Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့နေကြတဲ့ ပြဿနာ၊ ဖြစ်ရပ်နဲ့ ခံစားမှုတွေ ရှိကြပါတယ်။ ဒါတွေကို ရင်ဖွင့်ပြောပြနိုင်မယ့် တစုံတယောက်ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် နှစ်သိမ့်ဆွေးနွေးခြင်း (Counseling) ဟာ ရင်ဖွင့် ပြောဆိုတာထက် ပိုပြီး လေးနက်ပါတယ်။ နှစ်သိမ့်ဆွေးနွေးခြင်းဟာ  စကားပြောခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ကုသမှု (Talk Therapy) တမျိုး  ဖြစ်ပါတယ်။ 

နှစ်သိမ့်ဆွေးနွေးမှု တခုမှာ နှစ်သိမ့်ဆွေးနွေးသူ (Counselor) ဟာ တဦးချင်းအလိုက်ဖြစ်စေ၊ မိသားစုလိုက် ဒါမှမဟုတ် အုပ်စုလိုက် စသဖြင့် ဆွေးနွေးမှု လိုအပ်သူတွေနဲ့ အတူတကွ စကားပြောဆိုပြီး ဆွေးနွေးပေးတာပဲ ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးမှုတွေမှာ လူချင်းတွေ့ဆုံကြတာ ရှိသလို အခုဆိုရင် အွန်လိုင်းကနေလည်း ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။ ဆွေးနွေးမှု ပြုလုပ်ချိန်ဟာ တစ်ကြိမ်ကို ပျမ်းမျှအားဖြင့် အချိန် နာရီဝက်မှ တစ်နာရီအထိ ကြာလေ့ရှိပြီး လိုအပ်သလို ထပ်မံ ဆွေးနွေးရတာ ဖြစ်ပါတယ်။ 

သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးမှု ခံယူတော့မယ်ဆိုရင် သင့်ရဲ့ ခံစားချက်၊ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့် ပြောဆိုနိုင်ပြီး ဒီအချက်အလက်တွေကို နှစ်သိမ့်ဆွေးနွေးသူဘက်က ကျင့်ဝတ်အရ လုံးဝ လျှို့ဝှက်ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်သိမ့်ဆွေးနွေးမှုတွေကနေ မိမိရဲ့ အတွင်းရေးနဲ့ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်စရာ မလိုပါဘူး။ 

နောက်တခုကတော့ နှစ််သိမ့်ဆွေးနွေးသူ အနေနဲ့ သင့်ရဲ့ ခံစားချက်၊ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ၊ အကြံပြုတာတွေ လုံးဝ ပြုလုပ်ပေးမှာ မဟုတ်ပါဘူး။ သင့်ရဲ့ လက်ရှိ အခြေအနေကို စာနာမှုနဲ့ နားထောင်ပေးပြီး သင်ကိုယ်တိုင် သင့်အကြောင်း ရှင်းရှင်းလင်းလင်း နားလည် စေဖို့ပဲ ကူညီပေးမှာပဲ ဖြစ်ပါတယ်။ 

နှစ်သိမ့်ဆွေးနွေးမှုတွေကနေ သင်လိုချင်တဲ့ ရည်မှန်းချက်၊ ပန်းတိုင်တွေ၊ လက်ရှိပြဿနာနဲ့  စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို ပေးနိုင်မှာ ဖြစ်ပြီး သင်နဲ့ အသင့်တော်ဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို သင်ကိုယ်တိုင် လုပ်ဆောင်နိုင်ဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

များသောအားဖြင့် Relationship ၊ အချစ်ရေး၊ အလုပ်အကိုင်၊ မိသားစုပြဿနာ၊ စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေမှ အစပြုလို့ တခြားသော ပြဿနာ တွေကို ဆွေးနွေးတိုင်ပင်သူ (Counselor) နဲ့ တိုင်ပင်ဆွေးနွေးကြလေ့ ရှိကြပါတယ်။ ဆွေးနွေးမှု တလျှောက်မှာ နှစ်သိမ့်ဆွေးနွေးသူနဲ့ ဆွေးနွေးမှု ခံယူသူ နှစ်ဦးဟာ ညှိနှိုင်းမှုတွေကို ပြုလုပ်ရသလို တက်ညီလက်ညီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

နှစ်သိမ့်ဆွေးနွေးမှုမှသည် သိသာတဲ့ ရလဒ်တွေကို ရရှိဖို့ဆိုတာ ဆွေးနွေးသူနဲ့ ခံယူသူ နှစ်ဦးကြား သဟဇာတဖြစ်မှု၊ အသုံးပြုတဲ့ စိတ်ကုထုံး အမျိုးအစား၊ ပြဿနာရဲ့ အတိမ်အနက်၊ ပြဿနာရဲ့ ရှုပ်ထွေးခက်ခဲမှုအပြင် ဆွေးနွေးမှု ခံယူသူရဲ့ အစအဆုံး လိုက်ပါဆောင်ရွက်မှု စတဲ့ အချက်တွေလည်း များစွာ မူတည်နေပါတယ်။ တချို့သော နှစ်သိမ့်ဆွေးနွေးမှုတွေဟာ ၁၀ ကြိမ်ကနေ ၁၅ ကြိမ်အထိ ကြာမြင့်တာမျိုးလည်း ရှိနိုင်ပါတယ်။ 

တခါတရံမှာ လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်တဲ့ အခြေအနေတခုကို ရင်ဆိုင်ရနိုင်ပြီး ဒါကို အတူတကွ ဖြေရှင်းပေးဖို့ လူတစ်ဦး လိုအပ်ပါတယ်။ ဒါဟာ ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းထက် ပိုတဲ့ ကျွမ်းကျင်ပညာရှင် တယောက်ဖြစ်မယ််ဆိုရင် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ပိုမို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ 

တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *