Search on this blog

Search on this blog

psychology vs psychiatry

စိတ်ပညာ (Psychology) ကို အခုနောက်ပိုင်း လူအများစု စိတ်ဝင်စားလေ့လာလာကြသလို Psychology နဲ့ ပတ်သက်တဲ့ ကုထုံးတချို့ကလည်း တချို့လူတွေအတွက် မစိမ်းတဲ့အရာတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် တချို့ကလည်း Psychology လို့ခေါ်တဲ့ စိိတ်ပညာနဲ့ Psychiatry ဆိုတဲ့ စိတ်ရောဂါကုသမှု  ပညာနှစ်ခုကို မကွဲပြားကြတာလည်း ရှိနေတာကြောင့် စိတ်ပညာကုထုံး နှစ်ခုရဲ့ ခြားနားချက်တချို့ကို ဒီကနေ မျှဝေပေးချင်ပါတယ်။ 

စိတ်ပညာအကြောင်း ရှင်းလင်းချက် 

စိတ်ပညာ (Psychology) ဘာသာရပ်က လူသားတွေရဲ့ စိတ်ခံစားချက် ၊ စိတ်နဲ့ အပြုအမူဆက်စပ်မှု၊ စိတ်ခံစားချက်အရ တွေးခေါ်မှု စတာတွေကို လေ့လာတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ စိတ်ပညာကို လူတိုင်းလေ့လာနိုင်သလို လက်တွေ့လည်း အသုံးချနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပညာကို အခြေခံတဲ့ ကုသမှုတချို့ ဖြစ်တဲ့ Talk Therapy (စကားပြောကုထုံး) ၊ Behavioral Therapy (အပြုအမူဆိုင်ရာ ကုထုံး) စတဲ့ ကုသမှုတွေကိုတော့ စိတ်ပညာကို အထူးပြုလေ့လာထားတဲ့ ပညာရှင်တွေကသာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ 

စိတ်ပညာဘာသာရပ်မှာလည်း တခြားသော ဘာသာရပ်အခွဲများစွာ ရှိသလို ဥပမာအားဖြင့် Clinical Psychology ၊ Counseling Psychology ၊ Social Psychology နဲ့ Neuropsychology စသဖြင့် များစွာ ရှိပါတယ်။ ဒါပေမယ့် စိတ်ပညာရှင် (Psychologist) တွေဟာ ဆရာဝန်တွေ မဟုတ်ကြသလို ဆေးပေးခြင်း၊ ဆေးညွှန်းခြင်း၊ ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကုသတဲ့ ပညာရှင်တွေ မဟုတ်ကြပါဘူး။ စိတ်ပညာအားဖြင့် သီအိုရီတချို့ကို အသုံးပြုပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို သက်သာလျော့ပါးအောင် ကုသသူတွေ ဖြစ်ကြပါတယ်။ 

စိတ်ရောဂါကုသမှုပညာအကြောင်း ရှင်းလင်းချက် 

Psychiatry လို့  ခေါ်တဲ့ စိတ်ရောဂါကုသမှု ပညာကတော့ Psychiatrists လို့ခေါ်တဲ့ စိတ်ရောဂါကု ဆရာဝန်တွေ လေ့လာတဲ့ ပညာရပ်တခုဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ရောဂါကုသမှုကို ဦးတည်တာ ဖြစ်ပြီး လူနာရဲ့ အခြေအနေအလိုက် ဆေးဝါးနဲ့ ကုသတာ၊ ခွဲစိတ်ကုသတာတွေ ပြုလုပ်ပြီး စိတ်ရောဂါကို ဆေးပညာနဲ့ ပေါင်းစပ်ကာ စနစ်တကျ ကုသတဲ့ အပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သာမန် စိတ်ပညာကို လေ့လာထားတဲ့ ပညာရှင်တွေဟာ Psychiatrist တစ်ယောက်လိုမျိုး ဆေးကုသခြင်းကို ပြုလုပ်လေ့ မရှိကြပါဘူး။  ဆေးကုသခွင့် လိုင်စင်ရရှိထားတဲ့ စိတ်ရောဂါကုဆရာဝန်ကသာ ဆေးဝါးညွှန်းဆိုခြင်းနဲ့ ကုသခြင်းကို ပြုလုပ်ကြတာ ဖြစ်ပါတယ်။ စိတ်ရောဂါကုသတဲ့ ဆရာဝန် (Psychiatrist) တွေဟာ စိတ်ရောဂါတွေကို ရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်းနဲ့ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း ကို ပြုလုပ်ကြတာ ဖြစ်သလို အထူးသဖြင့် စိတ်ပညာနဲ့ ဆေးပညာ ပေါင်းစပ်ထားတဲ့ သီအိုရီ၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့ ကုသကြတာ ဖြစ်ပါတယ်။ 

စိတ်ပညာနဲ့ စိတ်ရောဂါကုပညာရဲ့ ဆက်စပ်မှု 

စိတ်ပညာ (Psychology) နဲ့ စိတ်ရောဂါကုပညာ (Psychiatry) ဘာသာရပ်နှစ်ခုက ကွဲပြားခြားနားမှုတွေ ရှိနေတယ်ဆိုပေမယ့် ဆက်စပ်မှုတွေလည်း များစွာ ရှိနေပါတယ်။ ဥပမာအားဖြင့် တခါတရံမှာ စိတ်ပညာရှင် (Psychologist) တွေ အနေနဲ့ လူနာရဲ့ အခြေအနေအရ စိတ်ပိုင်းဆိုင်ရာ ကုသတဲ့ ဆေးဝါးတွေနဲ့ ကုသဖို့ လိုအပ်တဲ့အခါ (စိတ်ရောဂါကု ဆရာဝန်) Psychiatrist ဆီကို လွှဲပြောင်းကြတာ ရှိပါတယ်။ ဒီလိုမျိုးပဲ တခါတရံမှာလည်း ဆေးဝါးကုသမှုထက် စကားပြောကုထုံး ၊ အပြုအမူကုထုံးနဲ့ နှစ်သိမ့်ဆွေးနွေးခြင်းတွေကို လိုအပ်တဲ့ လူနာတွေအတွက်လည်း စိတ်ရောဂါကုဆရာဝန်မှ တဆင့် စိတ်ပညာရှင်ကို ပြန်လည် လွှဲပြောင်းရတာတွေ ရှိနိုင်ပါတယ်။ တချို့သော လူနာတွေအတွက် ဒီပညာရှင်နှစ်ဦး ပူးပေါင်းပြီး ကုသတဲ့အခါမှ ပိုပြီး ထိရောက်တဲ့ ဖြစ်စဥ်တချို့လည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီပညာရပ် နှစ်ခုက စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ကုသမှုတချို့မှာ ပေါင်းစပ်မှု ရှိနေတယ်လို့လည်း ပြောလို့ ရပါတယ်။ 

ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာက စိတ်ပညာရှင်နဲ့ တွေ့ပြီး ကုသဖို့ လိုသလား၊ စိတ်ရောဂါကုဆရာဝန်ထံမှာ ကုသမှပဲ သိသာမှာလား ဆိုတဲ့ အချက်က စိတ်ပိုင်းဆိုင်ရာ ပြဿနာရဲ့ အခြေအနေပေါ်မှာ မူတည်သလို အဆင့်ဆင့် ဆန်းစစ် လေ့လာပြီး ရောဂါကို ရှာဖွေတဲ့ အပိုင်းနဲ့လည်း များစွာ ဆက်စပ်မှု ရှိနေပါတယ်။ ဒါပေမယ့် ဒီပညာရှင် နှစ်ယောက်မှာ ဆက်စပ်မှုတွေ ရှိနေတာ ဖြစ်တာကြောင့် အခြေအနေအရ လိုအပ်သလို လွှဲပြောင်းကုသခြင်း၊ ပေါင်းစပ်ကုသခြင်းတွေ ပြုလုပ်လေ့ရှိတယ် ဆိုတဲ့ အချက်ကိုတော့ သိထားဖို့လိုပါတယ်။ 

Call Me Today မှာဆိုရင် Psychologist နဲ့ Psychiatrist တွေ စုံလင်စွာ ရှိသလို တခြားသော စိတ်ပညာရပ်တွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ရှိတာကြောင့် သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေခံစားနေရတယ်ဆိုရင် Call Me Today မှတဆင့် ကျွမ်းကျင် ပညာရှင်တွေနှင့် တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *