top of page

သဘာဝဘေးအန္တရာယ် ကြုံတွေ့ပြီးနောက် ကြောက်စိတ်ပြင်းထန်ခြင်းကို ထိန်းချုပ်နည်း 

  • Writer: Project Coordinator
    Project Coordinator
  • Apr 8
  • 2 min read


မမျှော်လင့်ထားတဲ့ ငလျင်ရဲ့ သက်ရောက်မှုတွေကို ခံစားကြုံတွေ့ရပြီးနောက်မှာ တုန်လှုပ်ခြောက်ခြားမှုနဲ့ ကြောက်စိတ် ပြင်းထန်မှုတွေကို ဆက်တိုက်ဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။ လက္ခဏာအားဖြင့် ညဘက် အိပ်မပျော်တာ၊ အဖြစ်အပျက်တွေကို ပြန်လည် မြင်ယောင်တာ၊ ရုတ်တရက် ကြောက်စိတ်တွေ ခံစားရပြီး တုန်လှုပ်ခြောက်ခြားတာ၊ နှလုံးခုန်နှုန်းတွေ မြန်ပြီး ဆောက်တည်ရာမရ ဖြစ်တာ စတာတွေ ဖြစ်နိုင်ပြီး ဒါတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ 


(၁) အသက်ကို ပြင်းပြင်းရှုပါ 


လူတိုင်းက စက္ကန့်မလပ် အသက်ရှုနေကြတယ် ဆိုပေမယ့် အသက်ရှုခြင်းကို သတိတရနဲ့ အထူးတလှယ် အာရုံမစိုက်ဖြစ်ကြပါဘူး။ ပြင်းထန်တဲ့ စိုးရိမ်ထိတ်လန့်မှုကို ကြုံတွေ့ရချိန်မှာ အမြန်ဆုံး စိတ်ကို ပြန်လည် တည်ငြိမ်စေမယ့် နည်းလမ်းကတော့ အသက်ကို ပြင်းပြင်းရှုပြီး စိတ်အာရုံကို ပြန်လည်စုစည်း ခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ၄-၇-၈ နည်းလမ်းကို အသုံးပြုပြီး ၄ စက္ကန့် ကြာ အသက်ရှုသွင်းပြီး ၇ စက္ကန့်ကြာ ထိန်းထားပြီးနောက် ၈ စက္ကန့်ကြာ ပြန်လည်ရှုထုတ်တဲ့ နည်းလမ်းဟာ ထိရောက်တဲ့ အသက်ရှုနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ 


(၂) လက်ရှိ အခြေအနေကို အာရုံပြုပါ 


အဖြစ်အပျက်တွေကို ပြန်လည် မြင်ယောင်ခြင်းနဲ့ ပုံရိပ်ယောင်တွေကြောင့် စိုးရိမ်ကြောင့်ကြခြင်းကို သဘာဝ ဘေးအန္တရာယ် ပြီးနောက်မှာ အများစုက ကြုံတွေ့ခံစားရပါတယ်။ အထူးသဖြင့် အသံတွေ ကြားယောင်တာ ၊ မျက်လုံးမှိတ်လိုက်တိုင်းမှာ ကြောက်လန့်ဖွယ် ပုံရိပ်တွေ မြင်လာတဲ့အခါ နောက်ဆက်တွဲ စိတ်မတည်ငြိမ်ခြင်းကို ခံစားရပြီး အိပ်စက်ရ ခက်ခဲခြင်း ကြောင့် ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ဒီအချိန်မှာ လက်ရှိ အခြေအနေကို သတိပြုမိအောင် အာရုံစိုက်ဖို့ လိုသလို ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို ကျော်လွန်ပြီး ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် အတည်ပြု ပြန်လည် နှစ်သိမ့်ဖို့လိုပါတယ်။ 


(၃) ပိုဆိုးစေတဲ့အရာ (Trigger) တွေကို ရှောင်ပါ 


လူတိုင်းမှာ ခံစားချက် အတိမ်အနက် မတူညီကြသလို ကြုံတွေ့လာခဲ့တဲ့ အတွေ့အကြုံ ၊ စိတ်ဒဏ်ရာပေါ်မှာ မူတည်ပြီး Trigger ဖြစ်စေတဲ့ အချက်တွေလည်း မတူညီနိုင်ပါဘူး။ အထူးသဖြင့် အခုလို သဘာဝ ဘေးကြောင့် စိတ်မတည်ငြိမ်မှုနဲ့ အလွန်အမင်း စိုးရိမ်ကြောက်လန့်မှုတွေကို ခံစားရတဲ့အခါမှာ ပိုဆိုးစေတဲ့ အချက်တွေကို ရှောင်ကြဥ်ဖို့ လိုပါတယ်။ ဥပမာ ဆိုရှယ်မီဒီယာက စိတ်မကောင်းဖွယ်ရာ သတင်းတွေကို အမြဲ ကြည့်မိနေတာမျိုး၊ အန္တရာယ် မလွတ်ကင်းသေးတဲ့ နေရာမှာ နေထိုင်တာမျိုးဟာ ခံစားချက်တွေကို ပိုဆိုးစေနိုင်ပါတယ်။ 


(၄) အဖွဲ့အစည်းတွေမှာ ပါဝင်ကူညီပါ


တခြားသူတစ်ဦးကို ကူညီဖေးမခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို အတိုင်းအတာ တစ်ခုအထိ လျော့ပါးသက်သာစေသလို အကူအညီ လက်ခံသူအတွက်လည်း အကျိုးရှိပါတယ်။ အထူးသဖြင့် ဒီလို ကာလမှာ တစ်ဦးတည်း အချိန်ကုန်ဆုံးမယ့်အစား အဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်ပြီး လူမှု အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်တာ အဖွဲ့လိုက် လုပ်ဆောင်မှုတွေပါ ဝင်ရောက်ကူညီတာတွေဟာ စိတ်ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ 


(၅) စိုးရိမ်ဖွယ်ရာ လက္ခဏာများကို သတိပြုဆင်ခြင်ပါ 


သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ပြီးနောက်မှာ စိုးရိမ်ဖွယ်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အချိန်ကြာကြာ အလွန်အမင်း ကြောက်ရွံ့ခြင်း၊ အိပ်မက်ဆိုးများကြောင့် ရက်ရှည် အိပ်မပျော်ခြင်း၊ တခြားသူများကို ရှောင်ဖယ်လာပြီး တဦးတည်း အချိန်ကုန်လိုခြင်း၊ အသံနဲ့ ပုံရိပ်များက ဆိုးဆိုးရွားရွား ခြောက်လှန့်လာခြင်း၊ ကိုယ်ကို့ကိုယ် နာကျင်အောင် လုပ်ဖို့ကြံစည်မိခြင်း စတာတွေ ခံစားရပါက မပေါ့ဆသင့်ပဲ သေချာ ဆွေးနွေး ကုသဖို့လိုပါတယ်။ 


သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ရပြီးနောက်မှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ကြောက်ရွံ့စိုးရိမ်မှုတွေကို ခံစားရတာက ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုပေမယ့် ဒီလက္ခဏာတွေက ပြင်းထန်လာမယ်၊ အထူးသဖြင့် စိုးရိမ်ဖွယ်ရာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပြလာမယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်နဲ့ တိုင်ပင်ကုသဖို့ လိုအပ်နိုင်ပါတယ်။ ငလျင်ရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။


ငလျင်ဒဏ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး တထောင့်တအား အဖြစ် Call Me Today မှ ပညာရှင်များမှ “အခမဲ့” တိုင်ပင်ဆွေးနွေးပေးမဲ့ အစီအစဉ်လေးကို 2025 ဧပြီလ တစ်လ လုံး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလဲ အသိပေးလိုပါတယ်။ မိမိကိုယ်တိုင်ဖြစ်‌‌စေ၊ မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများ ဖြစ်‌စေ ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတယ်ဆိုရင် Call Me Today Facebook Page Messenger က တစ်ဆင့် Free Counseling Appointment ဆက်သွယ် ရယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။


☎️: 09-5131873




 
 

Categories

Other trending posts

1/36
bottom of page