အတွက် စိတ်ဒဏ်ရာကျန်ခဲ့တဲ့အခါမှာ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်ကို နားလည်လက်ခံဖို့ လိုပါတယ်။ တချို့က စိတ်ဒဏ်ရာတွေကို ခံစားရသည့်တိုင်အောင် ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ပြီး ဟန်ဆောင်တာတွေဟာ စိတ်ဒဏ်ရာကို မကုစားနိုင်တဲ့ အချက်တခု ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဝမ်းနည်းတာ၊ စိတ်ထိခိုက်တာ၊ နှမြာတသ ယူကြုံးမရ ဖြစ်တာ၊ စိတ်တိုဒေါသထွက်တာ စတဲ့ ခံစားမှုတွေကို နားလည် လက်ခံပြီး ထုတ်ဖော်ပြသဖို့အတွက် ဝန်မလေးဖို့ လိုပါတယ်။ ငိုချင်တာ၊ စိတ်ဆိုးပြီး အော်ဟစ်တာ စသဖြင့် အပြုအမူတွေနဲ့ ခံစားချက်ကို ဖွင့်ထုတ်ပြီး ခံစားလိုက်တာက ပထမဆုံးအဆင့်ပဲ ဖြစ်ပါတယ်။
(၂) လက်ရှိအနေအထားကို အာရုံစိုက်ပါ
စိတ်ထိခိုက်စရာ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည့်တိုင်အောင် အခုအချိန်မှာ ကိုယ်ဟာ ကျော်ဖြတ်ခဲ့ပြီး ဖြစ်တာကို သတိပြုမိဖို့ လိုပါတယ်။ တချို့သော စိတ်ဒဏ်ရာတွေဟာ ကိုယ့်ကို အတိတ်က အဖြစ်အပျက်မှာ ပိတ်မိနေစေပြီး လက်တွေ့ဘဝနဲ့ ဝေးကွာစေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် စိတ်ထိခိုက်စရာ ခံစားမှုတွေကို မတွေးမိစေဖို့အတွက် လက်ရှိဘဝကို အာရုံစိုက်ပြီး စိတ်ကိုတည်ငြိမ်စေဖို့ ကြိုးစားကြည့်သင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်တဲ့ စကားတွေပြောတာနဲ့ နေ့စဥ်ပုံမှန် အလုပ်တွေနဲ့ အချိန်ပြည့် မအားလပ်အောင် လုပ်ဆောင်တာတွေကို ပြုလုပ်ပေးသင့်ပါတယ်။
(၃) စိတ်ဒဏ်ရာကို ပိုဆိုးစေမယ့် အချက်တွေကို သိပါစေ
တိုက်ဆိုင်မှုတွေရှိတဲ့အခါမှာ တခါက ခံစားချက်နဲ့ နာကျင်မှုတွေကို ပြန်ကြုံတွေ့ရတတ်လေ့ရှိပါတယ်။ တချို့သော အတွေ့အကြုံ ခံစားမှုတွေ၊ လူတွေစတဲ့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာကို ပိုဆိုးစေမယ့် အရာတွေကို ကိုယ်တိုင်သိရှိထားမယ်ဆိုရင် ဒါတွေကို ကြိုတင်ရှောင်ရှားနိုင်မှာ ဖြစ်သလို နောက်တကြိမ် စိတ်ဒဏ်ရာ မဖြစ်စေဖို့ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မမျှော်လင့်ပဲ ဒီအရာတွေကို နောက်တကြိမ် တွေ့ကြုံခံစားရသည့်တိုင်အောင် ဒါဟာ သင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ တထပ်တည်းမကျဘူး၊ အခုတကြိမ်မှာ အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိဖို့ လိုပါတယ်။
(၄) အချိန်ပေးပါ
စိတ်ဒဏ်ရာတွေကို ကုစားတဲ့အခါမှာ ခံစားရတဲ့ အတိမ်အနက်နဲ့ ခံစားရသူရဲ့ ခံယူချက်၊ ကုစားဖြေရှင်းတဲ့ နည်းလမ်း စတဲ့ အချက်တွေမှာ မူတည်ပြီး ပျောက်ကင်းဖို့အတွက် အချိန်ကွဲပြားမှုတွေ ရှိပါတယ်။ အထူးသဖြင့် နှစ်နဲ့ ချီအောင် ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ အချိန်ခဏတည်းနဲ့ ကုစားဖို့ မဖြစ်နိုင်သလို အချိန်ပေးကုစားခဲ့သည့်တိုင်အောင် ပြန်လည် ခံစားအမှတ်ရတတ်တာမျိုးလည်း ရှိတာကြောင့် နည်းလမ်းမှန်မှန်နဲ့ ကုသဖို့ လိုအပ်ပါတယ်။
(၅) တစုံတယောက်ကို ရင်ဖွင့်ပါ
စိတ်ဒဏ်ရာတွေကို တကိုယ်တည်း ခံစားရတဲ့အခါ အချိန်ကြာလာတာနဲ့ အမျှ မွန်းကြပ်လာတတ်ပြီး ဒီအဖြစ်အပျက် အတွေ့အကြုံထဲမှာ ပိတ်လှောင်လာပြီဆိုရင် ကိုယ်ယုံကြည်အားကိုးရတဲ့ တစုံတယောက်ကို ရင်ဖွင့်တာကလည်း ခံစားမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒီလူဟာ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ ဖြစ်နိုင်သလို စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်တဲ့ နှစ်သိမ့်ဆွေးနွေးသူ လည်း ဖြစ်နိုင်ပါတယ်။
စိတ်ဒဏ်ရာတွေဟာ အဖြစ်အပျက်တွေ ပြီးဆုံးသွားသည့်တိုင်အောင် ထပ်တလဲလဲ ခံစားနေရတတ်ပြီး မျက်လုံးထဲမှာ ပြန်မြင်ယောင်တာ၊ အိပ်မပျော်တာ၊ တွေးပြီး ကြောက်ရွံစိတ်ဖြစ်တာ၊ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုတာ အပြင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ အထိဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒီလိုမျိုး ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် ကိုယ့်ရဲ့ နေ့စဥ်ဘဝမှာ ထိခိုက်မှုတွေ ရှိနေပြီ ဆိုရင်တော့ ကျွမ်းကျင်သူနဲ့ သေချာဆွေးနွေးကုသဖို့ လိုပါတယ်။
သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။
☎️: 09-5131873