top of page

သဘာဝဘေးအန္တရာယ်အကြောင်း သင့်ကလေးကို ဘယ်လို ရှင်းပြမလဲ? 

  • Writer: Project Coordinator
    Project Coordinator
  • 6 days ago
  • 2 min read


သဘာဝဘေးအန္တရာယ်ဟာ အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး ခံစားကြုံတွေ့ရနိုင်ပြီး ကလေးငယ်တွေမှာလည်း ကြီးမားတဲ့ သက်ရောက်မှု နဲ့ ဆုံးရှုံးနစ်နာမှု များစွာ ကြုံနေရပါတယ်။ ဒါ့ကြောင့် အုပ်ထိန်းသူ အနေနဲ့ ကလေးတွေကို သဘာဝ ဘေးအန္တရာယ်ကို ကြိုတင် သိရှိ နားလည်ထားပြီး တတ်နိုင်သလောက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်အောင် သင်ပေးထားဖို့ အရေးကြီးပါတယ်။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်အကြောင်း ကလေးကို ပြောပြတဲ့အခါမှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို မျှဝေပေးချင်ပါတယ်။ 


(၁) တည်ငြိမ်စွာ ရှင်းပြပါ


ကလေးတွေဟာ အုပ်ထိန်းသူရဲ့ မျက်နှာ အနေအထား၊ အသံနေအသံထားနဲ့ ကြောက်ရွံ့မှုပုံစံကို သတိပြုမိကြသလို ခံစားချက်တွေကလည်း ကူးစက်တတ်လေ့ရှိကြပါတယ်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်အကြောင်း ရှင်းပြတဲ့အခါမှာ အုပ်ထိန်းသူကိုယ်တိုင်က ကြောက်ရွံ့တုန်လှုပ်တဲ့ ပုံစံပြသမယ်ဆိုရင် ကလေးရဲ့ ကြောက်ရွံ့စိတ်ကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အုပ်ထိန်းသူ အနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွဲလို့မရပေမယ့် ကိုယ့်ကိုကိုယ် ဂရုတစိုက်နဲ့ ကာကွယ်မယ်ဆိုရင် အထိအခိုက်နည်းနိုင်မှာ ဖြစ်ကြောင်း  တည်ငြိမ်စွာ ရှင်းပြဖို့ လိုပါတယ်။ 


(၂) အသက်အရွယ်နဲ့ ကိုက်ညီတဲ့ပုံစံနဲ့ ရှင်းပြပါ 


ကလေးရဲ့ အသက်အရွယ်အလိုက် နားလည်နိုင်စွမ်း မတူညီနိုင်သလို သင်ပေးသလောက်ကို လိုက်နာပြီး လုပ်နိုင်စွမ်းကလည်း ကွဲပြားနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ အသက်အရွယ်နဲ့ ကိုက်ညီအောင် ရှင်းပြ၊ သင်ပြပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးရဲ့ အသက်အရွယ်နဲ့ နားလည်နိုင်စွမ်းပေါ်မှာ မူတည်ပြီး စကားလုံး ရွေးချယ်မှုမှန်ကန်ဖို့နဲ့ ရှင်းလင်းစွာ ပြောပြပေးဖို့ အရေးကြီးပါတယ်။ များသောအားဖြင့် ကလေးတွေကို သရုပ်ပြပုံစံနဲ့ ကြိုတင်လေ့ကျင့်မှုတွေ လုပ်ပေးခြင်းက ပိုမို ထိရောက်တဲ့ ကာကွယ် နည်းလမ်းတွေ ဖြစ်ပါတယ်။ 


(၃) ကြိုတင်ပြင်ဆင်တတ်ဖို့ သင်ပေးပါ


သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုတင် မသိနိုင်တာကြောင့် တကယ် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အချိန်အတွက် ပြင်ဆင်တတ်ဖို့ သင်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အိမ်မှာ ရှိနေတဲ့အချိန် ငလျင် လှုပ်မယ်ဆိုရင် ဘယ်နေရာမှာ ပုန်းနေရမယ်၊ ဘယ်လို အိမ်ထဲကနေ ထွက်ပြေးရမယ်၊ ကျောင်းမှာ ရှိနေမယ် ဆိုရင်လည်း ဘယ်နည်းလမ်းက အလုံခြုံဆုံး ဖြစ်မလဲ စသဖြင့် ကြိုတင် ပြင်ဆင်တတ်ဖို့ သင်ပြထားခြင်းက ထိရောက်သလို ကလေးတွေအနေနဲ့လည်း လက်တွေ့လုပ်ဆောင်ဖို့ရာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ 


(၄) အကြောက်မလွန်စေဖို့ အထူးသတိပြုပါ 


တခါတရံမှာ မိဘ အုပ်ထိန်းသူအနေနဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေနဲ့ အကျိုးသက်ရောက်မှုတွေကို ကလေးကို ရှင်းပြလိုပေမယ့် ကလေးတွေမှာ အကြောက်လွန်စိိတ်ဖြစ်မှာကို တွေးပူတတ်ကြပါတယ်။ တချို့ ကလေးတွေမှာ နဂိုကြောက်စိတ်နဲ့ စိုးရိမ်ပူပန်စိတ် များတဲ့အခါ  သဘာဝဘေးအန္တရာယ်အကြောင်း ရှင်းပြရာကနေ ကြောက်စိတ် လွန်ကဲပြီး စိုးရိမ်ပူပန်စိတ် များတာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မိဘအုပ်ထိန်းသူအနေနဲ့ သဘာဝ ဘေးအန္တရာယ် အကြောင်း ရှင်းပြတဲ့အခါမှာ ကလေးရဲ့ အကြောက်လွန်စိိတ်ကို ပိုမဆိုးအောင် သတိပြုဖို့ အရေးကြီးပါတယ်။ 

(၅) ကလေးရဲ့ အမူအယာ လက္ခဏာတွေကို စောင့်ကြည့်ပါ 


သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရပြီးချိန် ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် အကြောင်းကို သိရှိပြီးနောက် မှာ ကလေးတွေဟာ တခါတရံ အကြောက်လွန်တတ်ပြီး စိတ်ပိုင်းဆိုင်ရာ လက္ခဏာတချို့ ခံစားနေရနိုင်ပါတယ်။ ဒါကို မိဘအုပ်ထိန်းသူအနေနဲ့ သေချာ သတိပြု စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် မိဘလူကြီးတွေကို ကပ်တွယ်လွန်းတာ၊ ညဘက် အိပ်မပျော်တာ၊ အိပ်မက်ဆိုးမက်တာ၊ လိုတာထက်ပိုပြီး စိုးရိမ်ပူပန်စိတ် များတာ စတာတွေ ခံစားနေရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နိုင်ပါတယ်။ 


သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွဲလို့ မရပေမယ့် ဆောင်ရန် ရှောင်ရန် ဗဟုသုတတွေကို သိထားမယ်၊ တကယ် ဖြစ်လာချိန်မှာ အကြောက်မလွန်ပဲ သတိရှိရှိနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်မယ်ဆိုရင် ကလေးတွေမှာလည်း ဘေးအန္တရာယ် သက်ရောက်မှု နည်းစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မမှန်ကန်တဲ့ နည်းလမ်းတွေ၊ သတင်းအချက်အလက် အမှားတွေ၊ မသေချာတဲ့ ကာကွယ်နည်းလမ်းတွေအစား ထိရောက်တဲ့ ကာကွယ်နည်း အမှန်တွေကို ယုံကြည်ရတဲ့ မိဘအုပ်ထိန်းသူက သေချာကြိုတင် ရှင်းပြထားဖို့ အရေးကြီးကြောင်း မျှဝေလိုက်ရပါတယ်။ မိမိရဲ့ကလေးငယ်တွေမှာ ငလျင်ရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတယ်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်တယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။


ငလျင်ဒဏ်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး တထောင့်တအား အဖြစ် Call Me Today မှ ပညာရှင်များမှ “အခမဲ့” တိုင်ပင်ဆွေးနွေးပေးမဲ့ အစီအစဉ်လေးကို 2025 ဧပြီလ တစ်လ လုံး ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလဲ အသိပေးလိုပါတယ်။ မိမိကိုယ်တိုင်ဖြစ်‌‌စေ၊ မိမိပတ်ဝန်းကျင်မှ မိတ်ဆွေများ ဖြစ်‌စေ ငလျင်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတယ်ဆိုရင် Call Me Today Facebook Page Messenger က တစ်ဆင့် Free Counseling Appointment ဆက်သွယ် ရယူပေးရန် မေတ္တာရပ်ခံလိုပါတယ်။


☎️: 09-5131873

 
 

Categories

Other trending posts

1/36
bottom of page