Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

အမျိုးသမီးများ အသက် ၄၅-၅၅ နှစ်ကြားတွင် ခန္ဓာကိုယ်တွင်းရှိ အမျိုးသမီးဟော်မုန်း အီစထးရိုဂျင် Oestrogen နှင့် Progestrone ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းလာပြီး လစဉ်ရာသီစက်ဝန်း ပုံမှန်မလာတော့ဘဲ ရပ်တန့်သွားခြင်းကို သွေးဆုံးခြင်း Menopause လို့ ခေါ်ဆိုပါတယ်။ သွေးဆုံးခါနီးကာလများနှင့် သွေး​ဆုံးပြီးတဲ့ အချိန်မှာ ဟော်မုန်းပမာဏ အတက်အကျ ပြောင်းလဲမှုများကြောင့် ခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ  ဝေဒနာခံစားရတာတွေ ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်တွင် ခံစားရသည့် လက္ခဏာများကို ဂရုပြုမိတတ်ကြသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဝေဒနာများကိုမူ သတိမပြုမိဘဲ နေတတ်ပါတယ်။

           စိတ်ခံစားချက် ပြောင်းလဲမှုမြန်ပြီး Mood Lability စိတ်အတက်အကျ မြန်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း Irritability၊ စိတ်ဓါတ်ကျလွယ်ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် စိတ်ပါဝင်စားမှု လျော့နည်းလာခြင်း၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများခြင်း၊ ညဖက်အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ သတိမေ့​လွယ်ခြင်း ( Foggy Brain )၊ လူမှုဆက်ဆံရေးတွင် အဆင်မပြေ၊ ကတောက်ကဆ ပြဿနာများ ကြုံတွေ့ရခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ခံစားရတတ်ပါတယ်။ 

          သွေးဆုံးချိန်တွင် ပြောင်းလဲတတ်သော စိတ်အခြေအနေကြောင့် မိမိတွင် နဂိုမူလအခံရှိနေသည့် စိတ်ကျရောဂါ Depression၊ စိတ်ကျစိတ်ကြွရောဂါ Bipolar disorder၊ စိုးရိမ်မှုလွန်ကဲသော Anxiety disorder ရောဂါ စသည့် စိတ်ကျန်းမာရေး အခြေအနေများ ပို၍ပြင်းထန် လာတတ်သည်ကိုလည်း သတိပြုသင့်ပါတယ်။ အာရုံစူးစိုက်မှု ကျဆင်းခြင်း၊ ရေတိုမှတ်ဥာဏ်ပိုင်း ထိခိုက်ခြင်း Short Term Memory Loss စသည့် မှတ်ဥာဏ်နှင့်ဆိုင်သည့် လက္ခဏာများကိုလည်း သွေးဆုံးချိန်တွင် ခံစားရလေ့ရှိတတ်ကြပါသည်။

        ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဒနာများ၊ အသက်အရွယ် ကြီးလာခြင်းနှင့် အခြားလူမှုရေး၊ မိသားစုရေးရာ ပြဿနာများကြောင့် ညဖက်ကောင်းမွန်စွာ အိပ်စက်၍ မရခြင်းသည်လည်း သွေးဆုံးချိန် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို အဓိကလွှမ်းမိုးသော အချက်တစ်ချက်ဖြစ်ပါသည်။ 

      အထက်ပါ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဟာ လပေါင်းများစွာမှ နှစ်အထိရှည်ကြာ ခံစားရနိုင်ပြီး  ပြင်းထန်လာတာနဲ့အမျှ မိသားစုဆက်ဆံရေး၊ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး စသည့် ကဏ္ဍများတွင် ကြီးမားသော ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် သွေးဆုံးခါနီးအချိန် ဖြစ်တတ်သော ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သိရှိနားလည်ထားပြီး စိတ်ကိုကြိုတင်ပြင်ဆင်ကာ၊ မိသားစု၊ မိတ်ဆွေများ၏ အကူအညီဖြင့် ရင်ဆိုင်ဖြေရှင်းသင့်ပါသည်။

        စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်း counseling၊ သိမြင်မှုဆိုင်ရာ ပြောင်းလဲခြင်းကုထုံး Cognitive Behavioral Therapy အသုံးပြု၍ ကုသမှု ခံယူခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ဟော်မုန်းဖြည့်စွက်ဆေးများ၊ စိတ်ကျရောဂါ ကုသဆေးများ Antidepressants စသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာ သက်သာစေတဲ့ ဆေးများ အသုံးပြုပြီး ကုသမှု ခံယူနိုင်ပါတယ်။ အမျိုးသမီးများ သွေးဆုံးချိန်တွင် ၂၃ ရာခိုင်နှုန်းခန့်ဟာ စိတ်ကျန်းမာရေး ပြောင်းလဲမှုတွေ ခံစားရလေ့ရှိကြတာကြောင့် အလေးထားပြီး ဂရုစိုက်သင့်တဲ့ အခြေအနေဖြစ်ကြောင်း ရေးသားမျှဝေလိုက်ရပါတယ်။ 

ဖုန်းနံပါတ် ☎️: 09-5131873 သို့ရုံးချိန်အတွင်းဖြစ်စေ၊ https://app.callmetoday.org/book ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို online counseling ရယူနိုင်ပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *