Search on this blog

Search on this blog

Need Help?

+959 513 1873

image
image

စိတ်ကျဝေဒနာ ခံစားရတဲ့အခါ နောက်ဆက်တွဲ ပြဿနာနဲ့ ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် အချိန်မှီ ကုသဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် စိတ်ကျခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ နဲ့ လက္ခဏာတွေ သက်သာစေဖို့ သင့်တော်မယ့် နည်းလမ်းရှာဖွေဖို့အတွက်ဆိုရင် စိတ်ကျဝေဒနာ ခံစားနေရသူတွေအတွက် လိုအပ်တဲ့ ကုသမှုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်ကျဝေဒနာအတွက် ကုထုံးတွေရဲ့ အရေးပါပုံကို မျှဝေပေးချင်ပါတယ်။ 

(၁) သိမှု အပြုအမူဆိုင်ရာ ကုထုံး (Cognitive Behavioral Therapy (CBT)) 

သိမြင်မှုနဲ့ အပြုအမူဆိုင်ရာ ကုထုံး (CBT) ဟာ စိတ်ပညာနဲ့ ပတ်သက်တဲ့ အသုံးများတဲ့ ကုထုံးတခုဖြစ်သလို စိတ်ကျဝေဒနာ ကုသရာမှာလည်း ရလဒ်ကောင်းတွေ ပေးနိုင်တဲ့ သာဓကတွေများစွာ ရှိပါတယ်။ အထူးသဖြင့် အဆိုးဘက်ကိုသွားတဲ့ အတွေးတွေ မကောင်းမြင်စိတ်တွေဟာ စိတ်ကျဝေဒနာကို ပိုဖြစ်စေတာကြောင့် အတွေးတွေကို ပြောင်းလဲဖို့ ၊ အကောင်းမြင်စိတ်ထားတတ်အောင် သင်ယူဖို့ လေ့ကျင့်ရာမှာ CBT နည်းလမ်းက ထိရောက်တာကို တွေ့ရပါတယ်။ 

ဥပမာအားဖြင့် Mindfulness ကို အသုံးပြုပြီး စိတ်တည်ငြိမ်အောင် ၊ Self awareness ပိုကောင်းအောင် လေ့ကျင့်တာ၊ တခြားသူများနဲ့ ပျော်စရာအချိန်တွေကို ကုန်ဆုံးရင်း စိိတ်ကျဝေဒနာကို သက်သာလျော့ပါးစေတာ၊ အတွေးတွေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့အတွက် နည်းလမ်းရှာဖွေတာတွေဟာ CBT နည်းလမ်းနဲ့ ကုသခြင်းတွေ ဖြစ်သလို စိတ်ကျဝေဒနာအတွက် အသုံးဝင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ 

(၂) Interpersonal Therapy (IPT) 

Interpersonal Therapy ဟာ Talk Therapy လို့ပြောတဲ့ စကားပြောကုထုံးရဲ့ အမျိုးအစားတခုဖြစ်ပြီး စိတ်ကျဝေဒနာ ကုသရာမှာ အသုံးများတဲ့ ကုသနည်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ကျဝေဒနာနဲ့ ဆက်စပ်နေတဲ့ Relationship ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဆိုရင် ဒီနည်းလမ်းကို အသုံးပြုကြလေ့ရှိပါတယ်။ Interpersonal Therapy မှာဆိုရင် စိတ်ကျဝေဒနာဟာ Relationship နဲ့ ပတ်သက်နေတယ် ဒါ့ကြောင့် အချင်းချင်းကြားက ပေါင်းသင်းဆက်ဆံရေးကို တိုးတက်အောင် နည်းလမ်းရှာဖွေမယ် ဆိုတဲ့ အချက်ကို ဦးတည်ထားတာ ဖြစ်ပါတယ်။ 

Interpersonal Therapy ရဲ့ အစပိုင်းမှာ စိတ်ပညာကျွမ်းကျင်သူဟာ စိတ်ကျဝေဒနာ ခံစားနေရသူရဲ့ လက်ရှိ လက္ခဏာတွေကို ဆန်းစစ်ပြီး ထိုသူရဲ့ Relationship အခြေအနေနဲ့ စိတ်ကျဝေဒနာ ဆက်စပ်မှု ရှိမရှိကို အတူတကွ အဖြေရှာကြမှာဖြစ်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရှာဖွေကြရတာ ဖြစ်ပါတယ်။ Interpersonal Therapy ဟာ အများစုအတွက် သင့်တော်တဲ့ ကုထုံးတခု ဖြစ်သလို ကြေကွဲဝမ်းနည်းမှုနဲ့ ပတ်သက်တဲ့ စိတ်ကျဝေဒနာတွေနဲ့ အမျိုးသမီးတွေ ကလေးမွေးပြီးနောက် ကြုံတွေ့ရတဲ့ စိတ်ကျဝေဒနာ (Postpartum Depression) မှာလည်း အသုံးများပါတယ်။ 

(၃) Psychodynamic Therapy 

အတိတ်က အတွေ့အကြုံတွေနဲ့ မသိစိတ်က လွှမ်းမိုးနေတဲ့ ခံစားချက်တွေကို ဖော်ထုတ်တဲ့အခါမှာ အသုံးဝင်တဲ့ ကုထုံးကတော့ Psychodynamic Therapy ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ Self awareness လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် သိမြင်စိတ်ကို ပိုအားကောင်းစေသလို ခံစားချက်တွေကို သတိပြုမိစေတာကြောင့် စိတ်ကျဝေဒနာရဲ့ အကြောင်းရင်းကို ရှာဖွေရာမှာ များစွာ ထိရောက်တဲ့ ကုထုံးတခု ဖြစ်ပါတယ်။ 

Psychodynamic Therapy ကို အသုံးပြုခြင်းဟာ စိတ်ကျဝေဒနာ နောက်တခါ ပြန်မဖြစ်စေဖို့အတွက်ကိုလည်း ကာကွယ်ပေးနိုင်သလို စိတ်ကျဝေဒနာ ခံစားနေရသူအများစုက ရွေးချယ်ဖြစ်ကြတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို အသုံးပြုတဲ့အခါမှာ  အချိန်ယူဖို့ လိုသလို ကုသသူ ကိုယ်တိုင်က အတွေ့အကြုံများများ ရှိထားဖို့၊ ကျွမ်းကျင်မှု ရှိဖို့ အရေးကြီးပါတယ်။ 

ဒီလို ကုထုံးတွေအပြင် စိတ်ကျဝေဒနာရဲ့ အနေအထား၊ ခံစားနေရသူရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေနဲ့ ကုသသူရဲ့ ကျွမ်းကျင်မှု စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး တခြားသင့်တော်တဲ့ ကုထုံးတွေလည်း များစွာ ရှိပါသေးတယ်။ ဆက်လက်ပြီး စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး ကုသမှု ခံယူတဲ့အခါမှာ ကြိုတင် မျှော်မှန်းထားသင့်တဲ့အရာတွေကို မျှဝေပေးချင်ပါတယ်။ 

ပထမဆုံး ကုသမှုကို စတင်ချိန်မှာ ကုသတဲ့ ပညာရှင်အနေနဲ့ သင့်ရဲ့ လက်ရှိ လက္ခဏာများ၊ သင့်ရဲ့ ရာဇဝင်နဲ့ ဒီကုသမှုကနေ သင်မျှော်မှန်းထားတဲ့အရာတွေကို မေးမြန်းမှာ ဖြစ်ပါတယ်။ နှစ်ဦးကြား ပိုမိုရင်းနှီးမှု ရစေရန်အတွက် မေးခွန်းတွေ မေးမြန်းတာ ၊ အပြန်အလှန် ရင်းရင်းနှီးနှီး စကားပြောတာကနေ တဆင့် သင့်ရဲ့ လက်ရှိအခြေအနေကို ဆန်းစစ်မှာ ဖြစ်ပါတယ်။နောက်တဆင့်အနေနဲ့ ဒီကုသမှုကနေ သင်လိုချင်တဲ့ ပန်းတိုင်တွေကို ရှင်းလင်းစွာ သိနိုင်ဖို့အတွက် ပန်းတိုင်တွေကို နှစ်ဦးသား အတူတူ သတ်မှတ်ရမှာ ဖြစ်ပြီး ဒီအဆင့်ကလည်း ကုသမှုရဲ့ အရေးပါတဲ့ အဆင့်တခု ဖြစ်ပါတယ်။ 

ကုသမှု ခံယူသူအနေနဲ့ ကုသမှု တောက်လျှောက်မှာ ချိန်းဆိုမှုတွေကို ပုံမှန်လာရောက်ဖို့ လိုသလို လိုအပ်တဲ့ လေ့ကျင့်မှုတွေကိုလည်း လိုက်ပါလုပ်ဆောင်ဖို့ လိုမှာ ဖြစ်ပါတယ်။ စိတ်ကျဝေဒနာကို ကုသရာမှာ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ လက္ခဏာပြင်းထန်မှုအရ အချိန်ပေးဖို့ လိုအပ်မှာ ဖြစ်ပြီး အချိန်တိုအတွင်းမှာ သိသာတဲ့ရလဒ် မရတာလည်း ဖြစ်နိုင်တာကြောင့် စိတ်ရှည်ဖို့ လိုပါတယ်။ တခါတရံမှာ အခုပြောခဲ့တဲ့ စိတ်ပညာကုထုံးတွေအပြင် စိတ်ကျရောဂါကုဆေးဝါးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်အရ သုံးစွဲဖို့ လိုအပ်နိုင်ပါတယ်။ 

သင့်အနေနဲ့ စိတ်ကျဝေဒနာနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

? : https://app.callmetoday.org/book

☎️: 09-5131873

#CallMeToday

#ItIsOkToCallMeToday

#counseling 

#therapy

Leave a Reply

Your email address will not be published. Required fields are marked *