Search on this blog

Search on this blog

Need Help?

+959 513 1873

image

ရာသီလာတဲ့ အချိန်မှာ အလိုလိုနေရင်း ဝမ်းနည်းတာ၊ ဆတ်ဆတ်ထိမခံအောင် စိတ်တို ဒေါသထွက်တာတွေကို ကြုံရတယ်ဆိုရင် ဒါဟာ သဘာဝပါပဲ။ ဒီလို ရာသီစက်ဝန်းကာလမှာ အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲ များစွာကြုံရတဲ့ အခိုက်အတန့်ဖြစ်သလို ဒီကာလမှာ စိတ်ခံစားချက်တွေ ပြင်းထန်လေ့ရှိပါတယ်။ ဒီလိုမျိုး ဘာကြောင့် ခံစားရတာလဲ၊ ရာသီစက်ဝန်းဟာ စိတ်ကျန်းမာရေးကို ဘယ်လို သက်ရောက်မှု ရှိနေတာလဲ ဆိုတာကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

Premenstrual Syndrome (PMS) ရဲ့ လွှမ်းမိုးမှု

ရာသီစက်ဝန်းအကြောင်းကို ပြောကြပြီဆိုရင် Premenstrual Syndrome (PMS) လို့ ခေါ်တဲ့ ရာသီမလာခင် ခံစားရတဲ့ ရောဂါလက္ခဏာ အစုအဝေးအကြောင်းကို မေ့ထားလို့ မရပါဘူး။ PMS ဟာ စိတ်ကျန်းမာရေး အပေါ်မှာ များစွာ သက်ရောက်မှု ရှိသလို စိုးရိမ်ပူပန်တာ၊ စိတ်ဓါတ်ကျတာ၊ အထိခိုက်လွယ်တာနဲ့ စိတ်အပြောင်းအလဲ မြန်တာ စတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါတွေဟာ နေ့စဥ်ဘဝနဲ့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ ထိခိုက်မှု တချို့ရှိနိုင်ပြီး PMS ရဲ့ အဓိကအကြောင်းရင်းကတော့ ဟော်မုန်းအပြောင်းအလဲ ကြောင့်ပဲ ဖြစ်ပါတယ်။ 

ရာသီစက်ဝန်းအဆင့်ဆင့်ရဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ သက်ရောက်မှုများအကြောင်း 

(၁) Follicular Phase

Follicular Phase လို့ခေါ်တဲ့ ရာသီစက်ဝန်းရဲ့ ပထမ နှစ်ပတ်ဟာ ရာသီသွေးဆင်းတဲ့ အချိန်ကာလဖြစ်ပြီး ဒီလို ရာသီသွေးဆင်းပြီးနောက်မှာ Estrogen ဟော်မုန်းရဲ့ ပမာဏ မြင့်တက်လာပြီး ဒီအချိန်မှာ အားအင်ပြည့်သလို ခံစားရပြီး စိတ်တည်ငြိမ်သလို အတွေးတွေဟာ အကောင်းဘက်ကို ဦးတည်နေတတ်ပါတယ်။ 

(၃) Ovulation Phase 

ရာသီစက်ဝန်းရဲ့ ဒုတိယတစ်ပတ် ပြီးဆုံးတဲ့ အချိန် ၁၄ ရက်မြောက်ကိုတော့ သားဥကြွေခြင်း (Ovulation Phase) လို့ ခေါ်ပြီး ဒီအချိန်မှာ Estrogen ဟော်မုန်းနဲ့ Luteinizing Hormone တွေ မြင့်တက်လာပြီး သားဥလေး စတင်ကြွေလာပါတယ်။ ဒီလို အချိန်မှာ စိတ်ပူပန်တာ၊ စိုးရိမ်တာ တွေ ခံစားရနိုင်သလို အများစုက စိတ်ခံစားချက်တွေ ပြင်းထန်လေ့ရှိပါတယ်။ 

(၃) Luteal Phase 

နောက်တဆင့်ကတော့ ၁၅ ရက်မြောက်ကနေ ၂၈ ရက်မြောက်ဖြစ်ပြီး Luteal Phase လို့ ခေါ်ပါတယ်။ ဒီကာလမှာ Progesterone ဟော်မုန်း ပမာဏ မြင့်တက်လာပြီး Estrogen ဟော်မုန်းကတော့ ကျဆင်းသွားပြီး ဒီအချိန်ရက်ပိုင်းအတွင်းမှာ ဝမ်းနည်းတာ၊ ပင်ပန်းတာ၊ အာရုံစူးစိုက်ရ ခက်ခဲတာ၊ ထိခိုက်လွယ်တာ စတာတွေကို ခံစားရလေ့ ရှိပါတယ်။ ခံစားရတဲ့ လက္ခဏာ ပြင်းထန်မှုဟာ တဦးနဲ့ တဦး မတူညီနိုင်သလို တချို့မှာတော့ ပြင်းထန်တဲ့ ရောဂါဖြစ်တဲ့ Premenstrual Dysphoric Disorder (PMDD) အဆင့်အထိ ခံစားရတာလည်း ရှိပါတယ်။ 

ရာသီစက်ဝန်းနဲ့ Emotional Rollercoaster 

ဒီလိုနဲ့ ရာသီစက်ဝန်းတခု ပြီးဆုံးပြီးနောက် နောက်ထပ် စက်ဝန်းတခု ပြန်အစပြုချိန်မှာလည်း Estrogen နဲ့ Progesterone ဟော်မုန်းနှစ်ခုလုံးက အနိမ့်ဆုံး ပမာဏကို ပြန်ကျသွားလေ့ရှိပြီး မောပန်းနွမ်းနယ်တာနဲ့ စိတ်ဓါတ်ကျတာတွေကို တဖန်ပြန်လည် ခံစားရလေ့ရှိပါတယ်။ ဒီလိုမျိုး ရာသီစက်ဝန်းရဲ့ အဆင့်အလိုက် စိတ်ခံစားချက်တွေက အမျိုးမျိုး ပြောင်းလဲလေ့ရှိပြီး ဒါကြောင့်လည်း  ရိုလာကိုစတာ စီးသကဲ့သို့ (Emotional Rollercoaster) ခံစားရတယ်လို့ တင်စားလေ့ရှိကြတာ ဖြစ်ပါတယ်။ 

ရာသီစက်ဝန်းအတွင်း စိတ်ခံစားချက်တွေကို လျော့ပါးသက်သာနည်း 

ရာသီစက်ဝန်းကာလဟာ ပုံမှန်အားဖြင့် ၂၈ ရက်ကနေ ၃၀ ရက်အထိ ကြာလေ့ရှိပြီး ဒီကာလအတွင်းမှာ ခံစားချက်တွေက မျိုးစုံ ပြောင်းလဲနိုင်သလို တခါတရံ ထိန်းချုပ်ရခက်ခဲတဲ့ အချိန်တွေမှာ နေ့စဥ်လုပ်ငန်းဆောင်တာ ထိခိုက်တာ၊ ပေါင်းသင်းဆက်ဆံရေး အခက်အခဲ ရှိလာတာ၊ ပျော်ရွှင်မှု နည်းပါးလာတာ စတာတွေ ခံစားရလေ့ရှိပါတယ်။ ဒီလို ရာသီစက်ဝန်းကြောင့် စိတ်ခံစားချက် ပြင်းထန်တာကို သက်သာစေဖို့ အတွက်ဆိုရင် အနားယူချိန် အပြည့်အဝလိုအပ်သလို နေ့စဥ် စားသုံးတဲ့ အစားအစာအာဟာရ ပြည့်ဝမျှတဖို့ကလည်း များစွာ အရေးပါပါတယ်။ တခြားနည်းလမ်းတွေအနေနဲ့  ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ယောဂကျင့်တာ၊ စိတ်ဖိစီးမှုကင်းဝေးအောင် တရားထိုင်တာ၊ ဝါသနာပါတာအတွက် အချိန်ပေးတာ ၊ လုံလောက်စွာ အိပ်စက်တာ၊ သဘာဝနဲ့ ထိတွေ့တာ စတဲ့ နည်းလမ်းတွေ ပြုလုပ်ပေးလို့ရပါတယ်။

တကယ်လို့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေက ပြင်းထန်တယ်၊ ကိုယ်တိုင် ထိန်းချုပ်ရခက်ခဲတယ်ဆိုရင် ကျွမ်းကျင်တဲ့ စိတ်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်တာ၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှုများ ပြုလုပ်တာ စတာတွေ လိုအပ်နိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *