Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

ပထမဆုံးရင်သွေးဆိုတာ မိခင်၊ ဖခင်တိုင်းရဲ့ ကနဦးအစ မိဘဖြစ်ခွင့်ရတဲ့ အခွင့်အရေးကို ယူဆောင်လာသူ ဖြစ်တာကြောင့် အချစ်တွေကို ပုံအောပြီး လက်ခံရရှိတဲ့သူလို့ ပြောကြပါတယ်။ ဒီလို အချစ်ခံရပြီး နောက်ထပ် ရင်သွေးလေး မွေးလာချိန်မှာတော့ သားဦး တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်လာနိုင်ပြီး ဒါကို မိဘတွေအနေနဲ့ နားလည်ထားဖို့ လိုပါတယ်။ ဒီလိုမျိုး ပထမကလေးရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မိဘတွေအနေနဲ့ ဂရုစိုက်ရမယ့် အချက်တွေကို မျှဝေပေးချင်ပါတယ်။ 

(၁) သေချာ နားလည်အောင် ရှင်းပြပေးပါ 

နောက်ထပ် အငယ်လေး ရလာတာဟာ ပထမကလေးအတွက် အချစ်ပေါ့စေမှာ မဟုတ်ပဲ ချစ်ခင်စရာ မိသားစုဝင်တဦး  တိုးလာတာဖြစ်ကြောင်း၊ အချစ်မလျော့ပဲ အတူတူပဲ ချစ်ပေးမည်ဖြစ်ကြောင်း စသဖြင့် ကလေးအရွယ်အလိုက် နားလည်နိုင်လောက်မယ့် စကားလုံးတွေနဲ့ သေချာ ရှင်းပြထားဖို့ လိုပါတယ်။ ကလေးကို စိတ်ဆိုးအောင် စတာ၊ မခံချင်အောင်စတာတွေဟာ ကလေးတွေရဲ့ ခံစားချက်ကို ပိုဆိုးစေနိုင်မှာ ဖြစ်လို့ ရှောင်ဖို့ လိုပါတယ်။ 

(၂) ကလေးရဲ့ ခံစားချက်ကို လျစ်လျူမရှုပါနဲ့ 

ကလေးတွေဟာ ခံစားလွယ်ပေမယ့် လူကြီးတွေလို ထုတ်ဖော်ပြောလေ့ သိပ်မရှိပါဘူး။ ဒါပေမယ့် လူကြီးကို အရမ်းကပ်တွယ်နေမယ်၊ စိတ်တိုစိတ်ကောက်ပြမယ်၊ ခဏခဏ ငိုနေမယ်၊ အစာစားတာ နည်းမယ်၊ အိပ်စက်ချိန် များနေမယ်၊  မှိုင်တွေနေမယ်ဆိုရင်တော့ ကလေးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ရှိနေလားဆိုတာကို သတိထားပြီး အလေးပေး ဂရုစိုက်ဖို့ လိုပါတယ်။ အထူးသဖြင့် အငယ်လေးကို မိဘတွေက အလေးပေးချစ်ခင်တာ တွေ့ရလေ့ရှိတဲ့အခါ သူတို့လေးတွေသဘာဝဟာ ခံစားလွယ်လေ့ ရှိကြပါတယ်။ 

(၃) ကလေးကို နှိုင်းယှဉ်ခြင်း မလုပ်မိပါစေနဲ့ 

ကလေးကို ဆုံးမတဲ့အခါမှာပဲဖြစ်ဖြစ် ပစ္စည်းတခုခု ဝယ်ပေးတဲ့အခါမှာပဲ ဖြစ်ဖြစ် အကြီး၊ အငယ် နှိုင်းယှဉ်ပြောတာမျိုးဟာ ကလေးတွေအတွက် ဆိုးကျိုးပိုဖြစ်စေပါတယ်။ အငယ်က ပိုလိမ္မာတယ်၊ အကြီးက ပိုပြောစကားနားထောင်တယ်၊ အငယ်ကို အတုယူရမယ် စသဖြင့် နှိုင်းယှဉ်ပြောတာတွေဟာ ကလေးတွေရဲ့ ရင်တွင်းခံစားချက်ကို ပိုဆိုးစေပြီး ကလေးအချင်းချင်း အမုန်းပွါးစေနိုင်တာကြောင့် နှိုင်းယှဉ်ပြောတာတွေကို မပြုလုပ်သင့်ပါဘူး။ 

(၄) အရင်လိုပဲ အချိန်ပေး ဂရုစိုက်ပေးပါ 

ကလေးအငယ်လေး မွေးပြီးချိန်မှာလည်း အကြီးအပေါ်မှာ တူညီတဲ့ ဂရုစိုက်မှု၊ ချစ်ခင်မှု၊ အလေးပေးမှုကို ပေးမယ်ဆိုရင် ကလေးအနေနဲ့ ခြားနားမှုကို မခံစားရတော့ပဲ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှု ရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့  ပထမ ကလေးအပေါ်မှာ မလျော့တဲ့ ဂရုစိုက်မှု ပေးသင့်သလို အကြောင်းကြောင်းကြောင့် လိုအပ်ချက်ရှိခဲ့ရင်လည်း နားလည်အောင် ရှင်းပြထားသင့်ပါတယ်။ 

(၅) ကလေးနှစ်ဦးကို အပြန်အလှန် ချစ်အောင် လေ့ကျင့်ပေးပါ

အငယ်လေး မွေးလာပြီးနောက် ကလေးတွေအပြန်အလှန် ချစ်ခင် ကြင်နာကြမယ်ဆိုရင် မိဘတွေလည်း စိတ်ချမ်းသာရသလို ကလေးတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများစေနိုင်ပါတယ်။ ဒီအချက်ဟာ မိဘနဲ့ အများဆုံး သက်ဆိုင်နေတာကြောင့် ကလေးတွေကို အမုန်းမပွါးပဲ၊ ချစ်ခင်တတ်အောင်၊ အပြန်အလှန် အလျှော့ပေး ကူညီတတ်အောင် စိတ်ပိုင်းဆိုင်ရာ နူးညံံ့စေဖို့ သင်ကြားပေးရမှာ ဖြစ်ပါတယ်။ 

မိသားစု တစုမှာ ကလေးတွေအချင်းချင်း ချစ်ခင် ပျော်ရွှင်ကြမယ်ဆိုရင် ဒါဟာ မိသားစုရဲ့ အနာဂတ်ကိုလည်း သာယာစေသလို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယကလေးမွေးလာချိန်မှာ သားဦးကလေးငယ် အနေနဲ့ ဝမ်းနည်းမှုထက် ပျော်ရွှင်မှုကို ဖန်တီးပေးဖို့ရာက မိဘတွေပေါ်မှာ များစွာ မူတည်နေပါတယ်။

တကယ်လို့ မိဘတစ်ယောက်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *