Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

လူတိုင်း လူတိုင်းမှာ ပင်ကိုယ်စွမ်းရည်၊ အားသာချက်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ့်ကိုကိုယ် နားလည်နိုင်စွမ်းတွေ ရှိကြပြီး ဒီအရာတွေက ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုစားနိုင်တယ်လို့ စိတ်ပညာအားဖြင့် လက်ခံထားတဲ့ သီအိုရီ တွေ ရှိပါတယ်။ ဒီ သီအိုရီကို အသုံးပြုတဲ့ ကုထုံးကို လူသား အခြေပြု စိတ်ပညာကုထုံး တနည်းအားဖြင့် Person Centered Therapy လို့ ခေါ်ပါတယ် 

ဒီ Person Centered Therapy ကုထုံးကို ၁၉၅၀ လောက်ထဲက အသုံးပြုခဲ့တာ ဖြစ်ပြီး ဒီကုထုံးအတွင်းမှာ စိတ်ပညာရှင် အနေနဲ့ ကုသမှုခံယူသူ ရဲ့ ကိုယ်တိုင်ပြောင်းလဲနိုင်စွမ်းနဲ့ ကိုယ်ပိုင်အရည်အသွေးတွေကို ဖော်ပြနိုင်မယ့် ပတ်ဝန်းကျင်တခုကို အတူဖန်တီးပေးတာ ဖြစ်ပါတယ်။ ဒီ ကုထုံးကို စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကိုယ့်ကိုယ့်ကို ယုံကြည်မှု ကျဆင်းခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စိတ်ဒဏ်ရာ၊ ဆေးစွဲခြင်းအပြင် Relationship ပြဿနာတွေ အတွက်ပါ အသုံးပြုလေ့ ရှိကြပါတယ်။ 

Person Centered Therapy ရဲ့ ထူးခြားတဲ့ လက္ခဏာများ 

(၁) စစ်မှန်ခြင်း (Congruence) 

ဒီကုထုံးမှာ စိတ်ပညာရှင်နဲ့ ကုသမှု အကြားမှာ ရိုးသားပွင့်လင်းမှု၊ စစ်မှန်မှုကို ဦးစားပေး အခြေခံထားတာ ဖြစ်ပြီး တန်းတူ ညီမျှခြင်းနဲ့ အပြန်အလှန် ယုံကြည်မှု ရှိခြင်းတွေကို တည်ဆောက်ကြလေ့ ရှိပါတယ်။ စိတ်ပညာရှင် အနေနဲ့လည်း ပညာရှင် ဆိုတာထက် client ရဲ့ လက်ရှိအခြေအနေကို အလုံးစုံ အပြည့်အဝ နားလည်သူက client သာ ဖြစ်ကြောင်း လက်ခံထားလေ့ ရှိပါတယ်။ 

(၂) စာနာနားလည်ခြင်း (Empathetic Understanding) 

Person Centered Therapy ဟာ စိတ်ပညာရှင်နဲ့ လက်ခံသူ အကြား ကောင်းမွန်တဲ့ Therapeutic Relationship ကို တည်ဆောက်ဖို့ အရေးကြီးတာကြောင့် စာနာနားလည်ခြင်း ရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကုသမှု ခံယူသူရဲ့ လက်ရှိ ခံစားချက်နဲ့ အတွေ့အကြုံတွေကို စိတ်ပညာရှင် ကုသသူဘက်ကနေ ခံစားကြည့်ပေးတာဟာ ကုသမှုကို ပိုထိရောက်စေမှာ ဖြစ်ပါတယ်။ 

(၃) စိတ်ပါဝင်စားစွာ နားထောင်ပေးခြင်း (Active Listening) 

Person Centered Therapy မှာ စိတ်ပညာရှင် ကုသပေးသူ အနေနဲ့ client ရဲ့ လုပ်ဆောင်ချက်နဲ့ ခံစားချက်တွေကို စိတ်ပါဝင်စားစွာ နားထောင်ပေးခြင်းအပြင် နားထောင်ပြီးနောက် ပြန်လည် သုံးသပ်ခြင်း (Reflective Listening) ကိုပါ လုပ်ဆောင်ပေးလေ့ ရှိပါတယ်။ ဒါဟာလည်း နှစ်ဦးကြား ဆက်ဆံမှုကို အပြုသဘောဆန်တဲ့ ဘက်ကို သွားစေသလို ရင်းနှီးမှုကိုလည်း တိုးစေနိုင်ပါတယ်။ 

(၄) ဝေဖန်ခြင်း မရှိပဲ လက်ခံပေးခြင်း (Unconditional positive regard) 

Person Centered Therapy ရဲ့ အရေးပါတဲ့ အချက် တခုကတော့ client ရဲ့ ခံစားချက်၊ အမြင်တွေနဲ့ အတွေ့အကြုံ၊ အပြုအမူတွေကို ကောင်းခြင်း ဆိုးခြင်း စသဖြင့် အပြစ်တင် ဝေဖန်ခြင်း မရှိပဲ လက်ခံလေးစားနားလည်ပေးခြင်း ဖြစ်ပါတယ်။ ဒါဟာ အပြန်အလှန် လေးစားယုံကြည်မှုကို တိုးစေသလို နွေးထွေး လုံခြုံတဲ့ နေရာတခုကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ 

(၅) လက်တွေ့ကို အခြေခံခြင်း 

Person centered Therapy ကုထုံးဟာ များသောအားဖြင့် အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာ ခံစားချက်တွေကို ဦးတည်တာမဟုတ်ပဲ လက်ရှိ ခံစားချက်၊ အတွေးနဲ့ လက်တွေ့ခံစားရတဲ့ အတွေ့အကြုံ တွေကို အခြေခံပြီး ကုသခြင်း ဖြစ်တာကြောင့် ပစ္စုပ္ပန်ကို ဦးတည်တဲ့ ကုထုံးလို့ ပြောနိုင်ပါတယ်။ 

Person Centered Therapy ရဲ့ ကောင်းကျိုးများ 

(၁) တစ်ကိုယ်ရေ တိုးတက်မှုကို အားပေးခြင်း 

Person Centered Therapy ကုထုံးဟာ တဦးချင်းစီရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်နိုင်စွမ်းကို အားပေးတာဖြစ်လို့ တစ်ကိုယ်ရေ တိုးတက်ခြင်းကို သိသိသာသာ ထိရောက်စေတဲ့ နည်းလမ်းတခုလို့ ပြောနိုင်ပါတယ်။ Client ဟာ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ ပတ်သက်ပြီး အကျွမ်းကျင်ဆုံးသူဖြစ်လို့ ကိုယ်ပိုင်အတွေးနဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင် ပြန်သုံးသပ်နိုင်ဖို့ ကူညီပေးမှာ ဖြစ်တယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ တာဝန်ယူနိုင်မှုကို မြင့်တက်စေမှာ ဖြစ်ပါတယ်။ 

(၂) စာနာစိတ် မြင့်မားခြင်း 

အထူးသဖြင့် client အပေါ်မှာ စာနာစိတ်နဲ့ နားလည်စိတ်ကို အဓိက မွေးမြူဖြစ်တဲ့ ကုထုံး ဖြစ်တာကြောင့် စာနာစိတ် မြင့်မားလာစေနိုင်သလို အချင်းချင်းရဲ့ ယုံကြည် မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

(၃) ချိတ်ဆက်မှု အားကောင်းခြင်း 

Person Centered Therapy ကုထုံးဟာ တခြားကုထုံးတွေထက် Therapeutic Relationship လို့ခေါ်တဲ့ ကုသသူနဲ့ ခံယူသူကြား ချိတ်ဆက်မှုကို ပိုအားကောင်းစေပါတယ်။ ဒီလို ချိတ်ဆက်မှု အားကောင်းလေလေ ကုသမှုတွေက ပိုထိရောက်လေလေ ဖြစ်တာကြောင့် ရလဒ်တွေကိုလည်း ကောင်းမွန်စေပါတယ်။

Person Centered Therapy ရဲ့ ကန့်သတ်ချက်တချို့ကတော့ ဒီကုထုံးဟာ သတ်မှတ်ထားတဲ့ ပုံစံ အတိအကျ စည်းမျဉ်းတွေနဲ့ သွားတာမျိုးထက် client ရဲ့ အခြေအနေနဲ့ လိုက်ပါ လုပ်ဆောင်မှုအရ ချိတ်ဆက် ကုသခြင်း ဖြစ်တာကြောင့် ပုံစံတကျ ကုထုံးတွေနဲ့ အနည်းငယ် ကွဲပြားမှု ရှိပါတယ်။ ဒါ့အပြင် ဒီကုထုံး ဟာ ပြင်းထန်တဲ့ စိတ်ရောဂါတွေအတွက် တခါတရံမှာ အသုံးပြုဖို့ရာ ခက်ခဲနိုင်တယ်။ ဒီကုထုံးအတွင်းမှာ client အနေနဲ့ အစအဆုံး စိတ်ပါဝင်စားစွာ ကိုယ်တိုင်ပြောင်းလဲ လိုစိတ်နဲ့ ပါဝင်ဖို့ လိုအပ်ပါတယ်။ 

အချုပ်အားဖြင့် Person Centered Therapy ကုထုံးဟာ တစ်ဦးစီအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်လို လက်ခံပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတယ် ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး ကုသတာ ဖြစ်လို့  ကိုယ်တိုင်ရဲ့ အကောင်းဆုံး ဖြစ်တည်မှု ကို ဖော်ထုတ်ပေးနိုင်သလို အနာဂတ်မှာလည်း အကောင်းဘက်ကို သွားတဲ့ ပြောင်းလဲမှုတွေကို  ဖြစ်စေနိုင်တဲ့ ကုထုံးတခုဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။ 

သင့်အနေနဲ့ Person Centered Therapy ကုထုံး အပါအဝင် တခြားသော ကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလိုတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *