ကလေးဘဝရဲ့ဖြစ်ရပ်များက ကိုယ့်ရဲ့လက်ရှိအခြေအနေကို ဘယ်လိုရိုက်ခတ်နိုင်သလဲ
top of page

ကလေးဘဝရဲ့ဖြစ်ရပ်များက ကိုယ့်ရဲ့လက်ရှိအခြေအနေကို ဘယ်လိုရိုက်ခတ်နိုင်သလဲ

Updated: Jul 31, 2023


မိမိကိုယ်တိုင်စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတခဲ့ကြဖူးပါလိမ့်မယ်။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လားပေါ့။ ကလေးတွေမှာလည်း လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ ခံစားချက်လေးတွေဟာသူ့အခြေအနေနဲ့သူရှိနေကြပါသည်။


ကျောင်းမှာအဆင်ပြေရဲ့လား၊ အိမ်ကပြဿနာတွေရော သူတို့နားလည်နေသလား၊ ဘာကိုစိုးကြောက်နေသလဲ၊ စိတ်ဖိစီးစေတဲ့အရာတွေ ရှိနေသလား ကိုယ့်ကလေးကို သတိထားကြည့်သင့်ပါတယ်။ သူတို့ဘာသာလည်း ဘာဖြစ်နေမှန်းမသိတဲ့စိတ်ဖိစီးမှုတွေအတွက် မိဘတွေကို ဖွင့်ပြောပြလာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။

ကလေးအရွယ်ကတော့ ဘာကိုပဲဖြစ်ဖြစ် လူကြီးတွေနဲ့အမြင်မတူနိုင်တာ၊ လူကြီးတွေလောက်နားမလည်သေးတာသဘာဝမို့ ဘယ်အခြေအနေ၊ ဘယ်အကြောင်းအရာမှာမဆို လူကြီးတွေဆီကအသိပညာပေးတာ၊ နားလည်အောင်ရှင်းပြတာတွေကို ရရှိဖို့လိုအပ်ပါတယ်။ မိဘအများစုက ကလေးရဲ့စိတ်အတွင်းက ခံစားချက်မျိုးစုံကို မသိကြတာများပါတယ်။ အပြုအမူလေးတွေ သိသာလာမှ၊ပြောင်းလဲလာမှ၊ ကျန်းမာရေးယိုယွင်းလာမှ သိရတာထက် ကြိုတင်ဂရုစိုက်နိုင်မယ်ဆို ပိုကောင်းပါတယ်။ စိတ်သောကတွေရှိနေတာက စိတ်ညစ်ရုံတင်မဟုတ်ဘဲ ကလေးရဲ့ဘက်စုံဖွံ့ဖြိုးမှုမှာ ထိခိုက်လာနိုင်ပါတယ်။

ကလေးဘဝငယ်စဉ်ကတည်းက အခက်အခဲတွေ၊ လောကဓံတွေကိုရင်ဆိုင်ခဲ့ရတဲ့ကလေးတစ်ယောက်၊ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ မကြာခဏကြုံခဲ့ရတဲ့ကလေးတစ်ယောက်ဟာဆိုရင်စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာတတ်ကြပါတယ်။ စိတ်ဒဏ်ရာဆိုတာမျိုးက မျက်စိနဲ့ မြင်ရတာမျိုးမဟုတ်တာကြောင့် လူတစ်ယောက်ဟာ စိတ်ဒဏ်ရာတွေရှိခဲ့လား၊ ဘယ်လိုနာကျင်မှုမျိုးတွေကို ရင်ဆိုင်နေရလည်းဆိုတာကို အပေါ်ယံကြည့်ရုံနဲ့တော့ မမြင်နိုင်ပါဘူး။ ဒါပေမယ့်လို့ သူ့ရဲ့အပြုအမူနဲ့ နေပုံထိုင်ပုံတွေကိုကြည့်ပြီးငယ်စဉ်ကစိတ်ဒဏ်ရာတွေရခဲ့လားဆိုတာကို ခန့်မှန်းကြည့်လို့ရပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရသူတစ်ယောက်မှာ တခြားသူတွေထက်ပိုသန်မာတယ်၊ ပိုပြီးကြင်နာတတ်တယ်၊တကိုယ်ကောင်းဆန်တတ်တယ်၊တခုခုကြောင့်ငြင်းဆိုခံရမှာကြောက်တယ် စသည့် လက္ခဏာများတွေ့ရတတ်ပါတယ်။


ကလေးဘဝမှာစိတ်ဒဏ်ရာတွေခံစားရပြီးကြီးပြင်းလာသူတွေမှာ တွေ့ရတတ်တဲ့အပြုအမူနဲ့စိတ်ပိုင်းအခြေအနေများကတော့ စိတ်ဒဏ်ရာရှိသူတွေဟာ အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ လောကဓံကိုရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုပြုပြင်ရပါတယ်။ ဒီလိုပြုပြင်ရင်းက တခြားသူတွေထက်ပိုသန်မာသူတွေဖြစ်လာကြပါတယ်။ ပြီးတော့ သူတို့ဟာ စိတ်ထဲကနေနာကျင်ခံစားရတာကို ကောင်းကောင်းနားလည်တာကြောင့် သူတို့ခံစားရတဲ့နာကျင်မှုတွေ တခြားသူကိုမခံစားစေချင်တာကြောင့် တစ်ဖက်သားအပေါ် ကြင်နာတတ်ကြပါတယ်။ စိတ်ဒဏ်ရာတွေရှိတဲ့သူတွေဟာ တခါတရံတစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ သူတို့တွေဟာ ငယ်ဘဝကစပြီး လုံလုံလောက်လောက်အချစ်မခံခဲ့ရဘူး၊ ဦးစားပေးမှုကိုမရခဲ့တာကြောင့်ကိုယ့်ကိုယ်ကိုဦးစားပေးဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။


စိတ်ဒဏ်ရာရှိသူအများစုဟာ လူတွေအပေါ်အမှားလုပ်မိမှာစိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်အမှားမလုပ်မိအောင် နေတတ်ကြပြီး သူတို့အပေါ်အမှားကျူးလွန်မိရင်လည်း ကိုယ်နဲ့နှိုင်းပြီးတော့တွေးပေးတတ်မျိုးကြောင့်လက်ရှိအခြေအနေမှာကိုယ့်ကို မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်ပြီးသားဖြစ်နေတတ်ကြပါတယ်။ ကလေး ဘဝမှာကတည်းက အမြဲလိုလိုဦးစားပေးမခံခဲ့ရတာကြောင့် ကျန်တဲ့ဘဝမှာ အငြင်းခံရမှာကိုသေရမှာထက်ပိုကြောက်တတ်ကြပါတယ်။


အလုပ်ထဲမှာ၊ပေါင်းသင်းဆက်ဆံရေးမှာ၊ မိသားစုမှာ စသဖြင့် နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုအကြောင်းကြောင့်မှ အငြင်းမခံချင်ဘဲ သူတို့ကို လက်ခံအောင် တတ်နိုင်သလောက်ကြိုးစားတတ်ကြပါတယ်။ ငယ်ဘဝရဲ့ရိုက်ခတ်မှုကြောင့်တချို့တချို့သောသူတွေမှာ ဆန့်ကျင်ဘက်အမူအကျင့်တွေရှိတတ်ကြပါတယ်။ တခါတရံပျော်ရွှင်နေတတ်ပြီး တခါတရံမှာအလိုလိုနေရင်း ဝမ်းနည်းနေတတ်ပါတယ်။ တခါတရံမှာ စိတ်တိုစိတ်ဆတ်လွယ်ပြီး တခါတရံမှာလည်း သူမတူအောင်နူးညံ့နေတတ်ပြန်ပါတယ်။ အဲ့ဒီလိုမျိုး ဆန့်ကျင်ဘက်အပြုအမူတွေရှိနေတတ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ငယ်ဘဝစိတ်ဒဏ်ရာကြောင့်လက်ရှိအချိန်မှာရုပ်ပိုင်းရောစိတ်ပိုင်းပါကြုံဆုံတွေ့ရမယ့်အခြေအနေတွေပဲဖြစ်ပါတယ်။






Categories

Other trending posts

1/11
bottom of page