Search on this blog

Search on this blog

anger violence

ဒေါသကို ထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့အခါမှာ စိတ်ခံစားချက်တွေ ပြင်းထန်နိုင်တာကြောင့် ကျိုးကြောင်းဆင်ခြင်မှု အားနည်းနိုင်ပါတယ်။ ဒီအချိန်မှာ  ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ကိုပါ အန္တရာယ်ရှိစေတဲ့ အပြုအမူတွေ ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုနဲ့ပဲ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်နိုင်သလို နောင်တရစေမယ့် ဖြစ်ရပ်တွေကို ကျုးလွန်မိနိုင်တာကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ 

(၁) သတိပေး လက္ခဏာတွေကို ထိန်းချုပ်ပါ  

ဒေါသရဲ့ သက်ရောက်မှုကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနိုင်ပါတယ်။ နှလုံးခုန်နှုန်းမြန်တာ၊ ချွေးစေးပြန်တာ၊ ခန္ဓာကိုယ် ပူတာ စတာတွေ ဖြစ်နိုင်တဲ့အပြင် စိတ်ရှုပ်ထွေးပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ရ ခက်ခဲလာနိုင်ပြီး အသံပိုကျယ်လာမယ်၊ ရန်လိုတဲ့ အမူအရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ လက္ခဏာတွေကို သတိပြုမိပြီး ထိန်းချုပ်နိုင်မယ်ဆိုရင် ဒေါသရဲ့ ပြင်းထန်မှုနဲ့ နောက်ဆက်တွဲ အခြေအနေတွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ 

(၂) ဒေါသကို ပိုဆိုးစေတဲ့ အရာတွေကို ရှောင်ကြဥ်ပါ 

လူတိုင်းမှာ ကိုယ်မကြိုက်တဲ့အရာ၊ စိတ်ခံစားချက်ကို ပိုဆိုးစေမယ့် လှုံ့ဆော်မှု တခုခု ရှိနေနိုင်ပါတယ်။ ဒီအရာတွေကို ကိုယ်တိုင်က အသိဆုံးဖြစ်တာကြောင့် ဒေါသထွက်နေချိန်မှာ ရှောင်သင့်ပါတယ်။ ဥပမာအားဖြင့် ဒေါသကြောင့် စိတ်ရှုပ်ထွေးနေချိန်မှာ ကိုယ့်နဲ့ အဆင်မပြေသူတစ်ယောက်ယောက် နဲ့ အချေအတင်စကားပြောတာဟာ ဒေါသကို ပိုပြီး ပြင်းထန်စေပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ စိတ်လက်မာန်ပါ မပြုမူမိအောင် စိတ်တည်ငြိမ်စေမယ့် နည်းလမ်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ 

(၃)  အနားယူချိန် ပေးပါ 

ဒေါသထွက်နေချိန်မှာ စိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ခဏလောက် အနားယူလိုက်တာက ထိရောက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်သွားအောင် အသက်ကို ရှုသွင်း ရှုထုတ်လုပ်လိုက်မယ်၊ စာဖတ်တာ၊ သီချင်းညည်းတာလိုမျိုး ကိုယ့်စိတ်ကို သက်သာရာရအောင် လုပ်မယ်၊ သဘာဝ ရှုခင်းတွေကြည့်ပြီး စိတ်ကို ကြည်နူးအောင် နေမယ် ဆိုရင် ဒေါသကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေတွေလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။ 

(၄) ကိုယ်ချင်းစာစိတ်မွေးပါ 

ဒေါသစိတ် ခံစားရချိန်မှာ စိတ်တို ၊ စိတ်ဆိုးတာတွေနဲ့ သနားကြင်နာမှုတွေ လျော့ပါးတတ်ပြီး ကိုယ်ချင်းစာစိတ်လည်း နည်းပါးလာတတ်ပါတယ်။ ဒါ့ကြောင့် ဒီလို အခြေအနေမှာ ကိုယ်ချင်းစာစိတ်ထားတတ်အောင် အတွေးတွေကို ပြောင်းလဲခြင်းက ဒေါသကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ငါလည်း သူ့နေရာမှာသာဆို ဒီလို ပြောမိနိုင်တာပဲ၊ စိတ်ထဲမထားတော့ပါဘူး၊ စသဖြင့် စိတ်ကို ပြင်ဆင်ထိန်းချုပ်နိုင်ပြီး ကိုယ်ချင်းစာတတ်ဖို့ လိုပါတယ်။ 

(၅) စည်းဘောင်တချို့ ထားရှိပါ 

တခါတရံမှာ တချို့သော ဒေါသစိတ်တွေဟာ တခြားသူတွေရဲ့ အပြုအမူ၊ အပြောအဆို ကျုးလွန်မှုတွေကြောင့် ဖြစ်တတ်လေ့ ရှိပြီး ဒါကို တားဆီးဖို့ဆိုရင် စည်းဘောင်တချို့ ထားရှိတတ်ဖို့ အရေးကြီးပါတယ်။ တခြားသူရဲ့ စိတ်ခံစားချက်နဲ့ ပူလောင်မှုတွေ ကိုယ့်ဆီ မကူးစက်မိအောင် စည်းဘောင် ထားရှိခြင်းအားဖြင့် ထိန်းချုပ်ဖို့ လိုပါတယ်။ ဒါဟာ ဒေါသရဲ့ ပြင်းထန်မှုနဲ့ နောက်ဆက်တွဲကို တားဆီးနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဒေါသရဲ့ သက်ရောက်မှုဟာ ကိုယ်ထိလက်ရောက် ကျုးလွန်မှုအပြင် တခါတရံမှာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ပြုမူမိတတ်ကြပါတယ်။ ဒါကို ကြိုတင်တားဆီးနိုင်ဖို့အတွက် အရေးကြီးတာက self-awareness (ကိုယ့်ကိုကိုယ် သိရှိမှု) အားကောင်းစေဖို့ လိုအပ်သလို အခုပြောခဲ့တဲ့ နည်းလမ်းတွေက အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။ 

တကယ်လို့ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *