top of page

သဘာဝဘေးအန္တရာယ်ကြောင့် ကြေကွဲဝမ်းနည်းမှုတွေ ခံစားရခြင်း 

  • Writer: Project Coordinator
    Project Coordinator
  • 5 hours ago
  • 2 min read


သဘာဝ ဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှု များစွာကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ကြေကွဲဝမ်းနည်းမှုတွေကိုပါ ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် မိသားစုဝင်တွေ ဆုံးရှုံးတယ်၊ အိုးအိမ် အဆောက်အဦးတွေအပါအဝင် ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို  စွန့်လွတ်ရတဲ့အခါ ကြေကွဲဝမ်းနည်းမှုတွေဟာ အတိုင်းအဆမရှိ ကြီးထွားလာပြီး စိတ်ပိုင်းဆိုင်ရာအားဖြင့် အကြီးအကျယ် ပျက်စီးထိခိုက်စေနိုင်ပါတယ်။ 


သဘာဝဘေးအန္တရာယ်ကြောင့် ကြေကွဲဝမ်းနည်းမှု ခံစားရတဲ့ လက္ခဏာများ 


(၁) မယုံကြည်နိုင်အောင် တုန်လှုပ်ခြင်း 


သဘာဝဘေးအန္တရာယ်ရဲ့ ဖြစ်ရပ်တွေက မိနစ်ပိုင်းအတွင်းမှာ ရုတ်တရက် ဖြစ်ပျက်သွားတဲ့အခါ  စိတ်တုန်လှုပ်ခြောက်ခြားမှုနဲ့ ကြောက်ရွံ့မှုတွေကို တဆက်တည်းမှာ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ဆုံးရှုံးမှုတွေကို နဖူးတွေ့ ဒူးတွေ့ကြုံလိုက်ရချိန်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို မယုံကြည်နိုင်တာ၊ လက်တွေ့ အခြေအနေနဲ့ ကင်းကွာတာ တွေဖြစ်နိုင်ပါတယ်။ ဘာဆက်လုပ်ရမှန်းမသိအောင် ခံစားချက်တွေ ထုံပြီး အဖြစ်အပျက်တွေကို လက်မခံနိုင်တာမျိုး ကြုံရတတ်ပါတယ်။ 

 

(၂) ဝမ်းနည်းခြင်း 


သဘာဝဘေးကို ကြုံတွေ့ရတဲ့ အနေအထားပေါ်မှာ မူတည်ပြီး ကြေကွဲဝမ်းနည်းမှုတွေက အတိမ်အနက် ကွဲပြားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်တိုင် တိုက်ရိုက်ကြုံတွေ့ခဲ့ရပြီး မိသားစုဝင်ကို ဆုံးရှုံးရသူတွေ၊ တန်ဖိုးထားတဲ့ ပိုင်ဆိုင်မှုတွေ ပျောက်ဆုံးသွားသူတွေအနေနဲ့ အတိုင်းအဆမရှိ ပြင်းထန်တဲ့ ဝမ်းနည်းမှုကို ခံစားရနိုင်သလို သဘာဝ ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲ အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့သူတွေ သတင်းဓါတ်ပုံနဲ့ ဗီဒီယိုကနေတဆင့် မြင်ကွင်းတွေကို ကြည့်မြင်ရသူတွေဟာလည်း  ဝမ်းနည်းမှုကို အထိုက်အလျောက် ခံစားရနိုင်ပါတယ်။ 


(၃) ဒေါသထွက်ခြင်း


တခါတရံမှာ ဆုံးရှုံးမှုတွေရဲ့ နောက်ဆက်တွဲ ကြေကွဲ ဝမ်းနည်းမှုတွေကို ဒေါသအနေနဲ့ ခံစားရလေ့ရှိပါတယ်။ ဖြစ်ပျက်သွားတဲ့ အရာတွေဟာ မတရားဘူး၊ လူတွေအများကြီးထဲမှာမှ ကံဆိုးသူအနေနဲ့ ကြုံတွေ့ရတာကြောင့် ရင်နာရတယ်၊ ဒါမျိုးမဖြစ်သင့်ဘူး စတဲ့ အတွေးတွေနဲ့ ဒေါသထွက်လေ့ရှိကြပါတယ်။ ဒီလိုမျိုး ဝမ်းနည်းမှုကနေ တဆင့် ဒေါသကို ခံစားရခြင်းဟာ နာကျင်မှုကို ဖုံးကွယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တဲ့အပြင် ကြေကွဲဝမ်းနည်းခြင်း အဆင့်တွေထဲက တဆင့်မှာလည်း ဒေါသထွက်ခြင်းဟာ ပါဝင်နေပါတယ်။  


(၄) အပြစ်ရှိသလိုခံစားရခြင်း


သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းလို့ မရဘူးဆိုပေမယ့် ဒီအဖြစ်အပျက်မှာ ကိုယ်ချစ်ရသူတွေ ၊မိသားစုဝင်တွေကို မကာကွယ်ပေးနိုင်ဘူး၊ မကယ်တင်လိုက်နိုင်ဘူး ဆိုတဲ့ အပြစ်တင်စိတ်ဟာ အသက်ရှင်သန်သူတွေမှာ ကျန်ရစ်ခဲ့နိုင်ပါတယ်။ တချို့ကလည်း အသက်ဆုံးရှုံးသွားတဲ့ သူတွေအပေါ်မှာ ဂရုဏာသက်စိတ်၊ သနားစိတ် ခံစားမိပြီး ကိုယ့်ရဲ့ အသက်ရှင်မှု ဖြစ်တည်မှုကို မလုံမလဲစိတ် ခံစားရနိုင်ပါတယ်။ ဒါကို survivor’s guilt လို့ ပြောလေ့ရှိကြပြီး သဘာဝဘေးအန္တရာယ်ပြီးနောက် ကြုံတွေ့ရတဲ့ ဝမ်းနည်းမှုတွေကို ဖော်ပြတဲ့ အဖြစ်များဆုံး လက္ခဏာတစ်ခုလို့ ပြောနိုင်ပါတယ်။ 


(၅) ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ခံစားရခြင်း 


ကြေကွဲဝမ်းနည်းမှုဆိုတဲ့ ခံစားချက်ဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်သလို သဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုက ကြီးမားတဲ့ အလျောက် ခံစားချက်တွေက ပိုမို ဆိုးရွားနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပြီး လက္ခဏာအနေနဲ့ မောပန်းနွမ်းနယ်တာ၊ အစာစားချင်စိတ် လျော့နည်းတာ၊ အိပ်စက်ရ ခက်ခဲတာ၊ ခေါင်းကိုက်တာ နဲ့ ဗိုက်အောင့်တာ စတာတွေကိုပါ ခံစားရနိုင်ပါတယ်။ 


သဘာဝဘေးအန္တရာယ်ကြောင့် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုကို သက်သာဖြေလျော့နည်း


(၁) ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံပါ 


သဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုကြောင့် ဆုံးရှုံးမှုတွေ ကြုံတွေ့ရတာဟာ ရှောင်လွဲရခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာ ဝမ်းနည်းတယ်၊ ဒေါသထွက်တယ်၊ ယူကြုံးမရ ဖြစ်တယ်၊ တုန်လှုပ်ကြောက်ရွံ့တယ် ၊ အပြစ်ရှိသလို ခံစားရတယ် ဆိုတာဟာ ဖြစ်တတ်တဲ့ သဘော ဖြစ်တာကြောင့် ဒီခံစားချက်တွေကို လက်ခံလိုက်ဖို့ လိုပါတယ် ။ ဒါမှသာ လက်တွေ့ အခြေအနေကို ပြန်လည် သုံးသပ်မိမှာ ဖြစ်ပြီး ဆက်လုပ်ရမယ့် အရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ 


(၂) ရင်ဖွင့်ပြောဆိုပါ 


မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့် မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုနဲ့ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ရချိန်မှာ ကိုယ်တိုင် တစ်ယောက်တည်း မခံစားနိုင်လောက်အောင် ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကို နားလည်ပေးနိုင်မယ့်သူ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို အသိအမှတ် ပြုပေးနိုင်မယ့် သူ ဒါမှမဟုတ် ကိုယ့်လိုမျိုး စိတ်ခံစားချက် ရှိနေသူတစ်ဦးနဲ့ သေချာရင်ဖွင့်ပြီး ခံစားချက်တွေကို ဖွင့်ဟသင့်ပါတယ်။ ဒါဟာ ခံစားချက်တွေကို အတိုင်းအတာ တစ်ခု အထိ ဖြေလျော့သက်သာစေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


(၃) အကူအညီနဲ့ ထောက်ပံ့မှုတချို့ ရယူပါ 


Support System လို့ပြောတဲ့ အကူအညီ ထောက်ပံ့မှု ဆိုတာဟာ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးမှာ အရေးကြီးပါတယ်။ လူတိုင်းမှာ မတူညီတဲ့ support system တွေရှိကြပါတယ်။ တချို့ကလည်း ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်နိုင်သလို တခါတရံ ကိုယ်ချစ်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း လူ့အဖွဲ့အစည်း ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအားဖြင့် နားလည်တတ်ကျွမ်းတဲ့ ပညာရှင် တစ်ဦးဦးကလည်း ကိုယ့်ရဲ့ support system ဖြစ်နိုင်ပါတယ်။ 


(၄) ဆုံးရှုံးမှုအတွက် တတ်စွမ်းသလောက် လုပ်ပေးပါ 


ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေကြောင့် ပူလောင်နေမယ့်အစား ဆုံးရှုံးမှုအတွက် ကိုယ်လုပ်နိုင်သေးတဲ့ အရာတွေကို လက်တွေ့ကျကျ လုပ်ဆောင်ပေးခြင်းကလည်း ဝမ်းနည်းကြေကွဲမှုတွေကို အထိုက်အလျောက် သက်သာစေနိုင်ပါတယ်။ ဥပမာအားဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားသူ တွေအတွက် ကောင်းမှုကုသိုလ် လုပ်ပေးတာ၊ ပြန်လည် ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးမှာ တထောင့်တနေရာက ပါဝင်တာ၊ တတ်နိုင်သလောက် ကူညီပေးတာ တွေကလည်း ဆုံးရှုံးမှုကြောင့် ဖြစ်လာတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို သက်သာစေနိုင်ပါတယ်။ 


(၅) မိမိကိုယ်ကို ချစ်ခင် ကြင်နာပါ 


Self-compassion လို့ ခေါ်တဲ့ မိမိကိုယ်ကို ချစ်ခင်ကြင်နာခြင်းကလည်း ကြေကွဲဝမ်းနည်းမှုတွေကို ကျော်ဖြတ်ရာမှာ လိုအပ်ပါတယ်။ အထူးသဖြင့် အခုအချိန်မှာ အသက်ရှင်နေတဲ့ ကိုယ့်ကိုကိုယ် ကျေးဇူးတင်စိတ်ထားဖို့ လိုသလို ကိုယ့်ကိုကိုယ် self-care လုပ်ပြီး ပြန်လည် ခွန်အားယူသင့်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်လည် ထိတွေ့ပွေ့ဖက်တာ၊ အားပေးစကားပြောဆိုတာတွေ ပြုလုပ်ပေးခြင်းကလည်း နာကျင်ကြေကွဲမှုတွေကို လျော့ပါး သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ 


တကယ်လို့ သဘာဝဘေးအန္တရာယ် ပြီးနောက် ဆုံးရှုံးမှုရဲ့ သက်ရောက်မှုတွေဟာ ကြီးမားတယ်၊ နောက်ဆက်တွဲ ကြေကွဲဝမ်းနည်းမှုတွေကြောင့် ဖြေမဆည်နိုင်အောင် ခံစားနေရတယ်၊ ဒီခံစားချက်တွေက ရက်ဆက်လာတာကြောင့် ရေရှည် စိတ်ကျန်းမာရေးထိခိုက်နေရတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအားဖြင့် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သေချာဆွေးနွေးဖို့ လိုပါတယ်။ ငလျင်ရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။


ငလျင်ဒဏ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး တထောင့်တအား အဖြစ် Call Me Today မှ ပညာရှင်များမှ “အခမဲ့” တိုင်ပင်ဆွေးနွေးပေးမဲ့ အစီအစဉ်လေးကို 2025 ဧပြီလ တစ်လ လုံး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလဲ အသိပေးလိုပါတယ်။ မိမိကိုယ်တိုင်ဖြစ်‌‌စေ၊ မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများ ဖြစ်‌စေ ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတယ်ဆိုရင် Call Me Today Facebook Page Messenger က တစ်ဆင့် Free Counseling Appointment ဆက်သွယ် ရယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။


☎️: 09-5131873


 
 

Categories

Other trending posts

1/36
bottom of page